Friday, July 25, 2008

ရွှေဝါရောင်ကို ကူညီခဲ့သူ မြန်မာမွတ်စလင် ကျောင်းသားများ ရဲဘက်စခန်းပို့

နယူးဒေလီ။ ။ ရွှေဝါရောင် လှုပ်ရှားမှုအတွင်း သံဃာတော်များကို ရေနှင့် အခြားပစ္စည်းများ လှူဒါန်းသည့် အတွက် မြန်မာ-မွတ်စလင် ကျောင်းသား ၁ဝ ဦးကို အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ကာ ရဲဘက်စခန်းများသို့ ယခုတပတ်အတွင်း ပို့ဆောင်လိုက်ကြောင်း အေအေပီပီ က ယနေ့ ပြောဆိုလိုက်သည်။

၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ယခုလို ပါဝင်ခဲ့သဖြင့် အောက်တိုဘာလ ၂ဝ ရက်နေ့က မြန်မာ-မွတ်စလင် ကျောင်းသား ၁ဝ ဦးကို ဖမ်းဆီးပြီးနောက် ကျောက်တံတားမြို့နယ် တရားရုံးက ယခုတပတ်အတွင်း ရုံးထုတ်စစ်ဆေးကာ ထောင်ဒဏ်၂ နှစ် အမိန့်ချမှတ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၏ အမိန့်ဖြင့် ရဲဘက်စခန်းများသို့ ပို့လိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီက ယနေ့တွင် ကျေညာချက် ထုတ်ပြန်ကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီအပတ်ထဲမှာ သူတို့ကို ရုံးထုတ်တယ်။ ရုံးထုတ်ပြီးတော့ ထောင် ၂ နှစ်စီ ချလိုက်တယ်။ ထောင်ရောက်တာနဲ့ ဒေါက်ခြေချင်းခတ်ပြီး ရဲဘက်စခန်းကို ပို့လိုက်တယ်။ အဓိက ဘာသာရေး ဖိနှိပ်မှုတခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ တမင်သက်သက် လုပ်တယ်လို့ ကျနော်တို့ မြင်တယ်” ဟု အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

သူတို့ကို ကျိုက်မရော ဘဝသစ်စခန်း အမှတ် ၆၊ ပန်း ဘဝသစ်စခန်း အမှတ် ၇၊ တောင်စွန်၊ ဇင်းကျိုက် ကျောက်ထုစခန်းနှင့် ယင်းယိမ် (Yinnyein) ကျောက်ထုစခန်းများသို့ ပို့ဆောင်ခဲ့သည်ဟု အေအေပီပီ ကျေညာချက်က ဆိုသည်။

၁၉၉ဝ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဘာသာရေးအရ အာဏာပိုင်များနှင့် အဆက်အဆံ မပြုလုပ်ရေး ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့သည့် သံဃာတော် အချို့အား သာသနာတော် ညှိနွမ်းရန် ပြုမူသည်စွပ်စွဲကာ ရိုးရိုးပုဒ်မများတပ်ပြီး အဆိုပါ စခန်းများသို့ ပို့ဆောင်ရာတွင် အလုပ်ကြမ်းခိုင်းစေမှုနှင့် အာဟာရ ချို့တဲ့မှုကြောင့် သံဃာ ၁၉ ပါး ပျံလွန်တော်မူခဲ့သည်ဟု အေအေပီပီ က ဆိုသည်။

ကျေညာချက်ထဲတွင် အဆိုပါ ရဲဘက်စခန်းများသို့ ယခင်က နိုင်ငံရေး အကျဉ်းသားများကို ပို့ဆောင်ခြင်း မရှိခဲ့ဖူးကြောင်းလည်း ရေးသားထားသည်။

ကိုတိတ်နိုင်က “ရဲဘက်ဆိုတာက သာမန်လူတယောက် အနေနဲ့တောင်မှ တော်တော်ကို ဖြတ်သန်းရတဲ့ ကိစ္စ။ သံဃာတော်တွေ၊ လူငယ်ကျောင်းသားတွေကို အသက်ရှင်ဖို့တောင်မှ မလွယ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်” ဟု ပြောသည်။

ရဲဘက်စခန်းများသို့ ပို့ဆောင်ခံရသည့် မြန်မာနိုင်ငံသား မွတ်စလင် ကျောင်းသား ၇ ဦးမှာ ထွန်းမြင့်အောင်၊ အီစွပ် ခေါ် သောင်းထွဋ်၊ ညီညီဇော် (တတိယနှစ် စိတ်ပညာကျောင်းသား၊ အရှေ့ပိုင်း တက္ကသိုလ်)၊ ကျော်လှိုင် ခေါ် ဂျပန်ကြီး၊ မျိုးသန့်၊ မျိုးဝင်း၊ နိုင်လင်းဦးတို့ဖြစ်ပြီး၊ မြန်မာကျောင်းသားလူငယ် ထွန်းထွန်းနိုင်၊ နိုင်လင်းနှင့် ဟန်သော်မင်းအောင် (ဒလ) တို့ ဖြစ်သည်။

“သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားဆိုရင် သူတို့က ဘာသာရေးတွေကို စိုးရိမ်ပုံရတယ်။ သံဃာတော်တွေ ခေါင်းမထောင်နိုင်အောင်၊ ဗုဒ္ဓဘာသာတွေကို ခေါင်းမထောင်နိုင်အောင် လုပ်သလို၊ မွတ်စလင် ဘာသာဝင်တွေ၊ ခရစ်ယာန် ဘာသာဝင်တွေ၊ ဟိန္ဒို ဘာသာဝင်တွေကို ဘာသာရေးနဲ့ ပတ်သက်လာရင် ပိတ်ဆို့မှုတွေ ရှိလာတယ်။ ဘာသာရေးနဲ့ ပြင်းပြင်းထန်ထန် နှိပ်ကွပ်တော့မယ် ဆိုရင်တော့ ကျနော်တို့အနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သလို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိတဲ့ အဖွဲ့အစည်း အသီးသီးကို ခြိမ်းခြောက်နေတဲ့ သဘောမျိုး ရှိနေတယ်” ဟု အေအေပီပီ အတွင်းရေးမှူးက ပြောဆိုလိုက်သည်။

ယနေ့ထုတ်ပြန်သည့် ကျေညာချက်ကို ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ အစိုးရများ သိရှိရန်အတွက် ပေးပို့လိုက်ကြောင်းလည်း သိရသည်။

Mazzimaမှတင်ပြသည်

0 comments: