Saturday, July 26, 2008

ဆိုင်ကလုံးအကူအညီများ ပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂပြောကြား

AP သတင်းဌာန
ဇူလိုင် ၂၆၊ ၂၀၀၈

စစ်အစိုးရ၏ငွေလဲလှယ်မှု စည်းမျဉ်းများကြောင့် မုန်တိုင်းဒဏ် ကူညီရေး အလှူငွေ ၂၅ ရာခိုင်နှုန်းမက ဆုံးရှုံးနေရသည်ဟု ကုလသမဂ္ဂ အရာရှိတဦးက ယနေ့ပြောကြားလိုက်သည်။

ယင်းသို့ပြောလိုက်သူမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာရေးလုပ်ငန်းများ ညှိနှိုင်းရေးမှူး ဒန်ဘိတ်ကာ ဖြစ်သည်။

မုန်တိုင်းဒဏ်ကူညီရေးအတွက် လှူဒါန်းသူများမှာ စိတ်အားထက်သန်မှု လျော့နည်းလာကြောင်း၊ အလှူငွေများ ဆုံးရှုံး ပျောက်ဆုံးသည့်အတွက် ၎င်းအလှူရှင်များ စိတ်ပျက်သွားနိုင်ကြောင်းကို ဒန်ဘိတ်ကာက စိုးရိမ်သည်ဟု ဆိုသည်။

“ဒါ တကယ်ကြီးမားတဲ့ ပြဿနာပဲ၊ အင်မတန် စိုးရိမ်ဖို့ကောင်းတယ်ဗျာ” ဟု ဆိုသည်။ “ဒီလောက်ရာခိုင်နှုန်း ဆုံးရှုံးမယ်ဆိုရင် အလှူရှင်တွေက ကျုပ်တို့ကို ပိုက်ဆံပေးတော့မှာ မဟုတ်ဘူး။ ဒီပြဿနာကို ကျုပ်တို့ ဒီအတိုင်း လွတ်ထားလို့မရဘူး” ဟု ပြောပြသည်။

မုန်တိုင်းအကူငွေများကို မြန်မာပြည်တွင် နိုင်ငံခြားငွေလက်မှတ် (FEC)အဖြစ် ဦးစွာ လဲလှယ်ရပြီး မြန်မာကျပ်ငွေသို့ ထပ်မံ လဲလှယ်ရသည်။ ဈေးကွက်တွင် ထို FEC လက်မှတ်များမှာ ဒေါ်လာပေါက်ဈေးထက် ၂၅ ရာခိုင်နှုန်း လျော့နည်းသည်။

၁၉၉၃ ခုနှစ်တွင် FEC လက်မှတ်စနစ်ကို စစ်အစိုးရက ဖန်တီးခဲ့သည်။ ငွေကြေး မှောင်ခိုဈေးကွက်အား တိုက်ဖျက်ရန် ဖြစ်သည်။ သို့သော်လည်း မှောင်ခိုဈေးကွက်မှာ ရှင်သန်ဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရားဝင်ငွေလဲနှုန်းမှာ ၁ ဒေါ်လာ ၆ ကျပ်ခန့်သာရှိသောကြောင့်ဖြစ်သည်။

ကုလသမဂ္ဂက မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးခဲ့ဖြစ်ကြောင်း၊ FEC လက်မှတ်စနစ်ဖျက်သိမ်းပေးရေးအတွက် တိုက်တွန်းခဲ့ကြောင်း ဘိတ်ကာက ပြောပြသည်။ ကုလသမဂ္ဂက အလှူရှင်တိုင်းပြည်များကို မုန်တိုင်းဒဏ်သင့်မြန်မာပြည်ကူညီရေးအတွက် ဒေါ်လာ သန်း ၂၉၀ လှူဒါန်းရန် ဖိအားပေးလျက်ရှိသည်။


0 comments: