Thursday, July 3, 2008

ဗကသကျောင်းသူ ၈ ကြိမ်မြောက် ရုံးထုတ်

ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 15:00 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဖမ်းဆီးခံရနေသူ ဗကသ ကျောင်းသူ မဟန်နီထွန်းအား အင်းစိန်ထောင်မှ ခေါ်ထုတ်ကာ အရှေ့ပိုင်းခရိုင် တရားရုံးတွင် ယမန်နေ့က ၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

၂ဝဝ၇ စက်တင်ဘာအတွင်း ရန်ကုန်မြို့ ယုဇနပလာဇာရှေ့ရှိ ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ဟု စွပ်စွဲကာ အာဏာပိုင်များက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ အသက် ၂၁ နှစ်အရွယ် မဟန်နီထွန်း (ဥပဒေ နောက်ဆုံးနှစ်) အား ဖမ်းဆီးခဲ့ရာမှ ယမန်နေ့က တာမွေမြို့နယ် အရှေ့ပိုင်းခရိုင် တရားရုံးတွင် ၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“တရားရုံးကတော့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းထူထောင်ခွင့် ရှိတယ်ဆိုတဲ့ သဘောတူညီချက် ရှိတယ်လေ။ ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းတွေ ပါတာပဲလေ။ အဲဒီ အခြေအနေမှာ ကျောင်းသားတွေဟာ အသင်းအဖွဲ့ ထူထောင်ဖို့ အဆင့်တောင် မလုပ်သေးဘူးနော်။ ကျောင်းသားတွေက သူတို့ခံစားချက်ပေါ်မှာ လူစုဝေးပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ပေါ့နော်။ ဆူပူ အကြမ်းဖက်လိုတဲ့ ဆန္ဒ မရှိဘူးပေါ့နော်။ သူတို့ လုပ်တာဟာ သဘောရိုးနဲ့ လုပ်တာပဲလေ” ဟု အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

မဟန်နီဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ လူထုကို ဆူပူအောင် လှုံ့ဆော်မှု ၅ဝ၅ (ခ)၊ တရားမဝင် လူစုဝေးမှု ပုဒ်မ ၁၄၃၊ ၁၄၅ နှင့် အဖွဲ့အစည်း တခုကို မှတ်ပုံတင်ထားခြင်း မရှိဘဲ အသင်းဖွဲ့စည်းမှု ပုဒ်မ ၆ တို့ဖြင့် တရားစွဲဆိုထားသည်။

ပြစ်မှုထင်ရှားပါက ပုဒ်မ ၁၂၄ (က) အရ ထောင်ဒဏ်တသက်တကျွန်း၊ ၅ဝ၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၆ အရ ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၁၄၃ မှာ အနည်းဆုံး ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ၊ ပုဒ်မ ၁၄၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေများ ကျနိုင်သည်ဟု ဦးအောင်သိန်းက ပြောဆိုသည်။

မိသားစုဝင် တဦးကမူ “ဆန္ဒပြစဉ် ဦးဆောင်တယ်ဆိုပြီး ပြောတယ်။ တကယ်တော့ အဲဒီနေ့က စာမေးပွဲ ဖြေနေတယ်။ အန်အယ်ဒီ အခမ်းအနား တို့၊ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ မွေးနေ့ပွဲ သွားတယ်။ အမေရိကန်စင်တာမှာ သွားပြီး သင်တန်းတွေ တက်တယ်ပေါ့ဗျာ။ ဘီဘီစီ၊ အာအက်အေ၊ ဗီအိုအေတို့နဲ့ ဆက်သွယ်တယ်ဆိုပြီး ပြောတယ်ဗျာ။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လူတွေနဲ့ ဆက်သွယ်တယ်ပေါ့နော်။ အဲလိုနဲ့ စွဲချက်တင်ထားတယ်” ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် တောင်ဥပလာပမြို့နယ် ၁၁ ရပ်ကွက်ရှိ အိမ်နံပါတ် ၅ဝ၅ တွင် သူငယ်ချင်း ၄ ဦးနှင့် အတူရှိနေချိန် စစ်ဖက်ဆိုင်ရာ လုံခြုံရေး၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များက ဗကသ ကျောင်းသားများ တွေ့ဆုံစုဝေးသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင်က “စာမေးပွဲ ဖြေနေပါတယ် ဆိုရင်တောင် ကျောင်းကို သွားပြီး ထောက်ခံစာ သွားတောင်းတာ မထုတ်ပေးဘူးဗျာ။ ပိတ်ဆို့ခံရတယ် လို့ ခံစားရတယ်ပေါ့ဗျာ။ တကယ်လို့ ဒါကို ထုတ်ပေးလိုက်ရင်၊ တရားဥပဒေ ပေါ်လွင်ရင် သူ့ဥပဒေအတိုင်း ကြိုက်သလို စီစဉ်ပေါ့နော်။ ကျနော်တို့ ဘာမှ ပြောပိုင်ခွင့် မရှိပါဘူးလေ။ ရသင့်တဲ့ဟာ မရတော့၊ ပိတ်ဆို့ခံရတယ်ဆိုတော့ စိုးရိမ်စရာ ဖြစ်လာတယ်ပေါ့နော်။ ပုဒ်မကကြီးတယ်၊ အသက်က ငယ်သေးတယ်” ဟု ပြောသည်။

မဟန်နီထွန်းတွင် အသက်ရှူကြပ်လေ့ရှိရာ ၂ လတကြိမ် ဆေးခန်းပြရသူဖြစ်ပြီး နာဂစ်မုန်တိုင်းနောက်ပိုင်း အသက်ရှူကြပ်လာသဖြင့် ထောင်တွင်း ဆရာဝန်နှင့် ပြသကာ နှလုံးဆေးများ သောက်နေရသည်။

ယမန်နေ့တွင် တရားရုံးက သက်သေအဖြစ် ရဲတပ်သား ၃ ဦးအား စစ်ဆေး မေးမြန်းခဲ့ပြီး၊ ယခုလ ၁၆ ရက်နေ့တွင် ထပ်မံ၍ ရပ်ကွက်အာဏာပိုင် ရယက တဦးနှင့် စွမ်းအားရှင်အဖွဲ့ဝင် တဦးအား စစ်ဆေးရန် လိုအပ်ကြောင်း မိသားစုဝင်က ပြောသည်။

Mazzimaမှတင်ပြသည်။

0 comments: