Thursday, December 18, 2008

ပစ်တိုင်းထောင်နိုင်ငံတဲ့ဗျို့

ကမ္ဘာ့ငွေကြေး အကျပ်အတည်း ဖြစ်နေချိန် စစ်အစိုးရလက်အောက် ဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်းနေတဲ့ ကျနော်တို့ နိုင်ငံဟာ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းရမယ့် နည်းလမ်း မရှိပါဘူး။ လှိုင်းထန်ထန်မှာ လှေပေါက်နဲ့ သွားနေရသလိုပါ။ ဒီလို အခြေအနေမျိုးမှာ ကြေးမုံဆောင်းပါးရှင် ကျော်ရဲမင်းရဲ့ "ပစ်တိုင်းထောင်နိုင်ငံ၊ ပစ်တိုင်းထောင်လူမျိုးမို့ အပြုံးပျက်ဖို့ မလိုပေါင်" ဆောင်းပါးကို ဖတ်ပြီး မပြုံးဘဲ ၀ါးလုံးကွဲသာ ရယ်(ရီ) လိုက်ချင်ပါရဲ့ဗျာ။

ကမ္ဘာ့အကျပ်အတည်းက အဆိုးဆုံးကို ကျော်ဖြတ်နေချိန်မှာ မြန်မာ့စီးပွားရေး ပျက်ကပ်ကလည်း ထပ်ချပ်မကွာ လိုက်နေတာပါ။ ဒါကို မြန်မာပြည်သူတွေ မျက်မြင်ကိုယ်တွေ့ပါပဲ။ စစ်အစိုးရက ဘတ်ဂျက် မကျအောင် စက်သုံးဆီ ဈေးနှုန်း မချ၊ စားအုံးဆီ ဈေးနှုန်းကို မေ့သယောင်ယောင်လုပ်၊ ရန်ကုန်ကို မီးဖြတ်ပြီး ဂက်စ်တွေ ပိုထုတ်ရောင်း၊ နာဂစ်ကယ်ဆယ်ရေးကို UN နဲ့ လူမှုအဖွဲ့အစည်းတွေကိုပဲ အားကိုး၊ ကိုယ်တိုင်ကျ ကယ်ဆယ်ရေးတွေ ရပ်၊ စစ်အစိုးရနဲ့ အလွမ်းသင့်သူတွေပဲ လုပ်ကိုင်ခွင့်ပေးထားတဲ့ ဆန်ပို့ကုန်တွေ၊ သစ်ပို့ကုန်တွေကို သူတို့တွေ ရောင်းမရတော့မှ လွတ်လပ်ခွင့် ပေးသလိုလိုနဲ့ လွတ်လပ်စွာ တင်ပို့ခွင့်ရပြီလို့ ကြေညာတာပါဗျာ။

ဘယ်လိုပဲ ဖန်တီးပါစေ၊ မြန်မာ့စီးပွားရေးက လှုပ်ခါရမ်းနေရာက ဖုတ်ကနဲ ပြုတ်ကျလာတာ ပြည်သူတွေ အသိပါ။ ဒီအခြေအနေမှာ နေပြည်တော်က ''ဟင်းရွက်၊ ကန်ဇွန်းရွက်ဈေး မတက်ဘူး။ ဈေးကျလို့ ငါတို့တော့ ဘာမှ မဖြစ်ဘူးဟေ့'' လို့ လှမ့်အော်နေတာ လူမိုက်နဲ့ ပညာနဲပါးတဲ့ အတွေးအခေါ်မှန်း လူတိုင်း သိပါ့။

ဈေးကျပြီဆိုလို့ အရှုံးကြီးရှုံးပြီး ဆက်မစိုက်နိုင်တဲ့ တောင်သူတွေအတွက် တွေးမပူဘူးလား။ တောင်သူငတ်တော့ စိုက်ပျိုးရေး အဓိကထားတဲ့ ရွှေနိုင်ငံကြီးကော ဘာဖြစ်သွားမလဲ။ အခုဆိုရင် ပဲလုပ်ငန်းကတင် ဒေါ်လာ သန်း ရာချီပြီး အရှုပ်အရှင်းတွေ ဖြစ်နေတယ်။ ပဲဈေးက မဖြစ်စဖူး၊ တတန်ကို ၆၀ ရာခိုင်နှုံးအထိ ဈေးကျနေပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆိုတာကလဲ အံ့သြဖွယ်ရာပါပဲ။ ၁၂၀ ကျပ်ကနေ ၂၄၀ ကြားမှာပဲ ပေါက်ဈေးရှိလို့ စိုက်ပျိုးသူတွေ ပြန်မစိုက်နိုင်ပါဘူး။

ဆောက်လုပ်ရေးတွေ ရပ်နေပါတယ်။ ကုန်သွယ်မှုမရှိတော့ဘဲ ကမ္ဘာနဲ့ မြန်မာ ကူးလူးဆက်ဆံရေး နှေးသွားလို့ ဒေါ်လာဈေးက ကျပ် ၁၁၀၀ စွန်းစွန်းအထိ ကျလာပါပြီ။ ကား၊ ဆိုင်ကယ် အရောင်းအ၀ယ်က တနေ့မှာ တစီးမှ ရှိသေးရဲ့လား မသိ။ ခရီးသွားလုပ်ငန်းဆို ၇၀ ရာခိုင်နှုံးလောက်ကျပြီး ရပ်ဆိုင်းလုပါပဲ။ ကျောက်မျက်ဈေးကွက်က ပျက်နေတယ်။ လျှပ်စစ်ကုန်ပစ္စည်းတွေ ဈေးခေါက်ချိုးကျပြီး ရပ်နေပါတယ်။

ဒီလိုအခြေအနေမှာ သတင်းစာထဲက လျှပ်စစ်မီး လင်းပြ၊ စီးပွားရေး ကောင်းပြ လုပ်နေတာ အကျိုးမရှိပါ။ အာဆီယံ နိုင်ငံတွေနဲ့ ဆွေးနွေး၊ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ မျက်ခြေမပြတ်လုပ်၊ ပြည်သူကို သတိဝိရိယနဲ့ နေဖို့၊ စီးပွားပျက်ကပ်မှာ နေနည်းထိုင်နည်းတွေကို သင်ပေးဖို့ လိုနေပါပြီဗျို့။

ကိုစိုး
ရန်ကုန်

Mazzima မှတင်ပြသည်။

0 comments: