Thursday, December 18, 2008

ရန်ကုန် တရားပွဲပါမစ်များ ပိတ်

လာမည့် ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်း အတွင်း တရားပွဲ ပါမစ်များ အသစ် လျှောက်ခွင့် ပိတ်ပင် လိုက်ပြီ ဖြစ်ကြောင်း တရားပွဲ စီစဉ် ကျင်းပ နေသူများ ထံမှ သိရသည်။

“လုပ်လက်စပွဲတွေ ဆက်လုပ်ခွင့်ပေးတယ်။ ထပ်တင်တာတွေတော့ လက်မခံတော့ဘူး။ အနည်းဆုံး တလ ပိတ်မယ်လို့ပြောတယ်” ဟု တရားပွဲများကို ဦးဆောင်စီစဉ် ကျင်းပနေသူ တဦးကပြောသည်။

တရားပွဲများ ကျင်းပမည်ဆိုလျှင် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် အုပ်ချုပ်သူ အာဏာပိုင်များထံ အနည်းဆုံး မိမိကျင်းပလိုသည့် နေ့ရက်ထက် ၂ လခန့်စော၍ တင်ပြရသည်ဟု ၎င်းကဆက်ပြောသည်။

“ကျနော်တို့က မတ်လထဲမှာ ပွဲကျင်းပဖို့ သွားလျှောက်တာ။ ခုလက်မခံသေးဘူး။ ဖေဖော်ဝါရီလထဲ ကျမ သွားတင်ကြည့်ရတော့မယ်” ဟု သူကဆိုသည်။

ထိုသို့ တင်ပြရာတွင် ဟောပြောမည့် ဆရာတော်၏ အထုပ္ပတ္တိအကျဉ်းကို တင်ပြရပြီး ဟောပြောမည့် ဆရာတော် အနေနှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့ကို ထည့်သွင်း ဟောကြားမည် မဟုတ်ကြောင်း ဝန်ခံကတိ ပေးရသည်။ အကယ်၍ ၎င်းအချက်များကို ထည့်သွင်း ဟောပြောခဲ့လျှင် ဟောပြောသည့် သံဃာနှင့် ပွဲစီစဉ်သူ ၂ ဦးစလုံး အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

သာကေတမြို့နယ်တွင် နေထိုင်သည့် တရားပွဲစီစဉ်သူ တဦးက “လောလောဆယ်တော့ လျှောက်လွှာတွေ လုံးဝပိတ်ထားတယ်။ ဆရာတော်တပါး ပြောတာတော့ နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေ ရန်ကုန်မှာ လာနေမှာမို့လို့ ဆူသံပူသံတွေ မကြားချင်လို့တဲ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များ အပါအဝင် စစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များမှာ နေပြည်တော် တွင် မနေချင်ကြဘဲ ရန်ကုန်တွင်သာ နေထိုင်လိုကြကြောင်း စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။ ဆက်လက်၍ ၎င်းက ယခုကဲ့သို့ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ရန်ကုန်၌ ပွဲလမ်းသဘင်များ အလွန်များပြားသောကြောင့် ဗိုလ်ချုပ်ကြီးများနှင့် မိသားစုဝင်များ ရန်ကုန်ဆင်းနေခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“နေပြည်တော်က အရမ်းခြောက်ကပ်တော့ ဘယ်သူမှ မနေချင်ကြဘူး။ ခုလို ပွဲတွေလမ်းတွေ များတဲ့ ရာသီဆိုပိုဆိုးတာပေါ့” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် တရားပွဲပါမစ်များ ပိတ်ပင်ထားသော်လည်း ဂီတနှင့် တခြားသော စင်မြင့်ဖျော်ဖြေပွဲများ ကျင်းပနေမြဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

“ဟစ်ဟော့ပွဲတွေ၊ စတိတ်ရှိုးတွေနဲ့ တခြား ပါတီပွဲတွေကတော့ ရှိနေတာပဲ။ မျှော်စင်ကျွန်းမှာဆို ဒိတ်ရဖို့ တောင်မလွယ်ဘူး” ဟု ရန်ကုန်မြို့ခံ သတင်းသမားတဦးက သုံးသပ်သည်။

ဧရာဝတီမှတင်ပြသည်။

0 comments: