Friday, March 13, 2009

မြန်မာပြည်၏ မျှော်လင့်ချက် ဒေါ်စုဟု ဟီလာရီ ပြောဆို



[အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်]

Friday, 13 March 2009 19:17 ဧရာဝတီ


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ပြည်သူများအတွက် အင်အားနှင့် မျှော်လင့်ချက် အလင်းရောင်ဖြစ်သည် ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

မတ်လ ၈ရက်နေ့၌ ကျရောက်ခဲ့သော နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကျင်းပ ပြုလုပ်သော အခမ်းအနားတွင် မစ္စ ကလင်တန်မှ ထိုမှတ်ချက်စကားကို ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မစ္စ ကလင်တန်က“အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ် နှစ်ခု ကာလ လောက် နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာတ၀န်းလုံးက လူသားတွေရဲ့ မျှော်လင့်ချက် ရောင်ခြည်၊ ခွန်အားနဲ့ လွတ်မြောက်ရေးအဖြစ် သူမ ဆက်လက်တည်ရှိနေဆဲဖြစ်တယ် လို့ ကျမညွှန်းဆိုချင်ပါတယ်” ဟုပြောသည်။



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်
ယင်း အခမ်းအနားတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက နှစ်စဉ်ဆုချီးမြှင့်နေကျဖြစ်သည့် နိုင်ငံတကာ ရဲရင့်စွမ်းအားရှင် အမျိုးသမီးများအနက် ယခုနှစ်တွင် ၈ဦးကို ရွေးချယ်ဂုဏ်ပြုခဲ့သည်။ ထိုအမျိုးသမီးဆုရှင် များတွင် ပါကစ္စတန်၊ အာဖဂန် နစ္စတန်၊ ရေမန်၊ ရုရှ၊ နီဂါ၊ အုပက်ကစ္စတန်၊ မလေးရှား၊ အီရတ် နိုင်ငံများမှ အမျိုးသမီးများဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးက ကြောက်မက်ဖွယ် အစော်ကားခံခဲ့ရပြီး သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရသူ ပါကစ္စတန်မှ မူခ်ထာ မိုင်အကြောင်းလည်းပြောဆိုသွားခဲ့သည်။ မူခ်ထာသည် သူလျော်ကြေးရရှိသော ငွေများကို ပါကစ္စတန်ရှိ ကျေးလက်နေ ဆင်းရဲသားများ ပညာရေးအတွက် ကူညီပေးခဲ့သည်။

“ဒီအမျိုးသမီးတွေဟာ ကမ္ဘာပေါ်ရှိ တခြားအမျိုးသမီးတွေအတွက်သာ မဟုတ်ပါဘူး၊ ယောက်ျား၊ မိန်းမ အားလုံးအတွက် ခွန်အားဖြစ်စေပါတယ်၊ သူတို့ရဲ့သတ္တိနဲ့ လုပ်ဆောင်မှုဟာ လူမှုအဖွဲ့အစည်း တခုလုံး အတွက် ဘုရားသခင်ပေးတဲ့ ဆုလာဘ် အခွင့်အလမ်းတခုလိုပါပဲ” ဟုလည်း မစ္စ ကလင်တန်ကဆိုသည်။

ထိုအမျိုးသမီးများသည် မဲပေးခွင့်ရရုံ သို့မဟုတ် လုပ်အားခ တန်းတူရရေး၊ အိမ်တွင်းအကြမ်းဖက်မှု ပပျောက် ရေး၊ ထုတ်ဖော်ပြောဆိုခွင့်၊ ကိုးကွယ်ခွင့်နဲ့၊ ဖွဲ့စည်းခွင့်တို့ အတွက်မှာသာ ကန့်သတ်မနေ တော့သည့် ၂၁ ရာစုခေတ် အမျိုးသမီးအခွင့်အရေးကို နားလည်ကြသည်ဟု သူက ပြောသည်။

မစ္စ ကလင်တန်က“အဲဒီအကြောင်းကိစ္စတွေဟာ အရေးပါလှပြီး လိုအပ်တာတွေလည်း ဖြစ်တယ်။ ဒါပေမယ့် အဲဒီလောက်နဲ့ မလုံလောက်တော့ဘူးလေ။ အမျိုးသမီးအခွင့်အရေးတွေကို လုံခြုံလာစေဖို့ ကျမတို့ ဟာ စီးပွားရေး အခွင့်အလမ်းတွေနဲ့ စီးပွားရေးလုံခြုံမှုတွေကိုလည်း ဖန်တီးရပါမယ်” ဟု ပြောသည်။

“ကျမတို့ရဲ့ အနာဂတ်ကို အာမခံနိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ပြီးတော့ ပညာရေးကောင်းမွန်အောင် ကူညီဖို့ လုပ်ရပါလိမ့်မယ်။ ဒါမှ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေ ပိုမိုတိုးပွားလာမှာဖြစ်ပါတယ်”ဟု သူက ဆက် ပြောသည်။

မစ္စ ကလင်တန်က ဖိနှိပ်မှုရှိသည့်နေရာတိုင်းတွင် အမျိုးသမီးများ ထကြွ ရပ်တည်ရန်လိုသည်ဟု လည်း ပြောဆိုလိုက်သည်။

“အကြမ်းဖက်မှုရှိတဲ့ နေရာတိုင်းကို ကျမတို့ အမျိုးသမီးတွေအနေနဲ့ ဆုံးခန်းတိုင်သွားအောင် လုပ်ရပါမယ်။ ဆင်းရဲမွဲတေမှုနဲ့ နာမကျန်းဖြစ်နေတဲ့ အမျိုးသမီးတိုင်းကို စောင့်ရှောက်မှုပေးရပါလိမ့်မယ်။ ကျမတို့ ကမ္ဘာမြေပေါ်ရှိ နေရာတိုင်းက အန္တရာယ်ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ဖို့ လုပ်ရပါလိမ့်မယ်” ဟု လည်း မစ္စ ကလင်တန်က ပြောဆိုခဲ့သည်။

ဧရာဝတီမှတင်ပြသည်။

0 comments: