Thursday, July 16, 2009

မီးစင်ကြည့်ကရင်း မီးလောင်ပြာကျတော့မယ့် စစ်အာဏာရှင်နအဖ

တရားဥပဒေစိုးမိုးမှုမဲ့၊ အာဏာရူးစစ်ဗိုလ်ချုပ်တွေက တရားစီရင်ရေးရဲ့အထက်မှာ အမြဲတမ်းရှိနေတဲ့ လူထုမျက်ကွယ်တရား ရုံးတခုမှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တက်သုတ်ရိုက်စစ်ဆေးနေတဲ့ သတင်းတွေကို နေ့စဉ်ရက်ဆက်နီးပါးကြားရ၊ မြင်ရ၊ စိတ်ဆိုးရ၊ ဒေါသဖြစ်ရ၊ မခံချိ မခံသာဖြစ်ရ၊ အားမလိုအားမရဖြစ်ရတာတွေက ထုံးစံ အတိုင်း ရာနှုံးအများစု ဖြစ်ပြီး ၀မ်းသာအားတက်ရ၊ ကြေနပ် နှစ်သက်ဖြစ်ရတာတွေကတော့ အလွန်နည်းပါးတဲ့ ရာနှုံးမှာပဲ ရှိခဲ့ပါတယ်။

ခုဆို လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှကြောင်းကျိုးဆီလျှော်မှုမှမရှိ၊ တရားဥပဒေနဲ့ညီ ညွတ်မှုမရှိဘဲ ဖမ်းဆီးအကျဉ်းချ ရုံးတင်စစ်ဆေးလာခဲ့တာ နှစ်လ နီးပါးရှိလာခဲ့ပါပြီ။ တရားလိုပြသက်သေတွေကို စစ်ဆေး မေးမြန်းတာတွေ သူတို့ရဲ့အဖြေတွေကိုလည်း အတော်အတန်ကြားခဲ့ပြီးပါပြီ။ ဒါပေမယ့် တဖက်မှာတော့ စွတ်စွဲခံရသူ ဒေါ် အောင်ဆန်းစုကြည်ဘက်က ခေါ်ယူဖို့တင်ပြလာတဲ့ သက်သေတွေကိုတော့ အားလုံးပယ်ချပစ်ခဲ့ပြီး ခွင့်ပြုခံခဲ့ရတဲ့ တဦးတည်း သောသက်သေ လပွတ္တာမြို့နယ်လွှတ်တော်အမတ် ဦးကြည်ဝင်းရဲ့ထွက်ဆိုချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင် ထွက်ဆိုချက်ကိုပဲ ကြားခဲ့ရပါတယ်။ စွတ်စွဲခံရသူဘက်က တင်ပြလာတဲ့ သက်သေတွေကို ဘာဖြစ်လို့ပယ်ချခဲ့တာပါလဲ။ ဘယ် ဥပဒေတွေနဲ့ မညီညွတ်လို့ပါလဲ။

ဘာအကြောင်းပြချက်မှမပေးဘဲ ပယ်ချပစ်ခဲ့တာပါ။ စစ်ဆေးတဲ့အမည်ခံ တရားသူကြီးတွေကတော့ အာဏာရှင်ဗိုလ်ချုပ် တွေက ပယ်ဆိုရင် ပယ်ပြီးသားပါ၊ ချဆိုရင်လည်းချပြီးသားပါ ဆိုတဲ့ ကျောရိုးမဲ့ အထက်ဖားအောက်ဖိ ကိုယ်ကျိုးသက်သက် သမားတွေပါပဲ။ ဒါလည်း အတွေ့အကြုံအသစ်တော့ မဟုတ်ပါဘူး။ ဗိုလ်နေ၀င်းရဲ့မဆလအစိုးရ လက်ထက်ကတည်းက တရားစီရင်ရေးမှာ ဒီလိုပဲဖြစ်ခဲ့တာပါပဲ။ တရားစီရင်ရေးရဲ့အထက်မှာ အာဏာရှင်စစ်ဗိုလ်တွေက စိုးမိုးချယ်လှယ်ခဲ့ကြတာကို သိမှီတွေ့ကြုံခဲ့သူတွေ မေ့ကြလိမ့်အုံးမယ်မဟုတ်ပါဘူး။ ဟောခုတခါ တိုင်းတရားရုံးက ပယ်ချထားတဲ့ သက်သေတွေကို ပြန် ပြီး လက်ခံလိုက်ပြန်ပါပြီ။ မီးစင်ကြည့်ကတဲ့ ကကွက်တခုပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးလျှောက်လဲချက် ပေးပြီးရင် ကြံစည် ထားတဲ့ ကကွက်အတိုင်း ဆက်ကရဲ မကရဲကတော့ စောင့်ကြည့်ရပါလိမ့်မယ်။ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ ထိုင်းနိုင်ငံက တော့ ဒီတကြိမ်မှာအတော်ကြီး ဝေဖန်ပြစ်တင်တောင်းဆိုလာတာ တွေ့ရပါတယ်။ ကျေးဇူးတင်ရပါလိမ့်မယ်။

ခုဆောင်းပါးမတိုင်ခင် နအဖ စစ်အစိုးရရဲ့ သဘာဝနဲ့ သူတို့ရဲ့ကျင့်သုံးနေတဲ့ နည်းပရိယာယ်တွေနဲ့ ပတ်သက်ပြီး မကြာခင် ကပဲ ဆောင်းပါးတချို့ရေးသားတင်ပြခဲ့ပြီးပါပြီ။ နအဖစစ်အစိုးရဟာ မီးစင် ကြည့်ကတဲ့ နည်းကိုသုံးနေပါတယ်လို့ တာဝန်ရှိ ဗိုလ်ချုပ်တွေကိုယ်တိုင်က ၀န်ခံပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ခုလည်း ပြည်တွင်းက ပြည်သူလူထုနဲ့ အာဆီယမ်အပါအ၀င် နိုင်ငံ တကာက ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်မှုရှိသလဲ ဆိုတာကို သူတို့စောင့်ကြည့် အကဲခတ်နေပါတယ်။ အာဆီယမ်ရဲ့ အရင်နဲ့မတူ ဝေဖန်ထောက်ပြ သတိပေးပြောဆိုလာမှုကို တန်ပြန်စွတ်စွဲမှုတွေနဲ့အတူ ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှုအဖြစ် အပြစ်တင်ပယ်ချ တုန့်ပြန်လိုက်သလို လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်တဲ့ စာကိုလည်း ဘာတခုမှလိုက်လျောမှု မလုပ်ဘဲ ၂၀၁၀ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ဆင်ခြေနဲ့ အာခံအံတု လိုက်ပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ပြောရရင် မြန်မာစစ်အာဏာရှင်တွေဟာ အာဆီယမ်ပဋိညဉ် စာချုပ်ရဲ့ အခန်း(၇) အပိုဒ်(၁) ပါ ဒီမိုကရေစီ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့တရားဥပဒေစိုးမိုးမှု၊ အခြေခံလူ့အခွင့်အရေးတွေ ကို မြှင့်တင်အကာအကွယ် ပေးရမယ်ဆိုတဲ့ အချက်ကို ဗြောင်ကျကျနဲ့ ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတာဖြစ်ပါတယ်။

အဲဒီလိုချိုးဖေါက်နေတာကို ပြန်ပြီးတည့်မတ်ပြင်ဆင်မပေးနိုင်တာဟာ ဒေသဆိုင်ရာအဖွဲ့အစည်းကြီးရဲ့ ဦးတည်ချက်တွေကို ဟန်ပြသဘောသာဖြစ်သွားစေပြီး အာဆီယံအဖွဲ့ရဲ့အပြည်ပြည်ဆိုင်ရာ ဆက်စပ်မှုပိုမိုကျယ်ပြန့်လာစေရေးကိုလည်း အားပျော့ သွားစေပါတယ်။ အာဆီယံအဖွဲ့ကြ်ီးရဲ့ပဋိညဉ်စာချုပ်အရ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှုနဲ့ လူမှုယဉ်ကျေးမှုလုံခြုံမှုဆိုတဲ့ ဒေါက်တိုင်ကြ်ီး သုံးခုကို အခြေခံပြီး၂၀၁၅ ခုနှစ် မကုန်ခင်မှာ ညီညွှတ်ပေါင်းစည်းတဲ့ အဖွဲ့ကြီးအဖြစ်ပုံဖေါ်တည်ဆောက်ရေး ဆိုတဲ့ ထည်ဝါခန့်ညားတဲ့ ဦးတည်ချက်တွေကို ခုတကြိမ် မြန်မာနိုင်ငံရဲ့မတော်မတရား အဖြစ်အပျက်က ပထမဆုံး အဓိက ထိုးနှက်ချက်တခုအဖြစ် ပေါ်ပေါက်လာခဲ့ပါပြီ။

ခုအခင်းအကျင်းအရ ပေါ်လွင်နေတဲ့အတိုင်း လူထုဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမတင်မှာ နောက်ထပ်သုံးနှစ်ကနေ ငါးနှစ်အထိအကျဉ်းကျခံရမယ့် အခြေအနေဖြစ်နေပြီလို့ ပြောရပါလိမ့်မယ်။ အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်း တည်ဆောက်ချင်တယ်ဆိုရင်တော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက ပိုပြီးဒီမိုကရေစီ ရှိတဲ့ နိုင်ငံတွေအနေနဲ့ နအဖစစ်အစိုးရရဲ့ အာဆီယံပဋိညဉ်စာတမ်းပါ သတ်မှတ်ချက်တွေကို ဗြောင်ကျကျချိုးဖောက်နေမှုတွေကို ပြန်ပြီး ပြုပြင်တည့်မတ်နိုင်ဖို့ ခိုင်မာတဲ့ ပြစ်ဒဏ်ခတ်အရေးယူမှု အဆင့်တွေကို တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာကတော့ စိုးရိမ်သောက ဖြစ်မိပါကြောင်းဆိုတဲ့ စကားလုံးတွေထက်ပိုပြီး လောက်လောက်လားလားရှိတဲ့ ဝေဖန်ရှုံ့ချ မှုမျိုးနဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ကမ္ဘာ့အလယ်မှာ ရယ်စရာအဖွဲ့ကြီးတခု ဖြစ်မသွားရလေအောင် မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံ အဖြစ်က ယာယီရပ် ဆိုင်းထားတဲ့ အရေးယူမှုမျိုးအထိ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါတွေကို မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်သင့်ခံပြီးဖြစ်တဲ့ အာဆီယံအဖွဲ့ကြီးဘက်က စဉ်းစားလုပ်ဆောင်ပေးရမယ့် ပေးသင့်တဲ့အပိုင်းကို ပြော ပြတာပါ။

တခြား ကမ္ဘာ့အနောက်နဲ့ ဥရောပနိုင်ငံတွေကလွဲလို့ အထူးသဖြင့် အန္ဒိယလို၊ တရုတ်လို နိုင်ငံတွေအနေနဲ့ ကတော့ ဈေးကွက် အရ၊ သဘာဝသယံဇာတပစ္စည်းအရ မြန်မာနိုင်ငံကရမယ့် အကျိုးစီးပွားတွေကိုပဲ အလေးထားပြီး အာဏာရှင်စစ်ဗိုလ်ချုပ် တွေနဲ့ အပေးအယူ လုပ်နေကြတာဖြစ်တဲ့အတွက် စစ်အာဏာရှင်တွေက သူတို့ရဲ့ပြည်သူတွေကို စိတ်ထင်တိုင်း ဖိနှိပ်နိုင် အောင် အားပေးအားမြှောက် လုပ်နေသလိုပါပဲ။ အမေရိကန်နဲ့ဥရောပသမဂ္ဂရဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့အသိုင်း အ၀ိုင်းကို အရေးယူ ဒဏ်ခတ်မှုတွေဟာ အတိုင်းအတာတခုထိ သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်စေပါတယ်။ ဒါကိုလည်း အာဏာရှင်ဗိုလ်ချုပ်တွေရဲ့တုန့်ပြန်တောင်းဆိုတာတွေက မြင်သာထင်ရှားပြသနေပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကအစ ပြင်းထန်တဲ့ စကားလုံးအသုံးအနှုံး မပါရအောင် ဝေဖန်ပြောဆိုနေရ ၊အတွင်းရေးမှူးချုပ်ကိုတောင်မှ မခန့် လေးစား အလုပ်ခံနေရတဲ့ အခြေအနေမျိုး အောက်မှာ စစ်အာဏာရှင်တွေက ကမ္ဘာကို သူတို့က အရေးမစိုက်ပေမယ့် ကမ္ဘာ က သူတို့နဲ့ အလုပ်မလုပ်လို့မရ၊ မဆက်ဆံလို့ မရပါဘူးလို့ ယုံကြည်နေကြတာပါ။ တကယ်လို့သူတို့က အတိုက်အခံတွေကို မဖွယ်မရာ စွတ်စွဲချက်တွေနဲ့ စွဲချက်တင်လိုက်ရင်တောင်မှ ကမ္ဘာက ထုံးစံအတိုင်းဖြစ်ဖြစ်ညစ်ညစ်နဲ့ သူတို့ရဲ့ဆိုနေကျ သီချင်း ဟောင်းကြီးဖြစ်တဲ့ "များစွာ ပူပင်ကြောင့်ကျ ဖြစ်မိပါကြောင်း"ဆိုတဲ့ တုန့်ပြန်မှုကလွဲလို့ တခြား ဘာဖိအားပေးမှုမှ လုပ်လာ လိမ့်မယ် မဟုတ်ဘူးလို့လည်း နားလည်လက်ခံထားကြပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံထားရတာ ဖြစ်ပြီး အဲဒီလိုပါတီရဲ့ ခေါင်းဆောင်တယောက်ဟာ ဘယ်လိုမှ နေအိမ်အကျယ်ချုပ် ချခံရတာမျိုးမဖြစ်သင့်ပါဘူး။ ခုလို နိုင်ငံ တော်အား နှောက်ယှက်ဖျက်ဆီးလိုသူများရန်မှ ကာကွယ်သည့် ဥပဒေနဲ့ တရားစွဲဆိုတာမျိုးကတော့ ဘယ်လိုမှ သည်းခံ ခွင့်လွှတ်ဖို့ မသင့်အောင်ကို ရိုင်းပြကစော်ကားတဲ့ လုပ်ဆောင်ချက်ပါ။ တရားဝင် ဒီမိုကရေစီရွေးကောင်ပွဲတခုမှာ လူထု ထောက်ခံမှု အပြည့်အ၀နဲ့ အနိုင်ရထားတဲ့ ပါတီတခုရဲ့ခေါင်းဆောင်တယောက်ဟာ ဘယ်လိုနည်းနဲ့ နိုင်ငံတော်အား နှောက် ယှက်ဖျက်ဆီးလိုသူ တယောက်ဖြစ်သွားရတာပါလဲ။ သာမန်လူပြိန်း တယောက်ရဲ့ စဉ်းစားတွေးခေါ်မှုလောက်နဲ့တင် ဒါဟာ မှန်တယ်၊ မှားတယ်ဆိုတာ သိသာထင်ရှား ဖြစ်နိုင်ပါတယ်။

ဒါဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးချိန်အထိ ဆက်လက်အကျဉ်းချ ထားလိုတဲ့အတွက် စစ်အာဏာရှင်အစိုးရက မတရားအပြစ်ရှာ တရားစွဲဆို ပြစ်ဒဏ်ချဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပါ တယ်။ ဒါကို ကုလသမဂ္ဂလုံခြုံရေးကောင်စီလို အရေးယူနိုင်တဲ့ အခွင့်အာဏာဏာရှိတဲ့ အဖွဲ့က ထုံးစံအတိုင်း များစွာစိုးရိမ် ပူပန်မိပန်မိပါကြောင်း၊ အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်းလိုက်ပါကြောင်းဆိုတဲ့ အရေးယူအပြစ်ပေးမှုမပါတဲ့ တိုက်တွန်း တောင်းဆိုမှုလောက်ပဲ လုပ်ဆောင်မယ်ဆိုရင်တော့ မိမိတို့ ပြည်တွင်းရေးသာဖြစ်တယ်ဆိုတဲ့ဆင်ခြေနဲ့ နှစ်ပေါင်းများစွာ ကိုယ့် ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေပြီး တိုင်းပြည်ကိုဆင်းရဲတွင်းထဲဆွဲချ အဖက်ဖက်က ပျက်စီး ယိုယွင်းအောင် လုပ်နေတဲ့ စစ်အာဏာရှင်အစိုးရကို ဆက်ပြီး ပြည်သူလူထုကို နှိပ်စက်ညှင်းပမ်းခွင့်၊ ကျွန်ပြုစေခိုင်းခွင့်၊ လူ့အခွင့်အရေးချိုးဖောက်ခွင့် ပေးထားသလို ဖြစ်နေပါလိမ့်မယ်။

ဒီမိုကရေစီချစ်မြတ်နိုးတဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေအနေနဲ့ ခုတကြိမ်စစ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲယုတ်ညံ့တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချသလို အရေးယူဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ လက်တွေ့အရေးယူဆောင်ရွက် မှုပါတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ကြဖို့လည်း အရေးတကြီး လိုအပ်ပါတယ်။ စိုးရိမ်ပူပန်မှုသက်သက်ကို ရပ်ဆိုင်းပြီး မတရား အကျဉ်းကျခံရတော့မယ့် ဒီမိုကရေစီခေါင်းဆောင်ကို ကယ်တင်ရမယ့်အချိန်ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ပြည်တွင်းမှာ စစ်အာဏာရှင်အောက်မှာ တုံးအောက်ကဖားတွေလို ပြားပြားဝပ် ဖြစ်နေကြရတဲ့ ပြည်သူ လူထုကြီးကိုလည်း စစ်အစိုးရ ခြိမ်းခြောက်တိုင်း၊ စေခိုင်းတိုင်း ဘာတတ်နိုင်မှာလည်း လုပ်ရမှာပေါ့ ဆိုတဲ့ အလျှော့ပေး အညံ့ခံစိတ်မထားဘဲ အန္တရာယ်နည်းပါးတဲ့၊ ကိုယ်တိုင်လည်း လုပ်ဆောင်ဖို့သိပ်မခက်ခဲတဲ့ အာဏာဖီဆန်မှုမျိုးတွေကိုဝိုင်းဝန်း လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ စစ်အစိုးရရဲ့မတရားနှိပ်စက်ညှင်းပမ်းမှု၊ အကျဉ်းချထားမှု ခံခဲ့ကြရတဲ့သူတွေကို ကူညီအားပေးကြဖို့ မိသားစုတွေကို ကူညီဖေးမစောင့်ရှောက်ဖို့၊ ကိုယ့်မျက်စေ့ရှေ့မှာ အာဏာရှိသူတွေရဲ့ မတရားအနိုင်ကျင့် မှုကို ခံနေရတဲ့သူတွေကိုတွေ့ရင် ကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး ရှောင်ဖယ်မသွားဘဲ မတရားအနိုင်ကျင့်ခံရသူတွေဘက်က အနိမ့် ဆုံး ကူညီခုခံ ကာကွယ်ပေးဖို့ ကြိုးစားသင့်ပါတယ်။ ဒါဟာ လောကကို စောင့်ရှောက်တာဖြစ်သလို အမှန်တရားကို ကာကွယ် စောင့်ရှောက်ရာလည်း ကျပါတယ်။ သေးငယ်တဲ့ အာခံဆန့်ကျင်မှုလေးတွေရဲ့ အစွမ်းသတ္တိကို သတိပြုမိလာ၊ လုပ်ရဲလာကြ ရင် နောက် ကြီးမားတဲ့အာခံဆန့်ကျင်မှု အဲဒီကနေမှ တော်လှန်ပုန်ကန်ရဲတဲ့အဆင့်ကို ရောက်ရှိလာကြပါလိမ့်မယ်။ အဲဒီ အခါ....။ ။

စိုးနေလင်း
http://www.naytthit.com/

0 comments: