ကမ္ဘာအေးကုန်းမြေ၊ သာသနာ့တက္ကသိုလ်နဲ့ ၂၀၀၇၊ စက်တင်ဘာ ကိုယ်တွေ့ဖြစ်ရပ်များ (၁)
16/08/2008
တကယ်တော့ မြန်မာ့အရေးဟာ အတိတ်ကအိပ်မက်ဆိုးတွေဆီ ပြန်သွားနေ့ဖို့ အခြေအနေမျိုးမဟုတ်တော့သလို၊ စာရေးသူကိုယ်တိုင်ကလည်း မနက်ဖြန် ဘာလုပ်မလဲဆိုတာပဲ အမြဲတစေ စဉ်းစားလေ့ရှိသူပါ။ ဒါပေမယ့် ဒီဆောင်းပါးလေးကတော့ အဲဒါတွေကို ကျောခိုင်းမိသလို ဖြစ်နေပြန်ပါပြီ။
တလောက ပြည်ချစ်ဘုန်းဘုန်း(MSMA)ရဲ့ လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုတ်လာတဲ့အသီး ဆိုတဲ့ဆောင်ပါးလေးကို ဖတ်လိုက်ရခြင်းက တင်းကြပ်စွာ မျိုသိပ်ထားခဲ့တဲ့ စာရေးသူရဲ့ စက်တင်ဘာကိုယ့်တွေ့ဖြစ်ရပ်ကလေးကို ထုပ်ဖော်ဖို့ နှိုးဆွပေးခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ပြည်ချစ်ဘုန်းဘုန်းရေးထားတဲ့ အကြောင်းအရာတွေဟာ ဘယ်လောက်မှန်သလဲဆိုတာ စာရေးသူတို့လို ဆယ်စုနှစ်တစ်ခုနီးပါး တက္ကသိုလ်ထဲမှာနေခဲဖူးးတဲ့ တက္ကသိုလ်ကျောင်းသားရဟန်းတော်တစ်ပါးအတွက် စဉ်းစားစရာမလိုပဲ သိနိုင်ပါတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတာကိုး။
အဲဒီစွမ်းအားရှင်ဘုန်းကြီးတွေအကြောင်း သူဖော်ပြထားတာတွေကနည်းသေးတယ်ဆိုပြီးတော့ အားမလိုအားမရတောင် ဖြစ်မိခဲ့သေးတယ်။ ပြည်ချစ်ဘုန်းဘုန်းကလည်း သူ့ဆောင်းပါးထဲမှာ ‘ဒါတောင် အမြွက်မျှပဲရှိသေးတယ်’ လို့တော့ ပြောထားပါတယ်။ ကဲ ထားတော့ စာရေးသူပြောချင်တာက ပြီးခဲ့တဲ့နှစ် ၂၀၀၇၊ စက်တင်ဘာ ၂၁-ရက်နေ့က စာရေးသူတို့ ကမ္ဘာအေး သာသနာ့တက္ကသိုလ်သံဃာတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့အကြောင်း။
လောင်စာဆီဈေးနှုန်းတွေ အဆမတန်တက်၊ ပခုက္ကူမှာသံဃာတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ဖြစ်ပြီးတဲ့နောက် ဆက်တိုက်ဆိုသလိုပဲ သံဃာတပ်ပေါင်းစု ဆရာတော် ဦးဂမ္ဘီရရဲ့ ရဲရင့်တဲ့စိတ်ဓာတ်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ဦးဆောင်မှုအတိုင်း သံဃာတွေဦးဆောင်တဲ့ လူထုဟာ လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒတွေ ထုတ်ဖော်လာတဲ့အထိ ဖြစ်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ဆန္ဒပြသူအရေအတွက်ဟာ ပိုလို့သာ တိုးလာခဲ့တယ်။
စာရေးသူတို့ တက္ကသိုလ်ထဲမှာလည်း တစ်ယောက်တစ်ပေါက် အမြင်အမျိုးမျိုးကို ပြောဆိုနေခဲ့ကြတယ်။ အဲဒီရက်ပိုင်းကတော့ ဆွမ်းစားဆောင်မှာလဲ ဒီအကြောင်း၊ စာသင်ခန်းမှာလည်း ဒီအကြောင်းပဲ။ ကမ္ဘာအေးဘုရားမှာလည်း နေ့စဉ်းလိုလို မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြလာကြတဲ့ သံဃာနဲ့လူထုတွေကို တွေ့နေရတယ်။ ဒါပေမယ့် ဒီအခြေအနေထိတော့ စာရေးသူတို့ တက္ကသိုလ်ကဘာမှ လှုပ်ရှားမယ့် အရိပ်အရောင် မမြင်ရသေးဘူး။
ဘာဖြစ်လို့လဲဆိုတော့ မကြာသေးခင်ကဖြစ်ခဲ့တဲ့ တက္ကသိုလ်အတွင်းက အရှုပ်အထွေးကိစ္စအချို့ကလည်း မပြီးပြတ်သေးဘူးလေ။ ဒါကြောင့် စုံထောက်လိုလို၊ စစ်ဗိုလ်လိုလိုကောင်တွေကလည်း တက္ကသိုလ်ထဲမှာ အ၀င်အထွက် မပြတ်သေးသလို တက္ကသိုလ်ဝင်ပေါက်က တန်ဆောင်းတစ်ခုမှာလည်း စစ်တပ်တစ်ခု ချထားတာကြာပြီ။ ပိုဆိုးတာက တက္ကသိုလ်ဝင်ပေါက်တွေ အကုန်ပိတ်ပြီး အစောင့်တွေ နေ့ညမပြတ်ချထားတာ။
အရှုပ်အထွေးကိစ္စဆိုတာကလည်း အခြားမဟုတ်ပါဘူး။ ပိုစတာတိုက်ပွဲလို့ မီဒီယာတွေ အမည်တပ်ခဲ့ကြတဲ့ သံဃာတွေသဘောကျတဲ့ အရည်းအချင်းရှိဆရာတွေကို အကြောင်းပြချက်မခိုင်လုံပဲ တာဝန်ကနေ ရပ်ဆိုင်းပစ်လိုက်တာနဲ့ပတ်သက်လို့ သင်တန်းသားသံဃာများနဲ့ အထက်အာဏာပိုင်အဖွဲ့အစည်းတွေကြားက ပဋိပက္ခတစ်ခု၊ နောက် ရန်ကုန်ဆောင် အဆောင်မှုးဆရာတော်ဟာ ၈၈-ကျောင်းသားတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ကိစ္စ၊ ပြီးတော့ အမေရိကန်စင်တာမှာ အင်္ဂလိပ်စာသင်နေတဲ့ သင်တန်းသားရဟန်းတော်တစ်ပါးထံ အမေရိကန်သံရုံးက ကား အ၀င်အထွက်ရှိတာကို နိုင်ငံရေးလုပ်နေတယ်ဆိုပြီး စွတ်စွဲတဲ့ကိစ္စတွေပေါ့။
(သံ-၁ (အမေရိကန်သံရုံးကား ရည်ညွန်းတဲ့သင်္ကေတ)ဆိုတဲ့ကားတွေ့ရင် ဘယ်လိုအကြိုအကြားသွားသွား အဲဒီကောင်တွေက လိုက်ကြည့်လေ့ရှိတယ်၊ ကုန်ကုန်ပြောရရင် အဲဒီ သံ-၁ ဆိုတဲ့ကားပေါ်ကလူ တစ်နေ့ ရေဘယ်နှစ်ခါသောက်တယ်၊ အိမ်သာဘယ်နှစ်ခါတက်တယ်ကစပြီး စောင့်ကြည့်တယ်ဆိုပဲ၊ နောက်ဆုံး ကလေးတွေဆော့တဲ့ ကားရုပ်တောင် သံ-၁ လို့နံပါတ်တပ်ထားရင် အသေအချာစစ်ဆေးပြီး အဲဒီဆော့တဲ့ကလေးကို သေချာစောင့်ကြည့်တယ်ဆိုပဲ၊ ရယ်စရာပါလား။ Xenophobia သက်သက်တောင် မကတော့ဘူးထင်တယ်)
ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ သင်တန်းသားသံဃာအများစုဟာ သာသနာတော်တစ်ရပ်လုံးက သံဃာတွေရဲ့ ဆန္ဒနဲ့တစ်ထပ်တည်းပဲဖြစ်တယ်ဆိုတာပါ။ ဒါပေမယ့် တက္ကသိုလ်ထဲမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ လှုပ်ရှားဖိုဆိုတာ မလွယ်ဘူးလေ။ လုပ်မယ်ဆိုလည်း တော်သင့်ပိရိရုံနဲ့တော့ ထက်ဖားအောက်ဖိ စွမ်းအားရှင်ဘုန်းကြီးတွေရဲ့ ထောင်ချောက်ထဲ ခဏရောက်သွားမှာ။ ထင်ရှားတဲ့သာဓက တစ်ခုပြရရင် အခု ဂျာမဏီမှာ သီတင်းသုံးနေတဲ့ ဦးသောပါကဟာ နိုင်ငံရေးကြောင့် ကျောင်းတ၀က်တစ်ပျက်နဲ့ ထွက်ခဲ့ရတဲ့ စာရေးသူတို့တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ဟောင်း တစ်ယောက်ပေါ့။ ဒါက ထင်ရှားတာကိုပြောတာ၊ တခြား ထွက်ခဲ့ရတဲ့ သံဃာတွေလည်း အများသား။
ဒီလိုနဲ့ ညညရောက်ရင် ဘယ်ကျောင်းတွေတော့ ပါလာပြီ၊ ဆန္ဒပြသူဦးရေ ဘယ်လောက်များလာပြီ၊ နောက်တစ်ရက်ဘာတွေဆက်လုပ်မယ် စသဖြင့် ရေဒီယိုကနေ နားထောင်ရတာလဲ အမောပဲပေါ့။ ကိုယ်တိုင်မပါသေးပေမယ့် ဆက်မထွက်တော့မှာလဲ စိတ်ကစိုးရိမ်နေမိတာ အမှန်ပါပဲ။
၂၀-ရက်နေ့မှာတော့ အတိအကျမဟုတ်ပေမယ့် သေချာသလောက်ရှိတဲ့ သတင်း တစ်ခု ကြားလာရတယ်။ အဲဒါကတော့ အစိုးရက သူတို့ တိုက်ရိုက်ဖိနှိပ်ချုပ်ချယ်နေတဲ့ သံဃမဟာနာယကဆရာတော်တွေရယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) နှစ်ခုရယ်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်ရယ် ဒီတက္ကသိုလ်သုံးခုက သင်တန်းသားသံဃာတွေကို အသုံးချပြီး သပိတ်ပြန်လှန်ခိုင်းမယ်ဆိုတဲ့အကြောင်း၊ အဲဒီအတွက် တိုင်းမှူးကိုယ်တိုင် ကမ္ဘာအေးကုန်းမြေက မဟာသိမ်ကြီးကိုလာကြည့်ပြီး ဘယ်လိုစီမံရမယ်ဆိုတာတွေ စီစဉ်နေတယ်ဆိုတဲ့အကြောင်းတွေပေါ့။ ပြီးရင် တကယ့်ပညာတတ်သံဃာတွေက အခု ဦးဂမ္ဘီရတို့ဦးဆောင် ဆန္ဒပြနေတဲ့ဟာကို လက်မခံဘူးဆိုပြီး သတင်းစာထဲမှာ ကြေညာမယ်ပေါ့။ လုပ်စားမယ်ပေါ့။ ဒါပေမယ့် စာရေးသူတို့ တက္ကသိုလ်က ပတ္တနိကုဇ္ဇနကံဆောင် သပိတ်မှောက်ပြီးတဲ့နောက်တော့ အဲဒီအကြံအစည်က ဒီမှာ မအောင်မြင်ဘဲ ကြာခတ်ဝိုင်းဆရာတော်ဆီရောက်သွားတယ် ဆိုရမလားမသိဘူး။ ဘယ်လောက်ပေးပြီး ဘယ်လိုညှိနှိုင်းလိုက်တယ်မှ မသိတာလေ။ (တကယ်တော့ ကြာခတ်ဝိုင်းဆိုတဲ့ပုဂ္ဂိုလ်အတွက် ဆရာတော်လို့ မသုံးထိုက်ပါ။ ဘုန်းကြီးလို့လည်း သတ်မှတ်လို့ ရချင်မှ ရတော့မည်မဟုတ်ပါ။ ဒီကောင်ဆိုတဲ့ အသုံးအနှုံးနဲ့ဆို ပိုသင့်တော်ပေမည်။ ဒါပေမယ့် ယဉ်ကျေးအောင်သုံးလိုက်တဲ့သဘောပေါ့)
ဒီသတင်းကိုကြားတော့ သံဃာတွေအားလုံးနီးပါးက “ဟာ…ဒီလိုတော့ ဘယ်ဖြစ်မလဲ၊ ဓမ္မ၀ါဒီ သံဃာထုတစ်ရပ်လုံးရဲ့ဆန္ဒကို ဆန့်ကျင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲလေ၊ ကျောင်းကပဲထုတ်ထုတ်၊ အဖမ်းပဲခံရခံရ၊ ဘွဲ့မပေးဘဲနေနေ သံဃာ့ဆန္ဒအတိုင်းပဲ ဖြစ်စေရမယ်၊ သံဃာအား ဘုရားမဆန်သာ-ဆိုတဲ့စကား လည်းရှိတယ်မို့လား…” စသဖြင့် အဆောင်တိုင်း၊ အခန်းတိုင်း၊ သင်တန်းချိန်တိုင်းမှာ အဲဒီအကြောင်းတွေပဲ ပြောဆိုလို့သာနေကြပါတယ်။
ဒါနဲ့ စာရေးသူတို့ သဘောပေါက်လိုက်ပြီ၊ ဦးဆောင်မယ့်သူမရှိလို့သာ သင်တန်းသားအားလုံးကတော့ လမ်းပေါ်ထွက်ဖို့ အဆင်သင့်ဖြစ်နေကြပြီဆိုတာလေ။ ဒီလိုနဲ့ ၂၀-ရက်နေ့ ညနေပိုင်းမှာပဲ စိတ်ဓာတ်ပြင်းပြနေကြတဲ့ သူငယ်ချင်း သီတင်းသုံးဖော် အချို့နဲ့တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်တော့ တော်တော်ကို စိတ်ဓာတ်ရှိပြီး အမာခံဦးဆောင်မယ့်သူတွေက အများကြီးဖြစ်နေတယ်ဆိုတာကို သိရတယ်။ အဲဒီအတွက် ၀မ်းလည်းဝမ်းသာ အားလည်းတက်မိပြီး၊ အဆောင်တစ်ခုမှာ အပါး ၂၀ ခန့်တိတ်တဆိတ်စုပြီး ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်လိုလုပ်မယ်ဆိုတာတွေ တိုင်ပင်ကြတယ်။ အဲဒီတော့မှ ပိုစတာတိုက်ပွဲက လှုပ်ရှားခဲ့တဲ့သူတွေနဲ့ အခြားအဖွဲ့တွေ လက်တွဲမိကြတာပေါ့။ အစကတော့ တစ်ပါးကိုတစ်ပါး မယုံရဲကြသေးဘူးလေ။ အခုလိုအရေးကြုံတော့မှ အားလုံးနီးပါးက သံဃာနဲ့ တစ်သဘောတည်းဆိုတာ သိလာရတာပေါ့။ (အခုလို ထုတ်ဖော်ရေးသားလိုက်လို့ လှုပ်ရှားခဲ့သူတစ်ပါးပါးအတွက် အန္တရာယ်ရှိတယ်လို့တော့ မထင်ပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ အထက်က သိလောက်တဲ့သူမှန်သမျှ တက္ကသိုလ်ထဲမှာ မရှိတော့ပါဘူး။ စက်တင်ဘာအပြီးမှာ အနည်းဆုံး စာရေးသူတို့ တက္ကသိုလ်က အပါး ၃၀ ထက်မနည်း ကျောင်းထုတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အရည်းအချင်းရှိတဲ့ ဆရာတော် တော်များများလည်း သူတို့ဆန္ဒအတိုင်း ထွက်သွားကြာတာလည်းရှိပါတယ်။)
ဒါပေမယ့် သူတို့ဘယ်လိုမှ မသိနိုင်တဲ့ အဖွဲ့ငယ် ၂၀-ထက်မနည်းကတော့ တက္ကသိုလ်တွင်းမှာ ရှိနေသေးတယ်ဆိုတာကိုတော့ သတိပေးတဲအနေနဲ့ ပြောလိုက်ချင်တယ်။ နောက်ဆုံးအကြိမ်ပေါ်ပေါက်လာမယ့် လှုပ်ရှားမှုကြီးအတွက် ပိုမိုပြင်ပြတဲ့စိတ်ဓာတ်၊ ပိုမိုထိရောက်တဲ့လှုပ်ရှားမှုတွေအတွက် အသေးစိတ်ကြိုတင်ပြင်ဆင်စရာတွေ ပြင်ဆင်နေကြပြီလေ(စာရေးသူအပါအ၀င်ပေါ့)။ အခုလိုပြောလို့ တက္ကသိုလ်တွင်းမှာ လက်ရှိသီတင်းသုံးနေတဲ့သံဃာတွေကို အန္တရာယ်ဖြစ်မယ်လို့တော့ မထင်လိုက်ပါနဲ့။ အဲဒီအဖွဲ့ဆိုတာတွေက နာမည်တပ်မထားသလို စားရင်းဇယားလည်းတစ်ခုမှ မရှိပါဘူး။
ပြီးတော့ ပြည့်သူ့ဘုန်းဘုန်းပြောတဲ့ ထက်ဖားအောက်ဖိ စွမ်းအားရှင် စီမံနာယကချုပ်ဆရာတော် ဦးကုမာရလို တက္ကသိုလ်ရဲ့ အဓိကတာဝန်ရှိသူတွေနဲ့လည်း လုံးဝအဆင်ပြေအောင် အဲဒီအဖွဲ့တွေက ဆက်ဆံနေပါတယ်။ နောက်ဆုံး ပိုပိရိအောင် စစ်အစိုးရကောင်းကြောင်းတွေကိုတောင် အခါခွင့်သင့်ရင်သင့်သလိုပြောတာမျိုတွေအထိ စိတ်မပါသော်လည်း ပါသကဲ့သို့ လုပ်ပေးနေပါတယ်။ သာမန်အားဖြင့်ကြည့်ရင် ဒီသံဃာတွေဟာ အစိုးရသံဃာတွေလို့တောင် ထင်ရတဲ့အနေအထားထိ ဖြစ်နေပါပြီ။ ဘယ်လိုမှ စစ်ဆေးစောင့်ကြည့်ဖော်ထုတ်လို့မရတဲ့ နောက်ဆုံးပေါ်နည်းတွေကို သုံးထားတာပါ။ ပြီးတော့ တိုင်းနဲ့ပြည်နယ် ၁၄-ခုမှာရှိတဲ့ မြေအောက်လှုပ်ရှားနေတဲ့ သံဃာ့အဖွဲ့အစည်းတွေနဲ့လည်း ၃၅-မိနစ်အတွင်း တပြိုင်နက် လှုပ်ရှားနိုင်အောင် ဆက်သွယ်စွမ်းဆောင်ပေးနိုင်တဲ့ အထူးခြားဆုံး မီဒီယာကိုလည်း ပိုင်ဆိုင်ထားပြီးပြီ။
ဒီလိုပြောလို့ နောက်ဆုံး တက္ကသိုလ်ကြီးပိတ်ပစ်တဲ့နည်းကိုသုံးပြီး တားမြစ်မယ်လို့ လည်းတွေးပြီး စိုးရိမ်စရာမလိုပြန်ဘူး။ ဒီတက္ကသိုလ်ကြီးတွေဟာ တိပိဋကဓရမင်းကွန်းဆရာတော်ကြီးရဲ့ အသဲနှလုံးသဖွယ်ဖြစ်နေတယ်။ ဆရာတော်ကြီးက မျှော်လင့်ချက်ကြီးကြီးထားပြီး လက်နဲ့ရေးခဲ့တာကို သူတို့ကခြေနဲ့ ဖျက်မယ်ဆိုရင် ဒီဘ၀မှာတင် ချက်ချင်းဒုက္ခရောက်ကြလိမ့်မယ်။ ဒါကို မကြောက်လို့ တက္ကသိုလ်ကြီးတွေ ပိတ်လိုက်မယ်ဆိုလည်း အဲဒီတက္ကသိုလ်ကျောင်းသား သံဃားတော်များအားလုံးဟာ နိုင်ငံ့အရေး(ဒကာဒကာမပြည်သူတွေကောင်းစားရေး)ကလွဲလို့ တခြား ဘာမှ လုပ်စရာမရှိတော့ပါဘူး။ အားလုံးက နိုင်ငံ့အရေး ဆောင်ရွက်တဲ့ သူတို့အခေါ် နိုင်ငံရေးသမားဆိုတာတွေ သေချာပေါက်ဖြစ်လာမှာပါ။ ဒီလူနဲ့ ဒီမူဝါဒတွေရှိနေသရွေ့ ဆန့်ကျင်သွားကြမှာ အသေအချာပါပဲ။)
စည်းဝေးတော့ တစ်ပါးက ဒီလိုပြောတယ်။ “တပည့်တော်အမြင်ကတော့ ဆန္ဒမရှိသေးသူတွေ ရှိလာအောင်၊ စိတ်ဓာတ်တက်ကြွလာအောင်၊ ဆန္ဒရှိပြီးသူတွေ ပိုပြီးရှိလာအောင်၊ အခြေအနေမှန်ကို အမှန်းအတိုင်းမသိသေးသူတွေ သိလာအောင်၊ သိပြီးသားသူတွေ ပိုပြီးသိလာအောင် ၂-ရက် ၃-ရက်ခန့် အချိန်ယူပြီး စည်းရုံးကြည့်ချင်သေးတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သံဃာ အကုန်ပါမလာပဲ တစ်ရာ နှစ်ရာ လောက်ပဲပါမယ်ဆိုရင် အကုန်ထုတ်ပစ်ခံရမှာသေချာတယ်။ ဒါကြောင့် အကုန်လုံးနီးပါး ပါနိုင်အောင် အရင်ကြိုးစာသင့်တယ်” တဲ့။
သူ့အမြင်ကလဲ မဆိုးဘူးလို့ အားလုံးက ထောက်ခံကြတယ်။ ဒါပေမယ့် ခက်တာက တက္ကသိုလ်ထဲမှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဘာမှ အချိန်ကြာကြာဆွဲထားလို့မရဘူး (ယခင်နည်းနဲ့)။ ဒါကြောင့် “ အရှင်ဘုရားပြောတာလဲမှန်ပါတယ်၊ ဒါပေမယ့် တပည့်တော်တို့ အချိန်ဆွဲနေရင် အကုန်သိကုန်မှာ၊ ဆန္ဒမပြခင် ထောင်ထဲရောက်မှာ၊ ပြပြီးလို့ရောက်တာက ရောက်ပစေပေါ၊့ ပြီးတော့ သံဃာအားလုံးက တပည့်တော်တို့နဲ့ တစ်သဘောတည်းဆိုတာ တပည့်တော် လေ့လာထားပြီးသလောက် သေချာနေပြီ” ဆိုပြီး စာရေးသူ စီစဉ်ထားတာတွေ ပြောပြလိုက်တယ်။ ဒါနဲ့ သူတို့နဲ့သဘောတူတာတွေ အတည်ပြု သဘောမတူတဲ့အချက်တွေ ထပ်ဆွေးနွေးပြီး အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ဆုံးဖြတ်ချက်တွေကို အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြတယ်။
အပိုင်း (၂) မျှော်
ဓမ္မ၀ိညာဉ်
(ပြည်တွင်းMSMAအဖွဲ့ဝင်)
September 16th, 2008
Tuesday, September 16, 2008
ကမ္ဘာအေးကုန်းမြေ၊၂၀၀၇ နဲ့စက်တင်ဘာကိုယ်တွေ့ဖြစ်ရပ်များ(၁)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment