မင်းနိုင်သူ / မတ်လ(၁၂) ရက်၊ ၂၀၀၉
line
မလေးရှားရောက် မြန်မာအမျိုးသမီး ဒုက္ခသည်များသည် အိမ်မှထွက်တိုင်း အဖမ်းခံရရန် များနေသကဲ့သို့ အလုပ်လုပ်ရန် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးနေကြောင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့အခြေစိုက် ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများအတွက် အမျိုးသမီးရေးရာကော်မရှင် (WCRWC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူပေါင်း (၁၀၀,၀၀၀) ခန့် ရှိသည့်အနက် အများစုမှာ မြန်မာများဖြစ်ပြီး UNHCR တွင် မှတ်ပုံတင်ထားသူပေါင်း (၄၀,၀၀၀) ရှိသည်။ ထိုမှတ်ပုံတင်ထားသူများထဲမှ (၁၄,၀၀၀) မှာ ရိုဟင်ဂျာများဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးထားသည်။
မလေးရှားတွင် နေစရိတ်ကြီးသည့်အတွက် တလကို မလေးရှား ရင်းဂစ် (၁,၅၀၀) (ဒေါ်လာ ၄၅၀) ခန့် ပေးရသော်လည်း ဒုက္ခသည်အများစုမှာ တလကို မလေးရှားရင်းဂစ် (၄၀၀ မှ ၆၀၀) ကြားသာ ရကြသည်။ ထို့ကြောင့် ဒုက္ခသည်များ စုပြီး အခန်းငှားနေရသည်။
လေ့လာချက်များအရ ဒုက္ခသည်အမျိုးသမီးများမှာ
-အိမ်ကထွက်တိုင်း အဖမ်းခံရမည့် အန္တရာယ်ရှိနေခြင်း၊
-လုပ်ကိုင်စားရန် အခွင့်အလမ်း အကန့်အသတ်နှင့်သာရှိခြင်း၊
-ရသည့်ငွေကို အာဏာပိုင်များကို လာဘ်ထိုးရသည့်အတွက် အဂတိလိုက်စားမှုဒဏ်ခံရခြင်း၊
-နယ်စပ် ပြန်အပို့ခံရလျှင် ရောင်းစားခံရမည့် အန္တရယ်ရှိခြင်း၊
-နေအိမ်နှင့်အလုပ်ခွင်၌ အကြမ်းဖက်ခံရခြင်း စသည့်အခြေအနေများ ကြုံတွေ့နေရသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။
အစီရင်ခံစာ နိဂုံးပိုင်းတွင် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအား တရားဝင်နေခွင့်ရရန် ဆောင်ရွက် ပေးသင့်ကြောင်း၊ UNHCR မှ လက်မှတ်ထုတ်ပေးထားသူများအား အသိအမှတ်ပြုပြီး မှတ်ပုံတင်ထားသူများအား အဖမ်းအဆီးရပ်သင့်ကြောင်း၊ UNHCR နှင့်တကွ ၎င်းနှင့် တွဲလုပ်နေသည့် အန်ဂျီအိုများဘက်ကလည်း အမျိုးသမီး ဒုက္ခသည်များအတွက် သက်မွေးဝမ်းကျောင်းကိစ္စများ ဆောင်ရွက်ပေးသင့်ကြောင်း အကျယ်တ၀င့် ထောက်ခံ ရေးထားသည်။
မြန်မာအမျိုးသမီး အလုပ်သမားများ မလေးရှားနိုင်ငံအတွင်း ၀င်ရောက်အလုပ်လုပ်ကိုင်မှုသည် ၂၀၀၇ ခုနှစ် နောက်ပိုင်း ပိုမိုများပြားလာသည်ဟု မြန်မာအလုပ်သမားအခွင့်အရေးကာကွယ်ပေးရေးအဖွဲ့ (BWRPC) က ပြောသည်။
မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား (၂) သိန်းဝန်းကျင်ရှိနေပြီး အမျိုးသမီးအလုပ်သမားဦးရေ မည်မျှရှိသည်ကို အတည်ပြု မပြောနိုင်သေးသော်လည်း မလေးရှားနိုင်ငံ၌ BWRPC အဖွဲ့က အမျိုးသမီး အလုပ်သမား အမှုပေါင်း (၁၇၀) ကျော် ကိုင်တွယ်ဆောင်ရွက်ထားရကြောင်း ယင်းအဖွဲ့မှ ကိုကျော်ထူးအောင်က ပြောသည်။
ယင်းတို့အနက် အမှုပေါင်း (၅၀) ကျော်ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာအမျိုးသမီး အလုပ်သမားများ အများဆုံး ကြုံကြရသည်မှာ သူဌေး၏ဖိနှိပ်မှု၊ လုပ်ခလစာ လျော့နည်းရရှိမှုနှင့် အဓမ္မပြုကျင့်ခံရမှု များဖြစ်ကြောင်း သိရသည်။
“အဓမ္မပြုကျင့်မှုကတော့ နည်းပါတယ်။ ကျနော်တို့ ဆောင်ရွက်ပေးခဲ့ရတာ နှစ်မှုသုံးမှုပဲရှိပါတယ်။ အဲဒီလိုအမှုတွေ ဆိုရင်လည်း အောင်မြင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီက အန်ဂျီအိုတွေက အဲလိုကိစ္စမျိုးကို အသည်းအသန် ဆောင်ရွက်ပေးကြလေ့ရှိပါတယ်။ အမှုတိုင်းတော့ အဆင်မပြေနိုင်ဘူးပေါ့ဗျာ။ ကျနော်တို့မှာလည်း မလုပ်နိုင်တဲ့ အတိုင်းအတာတွေ အများကြီးရှိပါတယ်” ဟု ကိုကျော်ထူးအောင်က ရှင်းပြသည်။
မလေးရှားရောက် မြန်မာအထည်ချုပ်အလုပ်သမား (၁၆) ဦး အလုပ်ရှင် မစ္စတာကူးမား၏ ဖိနှိပ်မှုများကြောင့် ဒုက္ခရောက်ခဲ့ကြရပြီးနောက် မလေးရှားအစိုးရ၏ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားစစ်ဆင်ရေးတွင်လည်း ပတ်စ်ပို့ကိုင်ဆောင်ထားသူ မြန်မာအမျိုးသမီး မစိုးစိုးထွေးနှင့် အခြားအမျိုးသမီး လေးဦးတို့ ဖမ်းဆီးခံထားရသည်ဟု သတင်းများ ပေါ်ထွက်နေသည်။
“မစိုးစိုးထွေးကို KLLA Depositation ရုံးမှာ ချုပ်ထားတယ်။ သူ့ရဲ့ ဘော်ဒီနံပါတ် (ဖမ်းဆီးခံနံပါတ်) က c-2554 လို့ သိရတယ်။ သူ့အလုပ်လုပ်ကိုင်ခွင့် စာအုပ်မှာ ဖော်ပြထားတာနဲ့ သူအလုပ်လုပ်နေတဲ့ နေရာကွဲပြားနေလို့ ဖမ်းဆီး ထားတာ။ သူက ပတ်စ်ပို့ရှိပါတယ်။ ကျနော်တို့လည်း သူ့အတွက် ကြိုးစားနေတာပဲ။ ဟိုတနေ့ကပဲ ကျနော်တို့ အဖွဲ့ဝင်တယောက်သွားတွေ့တာ တွေ့ခွင့်မရခဲ့သေးဘူး” ဟု BWRPC မှ ကိုရဲမင်းထွန်းက ဆိုသည်။
လွန်ခဲ့သော လအတွင်းက လူသိများခဲ့သည့် မြန်မာအထည်ချုပ်အလုပ်သမ (၁၆) ဦးကို ထိန်းသိမ်းပေးထားခဲ့ရသည့် BWRPC အဖွဲ့ဝင်များကို ပြည်တွင်းရှိ မြန်မာအမျိုးသမီးရေးရာအဖွဲ့၊ သတင်းတပ်ဖွဲ့တို့က အလုပ်သမမိသားစုများထံ ချည်းကပ်၍ ယင်းအဖွဲ့ကို အမှုဖွင့်ရန် ဖိအားပေးနေသည်ကို ပြန်လည်ကြားသိရကြောင်း ကိုရဲမင်းထွန်းက ဆက်လက်ပြောဆိုသည်။
“ကောင်မလေးတွေ မိဘတချို့က ဖုန်းဆက်တယ်ဗျာ။ ငါ့တူရေ တို့ဆီကို အမျိုးသမီးရေးရာအဖွဲ့တွေလာပြီး သမီးမိန်းကလေးတွေကို ဘာလို့ နိုင်ငံခြားလွှတ်ရလဲ။ ဘာလဲနဲ့လာပြောတယ်။ အခုဒီလိုဖြစ်နေပြီဆိုတော့ ဒီမှာကျန်တဲ့ မိသားစုတွေက လုပ်စရာရှိတာလုပ်ရမယ်ဆိုပြီး လာပြောတယ်တဲ့။ အမှုလည်း ဖွင့်ခိုင်းနေတယ်ဆိုတော့ ကျနော်ကလည်း ဖွင့်ပေါ့။ နောက်မှ သူတို့ပြောတာက ဟာ..မဟုတ်ဘူး။ အခု အမှုဖွင့်ခိုင်းတာက မင်းတို့အဖွဲ့ကို ဖွင့်ခိုင်းနေတာ။ တရားမ၀င် အဖွဲ့အစည်းတခုကနေ မြန်မာသံရုံးနဲ့ ပေးမတွေ့တာ။ မိန်းကလေးတွေကို အစာရေစာ ၀၀လင်လင် မကျွေးတာတွေရှိတယ်လို့ ထွက်ဆိုပြီး အမှုဖွင့်ခိုင်းနေတယ်လို့ ကျနော်တို့ကို မိဘတွေက ပြန်ပြော တယ်လေ။ ကျနော်တို့က သံရုံးနဲ့ ပေးမတွေ့တာလည်း မဟုတ်ဘူး။ အစားအတွက်ဆိုလည်း သူတို့အတွက် ၀ယ်ထားတဲ့ ဆန်အိတ်တွေ အခုထိရှိသေးတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
အဆိုပါ အမျိုးသမီး (၁၆) ဦး မစ္စတာကူးမား၏ လုပ်ငန်းခွင်မှ ထွက်ပြေးလာချိန်၌ BWRPC ရုံးခန်းတွင် လက်ခံထား ရှိခဲ့ပြီး ယခုအခါ တင်နာဂါနိတခေါ် အမျိုးသမီးအဖွဲ့တခုက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ အဆိုပါအမျိုးသမီး အဖွဲ့ထံ မပြောင်းရွှေ့မီ ရင်ကျော်နှင့် မသန်းရင်တို့ နှစ်ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့်ပင် မြန်မာနိုင်ငံသို့ ပြန်သွားကြ သည်။
ကျန်ရှိခဲ့သည့် မြန်မာအထည်ချုပ်အလုပ်သမား (၁၄) ဦးထဲမှ အမျိုးသမီးတဦးက “အစစအရာရာအဆင်ပြေပါတယ်။ သမီးတို့အားလုံး အတူတူရှိနေကြပါတယ်။ အမျိုးသမီးရေးရာအဖွဲ့တွေက အဲလိုပြောတယ်ဆိုတာ ပြန်တော့ကြားရ တာပေါ့နော်။ ကိုယ်မဟုတ်ဘဲနဲ့ အဲလိုပြောနေတော့ မပြောပြတတ်ဘူးရှင့်။ ဘယ်လိုပြောရမလဲ။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့တိုင်ချင်တာလဲ သမီးတို့မသိဘူးလေ။ သမီးတို့ကို ဦးရဲတို့က အများကြီး အကူညီပေးထားတာပဲ။ ဟို..မဟုတ်တဲ့ ကိစ္စကို လိမ်ပြီးတော့လည်း မပြောတတ်ဘူးရှင့်။ မဟုတ်ဘဲနဲ့ ပြောတဲ့စကားတွေကိုလည်း မိဘတွေ မယုံစေချင်ဘူး။ သမီးတို့က ကိုယ်တွေ့ခံစားရတာဆိုတော့။ သမီးတို့ပြောတာကိုပဲ ယုံစေချင်တယ်။ ဦးရဲတို့ကလည်း အများကြီး တာဝန်ယူတယ်။ အမှုအတွက် သွားရတဲ့အခါမှာလည်း ရှေ့နေအမျိုးသမီးကြီးနဲ့ ဦးရဲတို့ အဖွဲ့က လိုက်ပို့ပေးတယ်။ ပတ်စ်ပို့စာအုပ်တွေ ပြန်မရသေးပါဘူး။ ဒီမှာနေရတာ အဆင်ပြေပါတယ်” ဟု ပြန်လည် ဖြေကြားသည်။
ခေတ်ပြိုင်မှတင်ပြသည်။
Thursday, March 12, 2009
မလေးရှားမှမြန်မာအမျိုးသမီးဒုက္ခသည်များ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment