Monday, March 9, 2009

၂၀၀၉ တိုက်ပွဲခေါ်သံ




လျှပ်စစ်မီး လုံးဝ မရသလောက် ဖြစ်နေသည်ကို အကြောင်းပြုပြီး မတ်လ (၆) ရက်နေ့ညက မော်လမြိုင်မြို့တွင် ဆူပူဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူ ကျောင်းသားတဦးနှင့် မြို့ခံများက ပြောပြသည်။

ကိုယ်တိုင်ပါဝင်ခဲ့သူ ကျောင်းသားတဦးက "ကျနော်တို့ အတန်းတင်စာမေးပွဲဟာ လာမယ့် မတ်လ (၁၁) ရက်နေ့ဆို ဖြေရတော့မယ်။ မီးက လုံးဝ မလာသလောက်ဘဲ။ ကျနော်တို့ အားလုံး အတော်ဒုက္ခရောက်တယ်။ မိဘတွေလည်း ဒုက္ခရောက်တယ်။ ဒါနဲ့ တောင်ဝိုင်းဘက်မှာ ကျနော်တို့ စုမိကြတယ်၊ တက္ကသိုလ် ကျောင်းသားတွေလည်းပါတယ်။ ဆိုင်ကယ်နဲ့ ညဘက် မီးစက်တွေကို သွားဝိုင်းကြမယ်၊ တမြို့လုံး လှည့်အော်ကြမယ် တိုင်ပင်ပြီးထွက်ကြတာ၊ စစခြင်း ကျနော်တို့ ဆိုင်ကယ် အစီး (၂ဝ) လောက်ပဲ။ နောက်လှည့်ရင်းနဲ့ အစီး (၇ဝ) ကျော် နောက်ပိုင်း အစီး (၁ဝဝ) လောက်အထိ များလာတယ်။ တချို့ ကျောင်းသားတွေက စိတ်မထိန်းနိုင်ဘဲ မန္တလေးရပ်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး စည်းရိုးတွေကို ချိုးဖျက်ကြတယ်။ အများစုကတော့ ရုံးကို ခဲတွေနဲ့ ပေါက်ကြတယ်။ နောက် ငန်းတေးရပ်က မီးစက်ကြီးကို အော်ဟစ် ခဲနဲ့ပစ်ကြတယ်။ ညဘက်ဆိုတော့ ဘယ်သူတဦးတယောက်မှ ထိခိုက်မှု မရှိပါဘူး" ဟု ပြောသည်။

မြို့ခံများ၏ ပြောပြချက်အရ ကျောင်းသားများသည် ဆိုင်ကယ်ကိုယ်စီ စီးပြီး ညဦးပိုင်းမှ ညနက်သည်အထိ မန္တလေးရပ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးရပ် မီးစက်နှင့် အခြားမြို့တွင်းနေရာ အတော်များများကို လှည့်လည်ဆန္ဒပြခဲ့ကြသည်။

စိတ်ဝင်စားသူ လူအုပ်ကြီးကလည်း ဆိုင်ကယ်များဖြင့် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ နောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘက်သို့ ဆိုင်ကယ်အုပ်ကြီး ချီတက်သွားသည့်အခါ လျှပ်စစ်မီး ထိန်ထိန်လင်းနေသည့် တိုင်းစစ်ဌာနချုပ် အဆောက်အဦ ဘားတိုက်များကို မြင်ရသည့်အခါ ပိုမို ဒေါသထွက်လာကြကြောင်း၊ သို့သော် စစ်တပ်ပတ်ဝန်းကျင်ဖြစ်သည့်အတွက် အော်ဟစ်ခြင်းသာ လုပ်ပြီး ပြန်လှည့်လာကြကြောင်း ပြောပြသည်။

ယခုကဲ့သို့ ဆူပူဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် မတ်လ (၇) ရက်နေ့ နံနက်မှ စတင်ကာ ထူးထူးဆန်းဆန်း တမြို့လုံး လျှပ်စစ်မီးရနေခြင်း ကြုံရကြောင်း မြို့ခံများက ပြောပြကြသည်။

မြို့ခံတဦးကမူ မော်လမြိုင်မြို့ကို လျှပ်စစ်မီးပေးနေခြင်း သထုံသဘာဝဓာတ်ငွေ့သုံး စက်ရုံနှင့် မော်လမြိုင် ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်ကြောင်း၊ ယခုနောက်ပိုင်း သထုံကလာသည့် လျှပ်စစ်ဓာတ်အားများကို တိုင်းစစ်ဌာနချုပ်ကသာ သုံးရကြောင်း၊ ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည်လည်း နဂိုက မီးထိုးဆီ အက်ဖ်အိုဖြင့် လည်ပတ်နေရာမှ နောက်ပိုင်း သဘာဝဓာတ်ငွေ့နှင့်လည်ရန် ပြောင်းလဲထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် သဘာဝဓာတ်ငွေ့မရသဖြင့် စက်မလည်နိုင် ဖြစ်ခဲ့သည်။

ဆန္ဒပြပွဲဖြစ်ပြီးနောက် မတ်လ (၇) ရက်နေ့ တမြို့လုံး မီးလင်းနေသည့် ဖြစ်စဉ်ကိုကြည့်လျှင် အာဏာပိုင်များသည် လျှပ်စစ်မီးပေးနိုင်ပါလျက် မပေးဘဲ ညစ်ထားသည်မှာ သိသာကြောင်း၊ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားရောင်းစားပြီး ဒေါ်လာရှာရေးအတွက်သာ သိကြသည်ဟု တတိုင်းပြည်လုံး သိကြောင်း ကျောင်းသားများက ပြောပြသည်။

အခြားမြို့ခံတဦးကမူ ယခုကဲ့သို့ ဆူဆူပူပူလုပ်မှ လျှပ်စစ်မီးရမည်ကိုသိလျှင် အလားတူ ဆူပူမှုမျိုး မြန်မာတနိုင်ငံလုံး ပျံ့နှံ့သွားနိုင်ကြောင်း သုံးသပ်သည်။
စစ်အစိုးရသည် လျှပ်စစ်မီး တိုးတက်ရရှိအောင် ရေအားလျှပ်စစ်စီမံကိန်းများ မည်သို့ အကောင်အထည် ဖော်နေပါသည်ဆိုပြီး သတင်းစာ၊ ရုပ်မြင်သံကြားများမှ နေ့စဉ် ဝါဒဖြန့်နေသော်လည်း ယခုနှစ်သည် လျှပ်စစ်မီး အနည်းဆုံးရရှိသည့် နှစ်တနှစ်အဖြစ် ရန်ကုန်မြို့ခံများနှင့် အခြားနယ်မြို့ခံများက ပြောပြကြသည်။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: