Sunday, September 28, 2008

ကျွန်တော်နှင့် ဆင်ဖမ်းကျားဖမ်းမည့်သူများ

ကျွန်တော်နှင့် ဆင်ဖမ်းကျားဖမ်းမည့်သူများ
အယ်ဒီတာ့ရွာ (၁၄)


ရွှေရောင်လင်းလက်နဲ့ ချီခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးကလည်း မပြီးသေးတဲ့ ပန်းချီကားတစ်ချပ် ဖြစ်နေဆဲ။ နအဖ စစ်အစိုးရကလည်း လက်ကျန်ကောက်ရိုးတစ်မျှင် နှစ်မျှင်နဲ့ သံရည်ကြိုဖို့ ကြိုးစားနေဆဲ၊ ပြည်တွင်း သန်းငါးဆယ်ကျော် လူထုကြီးကလည်း ခေတ်မှီ ကမ္ဘာကြီးနဲ့ အလှမ်းဝေးကွာကာ နိုးတစ်ဝက် အိပ်မက်နဲ့ မှုံဝေရီတွေနေဆဲ။ ပြည်ပ ကမ္ဘာအစိုးရတွေကလည်း (ပေါက်ဖော်၊ ပန်ချာပီ၊ ကြက်ဥပူတင်းတို့ကလွဲရင်) ဖိအားတွေ ဆက်တိုက် ပေးနေဆဲ။ ...နေဆဲ၊ ...နေဆဲ။


ပြည်ပရောက်မြန်မာတစ်ချို့ကလည်း အမျိုးသားရေးစိတ်ဓါတ်ပြင်းပြင်းတွေ ကျဆင်းမသွားရအောင် ကြိုးစားဆဲ။ တွန်းအားပေး စည်းရုံး လှုပ်ရှားနေကြဆဲ။ ဒီလို အကြပ်အတည်းကာလမှာ ကျွန်တော့်ဘေး ၀န်းကျင်က မြန်မာတွေကို ငဲ့စောင်းကြည့်လိုက်မိတော့...

၁။ တစ်ချို့က လွတ်လပ်ရေးကိုတော့ လိုချင်ပြီး လွတ်လပ်ရေးရဖို့ထက် မိမိတို့ မိသားစုလေးတွေကို ဆွဲထုတ်ဖို့ ပုဂ္ဂလိကဆန်ဆန် ခပ်ကျဉ်းကျဉ်း အမြင်နဲ့ နေ့ညမနား ကြိုးစားနေကြတယ်။ (ဒီလိုလူမျိုးတွေချည်းပဲ ဆိုရင်တော့ မြန်မာပြည်နဲ့ လွတ်လပ်ရေးဟာ ရွှေပြည်တော် မျှော်တိုင်းဝေး...။

၂။ တစ်ချို့ကျတော့ လက်တွေ့ကျတဲ့ အလုပ်တစ်ခုခုကို အမျိုးသားရေး လှုပ်ရှားမှုအတွက် ပါဝင်နေရမဲ့အစား နေပြည်တော်ကို ဗုံးသွားကြဲဆိုပြီး ဆင်ဖမ်းကျားဖမ်း လေလုံးကြီးတွေနဲ့ လူကြားကောင်းအောင် ပစ်နေကြပြန်တတ်သေးရဲ့။

၃။ တစ်ချို့က Sleeping Patron တွေလုပ်ပြီး လိုအပ်တဲ့ အကူအညီကိုတော့ ပေးကြတယ်။ လူကိုယ်တိုင် ရှေ့ထွက်လာဖို့နဲ့ ကြည့်လို့မြင်ရတဲ့ အကြောင်းပြချက်တွေတော့ ရှိသပေါ့။ အကြောင်းပြချက် ဆိုတာကလည်း ခရစ္စမတ်ကာလ Discount နဲ့ ခပ်ဆင်ဆင်ပါပဲ။

၎။ သူတို့ အုပ်စုကတော့ ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ချင်တဲ့ အုပ်စု၊ ဘာမှ မဖြစ်ဘူး ဆိုရင်တောင် နိုင်ငံနဲ့ လူမျိုးအတွက် တစ်ခုခု လုပ်ပေးနိုင်ခဲ့တယ်။ တစ်ချိန်ချိန်မှာ နိုင်ငံတော်ကြီးက အသီးအပွင့်တွေ ဝေေ၀မြိုင်မြိုင်ကြီး စည်ပင်လာပြီဆိုရင် အဲဒီ အသီးအပွင့်တွေကို လိပ်ပြာသန့်သန့်နဲ့ မျှဝေခံစားချင်တယ် ဆိုတဲ့ ဆန္ဒမှန်တွေနဲ့။ သူတို့ဟာ လက်တွေ့လုပ်ပိုင်ခွင့်ထဲကနေ တတ်နိုင်သမျှ ကြီးကြီးငယ်ငယ်မရွေး ကြိုးစား လုပ်ဆောင်နေကြတယ်။ အမျိုးသားရေး စိတ်ဓါတ်ကို မီးစာထိုးပေးနေကြတယ်။


ပြည်ပရောက် မြန်မာတွေကို ကြည့်ရင် အကျမ်းဖျင်း ဒီလေးမျိုးတွေ့လိုက်ရပါတယ်။


ဒါတွေကို မပြောခင် ကျွန်တော်မေးချင်တဲ့ မေးခွန်းလေးတွေကို မေးပါရစေ။

* နိုင်ငံရေးလုပ်တာနဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်တာ အဓိပ္ပါယ်တူပါသလား။ မတူဘူးလား။
* မတူဘူးဆိုရင် မတူဘာက ဘာလဲ?

(ကျွန်တော့် ဆောင်းပါးကို ဆက်မဖတ်ခင် ဒီမေးခွန်းကို ဖြေကြည့်ကြဖို့ ကျွန်တော် တောင်းပန်ပါတယ်။)


ကျွန်တော့်ကို ကျိန်ဆဲလိုက်ပါ။


အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားတာနဲ့ နိုင်ငံရေးလုပ်တာ လုံးဝမတူပါဘူး။ မတူရုံတင် မကပါဘူး။ တိုက်ရိုက်ဆန့်ကျင်ပါတယ်။ ဥပမာ ပေးပါ့မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်မြောက်ရေး ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကြည့်တဲ့ ရှုထောင့်က အချိုးမပြေရင် တစ်သားထဲ မြင်ရတတ်ပါတယ်။


* နိုင်ငံရေး လုပ်သူဟာ ရယူလိုမှု ဆီကလာပြီး
* အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားသူဟာ စွန့်လွှတ် အနစ်နာခံမှုဆီကနေ လာခဲ့ပါတယ်။

ခေတ်ပြိုင် သာဓက တစ်ခုထပ်ပြပါရစေ။

ဦးအောင်ဇေယျရဲ့ ငယ်ကျွန်၊ မန်ချက်စတာစီးတီး ဘောလုံးအသင်းပိုင်ရှင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ဟာ နိုင်ငံရေးလုပ်သူပါ။


ဦးဂမ္ဘီရ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ဟာ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားသူတွေပါ။


သူတို့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ပါ။ မစ္စတာသက်ဆင်က မီလျံနာ ဖြစ်နေပြီး ကျန်တဲ့ လူသုံးဦက အကျဉ်းထောင်ထဲမှာပါ။


ဦးဂမ္ဘီရတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့အုပ်စုကို ကျေးဇူးပြုပြီး နိုင်ငံရေးသမားလို့ မမြင်လိုက်ကြပါနဲ့။ သူတို့ဟာ အမျိုးသား လွတ်မြောက်ရေးအတွက် လူတော်တော် များများ မလုပ်ရဲတဲ့ အလုပ်တွေကို အသက်စွန့်ပြီး လုပ်နေသူတွေ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ နိုင်ငံတော် စည်ပင်ပြန့်ပြောလာရင် အခွင့်အရေး ၀င်ယူဖို့လည်း သူတို့ စိတ်ကူးထဲမှာ မရှိပါဘူး။ ဒါကြောင့် "နိုင်ငံရေးသမားတိုင်းကို မယုံဘူး"ဆိုတဲ့ လက်သုံးစကားတွေနဲ့ ဒီနေ့ အမျိုးသားရေးလှုပ်ရှားမှုကို မျက်ကွယ်မပြု မိကြဖို့ တောင်းပန်ချင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ လုပ်နေရတဲ့ အလုပ်ဟာ နိုင်ငံရေး မဟုတ်သေးပါဘူး။ အမျိုးသားလွတ်မြောက်ရေးပါ။


စစ်အစိုးရမရှိတော့ဘူး။ ဖမ်းဆီးသတ်ဖြတ်မဲ့ အန္တရာယ်လည်း မရှိတော့ဘူး ဆိုရင် နိုင်ငံရေး လုပ်ချင်သူတွေ ရှေ့တက်လာပါလိမ့်မယ်။ အဲဒီအခါကျမှသာ ခင်ဗျားတို့ မဟာဦးနှောက်ကြီးကို အသုံးပြုပြီး ဝေဖန်ကြပါတော့။ ကျေးဇူးပြုပြီး နိုင်ငံရေးနဲ့ အမျိုးသားလွတ်မြောက်ရေးကို ကွဲအောင် ကြည့်ပေးကြပါ။ ကျွန်တော်တို့ ညီညွတ်ကြမှ ရပါလိမ့်မယ်။


ကျွန်တော့် ခေါင်းစဉ်ကို ပြန်ဆက်ပါ့မယ်။


ပထမအုပ်စုကတော့ ဝေလေလေအုပ်စုပါ။ ဒီမိုကရေစီရလို့ နိုင်ငံတော်ရဲ့ စီးပွားရေး ဦးမော့လာပြီဆိုရင် ဆွေမျိုး အသိုင်းအ၀ိုင်းလဲရှိ၊ ယဉ်ကျေးမှုနဲ့ ဘာသာအမွေအနှစ် တွေနဲ့ကလည်း အလျံအပယ်မို့ မြန်မာပြည်ကို ပြန်နေကြမယ်လို့ စိတ်ကူးထားကြပါတယ်။ အဲဒီ စိတ်ကူးအကောင်အထည် ဖော်ဖို့ကြတော့ ဘာမှ ပါဝင် ပူးပေါင်းမှု မလုပ်ကြပါဘူး။ ဒါကလည်း ပုဂ္ဂလိက ခံယူချက်မို့ ကျွန်တော်အနေနဲ့ ဘာမှ ၀င်ပြောပိုင်ခွင့် မရှိပါဘူး။

ဒီအုပ်စုကို ကျွန်တော် ဆောင်းပါးထဲ ထည့်ရေးဖို့ကိုကျတော့ နေရာမရှိဘူး ဖြစ်နေပြန်ပါတယ်။ ဒီအုပ်စုက အငြိမ်ကြိုက်မို့ ငြိမ်ငြိမ်ပဲ နေကြပါစေ။ နေပေါ့။ သူတို့လည်း သူတို့ တဏှာ၊ မာန၊ အ၀ိဇ္ဇာနဲ့ သူတို့။ ကိုယ်လည်း ကိုယ့် တဏှာ၊ မာန၊ အ၀ိဇ္ဇာနဲ့ကိုယ်။


ကျွန်တော်ပြောချင်တာက ဒုတိယအုပ်စုပါ။ သူတို့ကို "ဆင်ဖမ်းကျားဖမ်း အုပ်စု"လို့ နာမည်ပေးထားပါတယ်။ သိရသလောက်တော့ ဒီအုပ်စုဟာ အဆင့်မြင့်မြင့် ပညာတတ်တွေပါ။ မျိုးချစ်စိတ်လဲ ရှိပြီး သူတို့ မျိုးချစ်စိတ် ဘယ်လောက်ရှိကြောင်းကိုလည်း သူတို့ နီးစပ်ရာ အသိုင်းအ၀ိုင်းထဲမှာ ချပြလေ့ ရှိကြပါတယ်။ လူနေမှု အဆင့်အားဖြင့်လည်း အကြောင့်မကျ နေနိုင်ကြပြီး သူတို့ ၀န်းကျင်မှာ ဆရာကြီးတွေ ဖြစ်နေကြသူတွေလည်း ဖြစ်ပါတယ်။ ခက်တာက သူတို့ ဦးနှောက်ကို လိုက်လျောညီထွေ လျော့ပေါ့ပြီး မသုံးကြခြင်းပါပဲ။ သူတို့ ပြောနေကျ စကားက "ဒီကောင်တွေကို လက်နက်နဲ့ ချမှရမယ်။ ပျဉ်းမနားက သန်းရွှေအိမ်ကို F16 နဲ့ ဗုံးသွားကျဲရမယ်။ ဘာမှ လုပ်မနေကြနဲ့။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။"

ဒီလိုစကားတွေနဲ့ ဒီလို ဆင်ဆင်တူ စကားတွေ ပြောလေ့ ရှိကြပါတယ်။


အားလုံး အဆင်သင့် ဖြစ်နေပြီဆိုရင်တော့ F16ကို မောင်းပြီး ဇင်ဝေသော် ကိုယ်တိုင် အသေခံ ဗုံးသွားကြဲပါ့မယ်။ (လူကြား ကောင်းအောင် ပြောနေတာ မဟုတ်ပါဘူး။) အသေခံလေယာဉ်မောင်း (၅၀)ရအောင်လည်း တာဝန်ယူပါတယ်။


ဒီအဆင့်ကို ကျွန်တော်တို့ ရောက်နေပြီလား။ ဒီအဆင့်ကို ရောက်အောင် ဘာတွေ ဆက်လုပ်ကြရမလဲ။ ဒါက ပြဿနာပါ။ ဒီ "ဆင်ဖမ်းကျားဖမ်း"အုပ်စုက မျိုးချစ်စိတ်လည်း တကယ်ရှိ ကိုယ့်ယုံကြည်ချက်ကိုလည်း အနစ်နာခံပြီး အကောင်အထည်ဖေါ်မယ်ဆိုရင် ပြည်သူတစ်ရပ်လုံးရဲ့ ဟီးရိုးကြီးတွေပဲပေါ့။ ဒါပေမယ့် "ဆင်ဖမ်း၊ ကျားဖမ်း"ဆိုပြီး တိရိစ္ဆာန်ရုံထဲက ဆင်တွေ ကျားတွေကို ခဲနဲ့ ပေါက်ရုံနဲ့တော့ အလုပ်ဖြစ်ဦးမယ် မထင်ပါဘူး။ ကိုယ်အိမ်ထဲကနေ ဆင်တွေ၊ ကျားတွေကို စောင့်ဖမ်းဖို့ ဆိုတာကလည်း "ကျောက်ခေတ်" မဟုတ်တော့တဲ့အတွက် အလုပ်မဖြစ်နိုင်ပြန်ပါဘူး။ ဒီတော့ ဆင်ဖမ်းကျားဖမ်းဖို့ တောနက်နက်ထဲကို အရင်သွားရပါလိမ့်မယ်။ ဆင်ကျားမဖမ်းခင် ငှက်ဖျားရောဂါလည်း အရင် ရနိုင်ပါသေးတယ်။


ထားပါတော့။ လမ်းချော်သွားပါလိမ့်မယ်။


ဒီလိုကြီးကျယ်တဲ့ စိတ်ကူးရှိရင် ပထမဆုံး အိမ်ထဲကတော့ ထွက်ခဲ့ရပါမယ်။ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ စကားပြောကြည့် ဆွေးနွေးကြည့် ရပါဦးမယ်။ သူတို့နဲ့ စိတ်ရောကိုယ်ပါ ပူပေါင်းရပါ့မယ်။ "ဒီလူတွေရဲ့ စိတ်ဓါတ်ကို သိပ်မကြိုက်လှဘူး။" "ဒီလူတွေက နေရာမပေးဘူး။" ဒီလိုလား? ဒါဆိုရင်တော့ "ဆင်ဖမ်း၊ ကျားဖမ်း" ကိစ္စကို လက်လျော့လိုက်ပါတော့။ ပုဂ္ဂလိက အမြင်ခြင်း မတိုက်ဆိုင်တာနဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ဘာမှ မဆိုင်ပါဘူး။ ဘယ်လို ပညာတတ်ကြီးပဲဖြစ်ဖြစ်၊ ဘယ်လောက် ခန်းနားထည်ဝါတဲ့ ဘ၀ကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ဖြစ်၊ အခုမှ လှုပ်ရှားမှုထဲကို ၀င်လာတဲ့ လူတစ်ယောက်ကို လက်ရှိအဖွဲ့တွေက နေရာပေးကြဦးမှာတော့ မဟုတ်ပါဘူး။ ကိုယ်က ဦးဆောင်ပြ၊ စွန့်လွှတ်အနစ်နာခံပြ ဆိုတော့မှ လူတိုင်းက ယုံကြည် စိတ်ချ အားကိုးလာကြမှာပါ။ နေရာတစ်ခုလည်း ရလာမှာပါ။ ဒီတော့မှသာ မိမိရဲ့ ဆင်ဖမ်း ကျားဖမ်း အစီအစဉ်က စတင်နိုင်မှာပါ။ ဒီနေ့ အခြေအနေမှာ "ပေးလို့ရတဲ့ ခေါင်းဆောင်မှု"ဟာ အလုပ်မဖြစ်ပါဘူး။ "လုပ်ပြပြီးလို့ ရယူထားတဲ့ ခေါင်းဆောင်မှု"ကသာ အလုပ်ဖြစ်ပါတယ်။


ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တင်ပေးမှ ခေါင်းဆောင်ဖြစ်မယ့် ခေါင်းဆောင်ကို မလိုချင်ပါဘူး။ သူ့ဖာသာ ရုန်းကန်ရင်း၊ အနစ်နာခံရင်းနဲ့ မသိမသာနဲ့ ဖြစ်လာတဲ့ True Leader ကို လိုချင်ပါတယ်။


ပိုက်လိုင်းထဲကနေ အဆင်သင့် ထွက်လာတဲ့ရေကို မလိုချင်ပါဘူး။


ကိုယ့်ကမ်းကို ကိုယ်တူးပြီး စီးဆင်းလာတဲ့ ရေကို လိုချင်ပါတယ်။


ဒါဟာ လတ်တလော ကျွန်တောတို့ လူ့အဖွဲ့အစည်းက လိုအပ်နေတဲ့ လူမျိုးပါ, ခေါင်းဆောင်မျိုးပါ။


ကျွန်တော်ကတော့ "ဆင်ဖမ်းကျားဖမ်း" ကိစ္စဟာ တကယ်လုပ်ကြရင် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ အမေရိက အခြေစိုက်၊ ဥရောပ အခြေစိုက်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား အခြေစိုက် စတဲ့ မြန်မာတွေ အားလုံး စုစည်းပြီး ဖွဲ့စည်းနိုင်ရင် သိပ်အားကောင်းတဲ့ အဖွဲ့ကြီး ဖြစ်လာနိုင်ပါတယ်။ လက်တွေ့တော့ လုပ်ပြရမှာပေါ့။ လုပ်မပြရင် ဘယ်သူမှ လှူမှာ မဟုတ်သလို, လှူပြီးသားငွေတွေက ပျောက်ကုန်ရင်လည်း လှူရတာနဲ့တင် "လူအ"ကြီးတွေ ဖြစ်နိုင်ပါသေးတယ်။


အကျိုးရှိရှိနဲ့ နိုင်ငံအတွက် သေပေးရမယ်ဆိုရင် အသေခံမဲ့လူတွေ အများကြီးပါ။ ဝေလေလေ အုပ်စုကလွဲရင် တော်တော်များများ လုပ်ဖို့ ဆန္ဒရှိကြပါတယ်။


သေနပ်မောင်းတင်ထားတဲ့ အမူးသမား စစ်သားကို ခဲနဲ့ပေါက်ပြီး ရင်ဘတ်အပွင့်မခံရဲ ကြပေမယ့်, သေနပ်ခြင်း၊ ဗုံးခြင်း၊ ဗုံးကြဲလေယာဉ်ခြင်းဆိုရင်တော့ အားလုံးလိုလိုဟာ ရယ်ဒီ ဖြစ်နေကြပါတယ်။


ဒါဆို F16 ကိုယ်ကသာ သေသေသပ်သပ်လုပ်နိုင်ရင် ခြုံပုတ်ကြီးတို့က Discount နဲ့တောင် ပေးပါလိမ့်မယ်။ မယုံမရှိပါနဲ့။ ဒီကိစ္စမျိုးကို အားပေးတဲ့အကြောင်း အတိတ်သမိုင်း စာမျက်နှာတွေထဲမှာ ရှာဖတ်နိုင်ပါတယ်။


ကျွန်တော်တို့အတွက် "ခြုံပုတ်ကြီး"တို့က F16 ပေးတယ်ဆိုရင် ပေါက်ဖော်တို့၊ ကြက်ဥပူတင်းတို့ကလည်း မကောင်းဆိုးဝါးကို လက်နက်ပေးလိုက်ကြဦးမှာပါပဲ။ မတူတာဆိုလို့ မကောင်းဆိုးက ဒီလက်နက်တွေကို Discount နဲ့မရပဲ Double Price နဲ့ ၀ယ်ယူရမှာ။ ဒါပဲထူးပါတယ်။ ကိုယ့်အာဏာ တည်မြဲဖို့၊ ကိုယ့်လူမျိုးကို ပြန်သတ်ဖို့ မကောင်းဆိုးဝါးတွေကလည်း Double မကလို့ Triple Price နဲ့လည်း ၀ယ်ကြမှာပါပဲ။


ဒါဆို အမေရိကန် အားပေးမှုနဲ့ တရုတ်၊ ရုရှားအားပေးမှု ထိပ်တိုက်တွေ့နိုင်ပါတယ်။ သူတို့ခြင်း ထိပ်တိုက်တွေ့လာ နိုင်ပါတယ်။ စိတ်ကူးယဉ် မဟုတ်ပါဘူး။ ပိုလန်မှာလည်း ဒီအတိုင်းပါပဲ။ ဒါဆို ပွဲက ကြည့်ကောင်းလာမှာပါ။


ပြည်ပရောက် မြန်မာတွေက လေကြောင်းကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုရင် ပြည်တွင်းက လူမျိုးစု လွတ်မြောက်ရေးတပ်တွေကလည်း သူတို့ အပိုင်းကနေ ပါဝင်လာကြမှာပါ။ သူတို့ကို ကြိုတင်စည်းရုံးနေစရာ မလိုပါဘူး။ နေပြီဒေါ် ကို ပြာမှုံတွေနဲ့ ရီဝေသွားပါစေ။ သူတို့ကို လက်တွဲကြဖို့သာ မေတ္တာရပ်ခံလိုက်ပါ။ အားလုံး လက်တွဲလာကြမှာပါ။ နေပြီဒေါ်ကို ပြာချပစ်နိုင်ခဲ့တယ်ဆိုပြီး အပေါ်စီး လေသံနဲ့တော့ သွားမလုပ်နဲ့ပေါ့။ သေရမှာ မကြောက်တဲ့ တိုင်းရင်းသားတွေက မြန်မာတွေထက် များပါတယ်။ တော်လှန်ရေး သက်တမ်းလဲ ပိုပြီးတော့ ရင့်ကြပါတယ်။


အဲသလောက်ဆိုရင် ဆင်ဖမ်းကျားဖမ်းလို့ ရပါပြီ။

၁။ အနီးကပ်ဆုံး အဖွဲ့အစည်းနဲ့ ပူးပေါင်း။ သူတို့ ယုံကြည်အားကိုမှုကို ရအောင်ယူ။ ကိုယ်ပိုင် အတ္တ၊ မာနတွေကို လျော့ချ။ စည်းရုံးရေး စွမ်းရည်မြှင့်။

၂။ ပြည်ပ အခြားနိုင်ငံရှိ အဖွဲ့အစည်းတွေနဲ့ စုပေါင်း။ တိတိကျကျ ရှေ့က လုပ်ပြ။ စာရင်းအင်းနဲ့ ရံပုံငွေ ရအောင်ကောက်။

၃။ အမေရိကကို လက်သိပ်ထိုး လေယာဉ်ရောင်းဖို့ ချဉ်းကပ်။ အသေခံလူငယ်တွေကို သင်တန်းပေးဖို့ အကူအညီတောင်း။

၎။ နေပြီဒေါ်နဲ့ လေတပ်စခန်းတွေကို ညတွင်းချင်း ဗုံးကြဲ။

၅။ စာပို့သမားကို မကြိုဆိုတော့တဲ့ ကြည်းတပ်တွေကို ပူးပေါင်းဖို့ မေတ္တာရပ်၊ တိုင်းရင်းသားတွေကို ပူးပေါင်းကြဖို့ လေယာဉ်နဲ့ စာတွေကြဲ။

၆။ အတ္တမာနတွေနဲ့ မရောတဲ့ ခေါင်းဆောင် စစ်စစ်တစ်ယောက်ကို တရားဝင်ရွေးခြယ်။


ပြီးပါပြီ။


စိတ်ကူးယဉ် ဆန်လွန်းသွားသလား။

အိမ်ထဲကနေ ဆင်ဖမ်းကျားဖမ်းတာထက်တော့ ပိုပြီးတော့ လက်တွေ့ကျပါတယ်။ မလွယ်တာက လွဲရင် ဖြစ်လည်း ဖြစ်နိုင်ပါတယ်။


ဆင်ဖမ်းကျားမဖမ်းချင်တာပဲ, ဒီလောက်တော့ လုပ်ရမှာပေါ့။

(ဝေလေလေ အုပ်စုကလွဲရင် နောက်နေ့ ဆက်ပါ့မယ်)


ဇင်ဝေသော်


0 comments: