Thursday, July 3, 2008

ဆံပင်ရှည်နှင့် စက် ငြိမိကာ မြန်မာအလုပ်သမားတဦးသေဆုံး


သေဆုံးသွားသူ မဇင်မာမြင့် အသုဘအခမ်းအနား

မန်မာအလုပ်သမတဦး လုပ်ငန်းခွင်တွင် ဆံပင်နှင့် စက် ငြိမိသွားသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိ သေဆုံး သွားသည်။

မဲဆောက် မယ်ပအရပ်ရှိ ခြေစွပ်အလုပ်ရုံမှ အသက် (၁၇) နှစ်အရွယ် အလုပ်သမ မဇင်မာမြင့်သည် အင်္ဂါနေ့၌ အလုပ်လုပ်နေစဉ် စက်ပစ္စည်းတခု စက်ခုံ အောက်သို့ ကျသွားသည်ကို ကုန်းကောက်ရာမှ


သူမ၏ ဆံပင်ရှည်မှာ လည်ပတ်နေသောစက်နှင့် လုံးထွေးသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွား သဖြင့် မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယမန်နေ့၌ သေဆုံးသွားခြင်းဖြစ်သည်။

မြန်မာအလုပ်သမများသည် ဆံပင်ရှည်များကို သေသေသပ်သပ် ထုံးဖွဲ့စည်းနှောင်ခြင်းမပြုဘဲ စက်ရုံအလုပ်ရုံအတွင်း စက်ပစ္စည်းများနှင့် လုပ်ကိုင်သည့်အခါ အန္တရာယ်ရှိပြီး အသက်ဆုံးပါး နိုင်သောကြောင့် အထူးသတိပြုရန် အရေးကြီးသည်ဟု မဲဆောက်အခြေစိုက် မြန်မာအလုပ် သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် (JACBA) အဖွဲ့က ပြောသည်။

အဖွဲ့၏တာဝန်ခံ ကိုမိုးကြိုးက “မြန်မာအလုပ်သမားတွေ အားလုံး လုပ်ငန်းခွင် ဘေးကင်းမူနဲ့ လုပ်ငန်းရဲ့ သဘောသဘာဝကို သိရှိဖို့လိုသလို လုပ်ငန်းရှင်ကလည်း လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေးအတွက် ပညာပေးဖို့ တာဝန်ပျက်ကွက်တယ်။ အခုဖြစ်တာက ဆံပင်အရှည်ကို သပ်သပ် ရပ်ရပ်မထုံးဘဲ ဒီအတိုင်းချထားတော့ အခုလို ဖြစ်သွားရတာ။ သတိထားကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

မယ်ပအထည်ချုပ်စက်ရုံမှ ကိုကုလားက “ဒီကိစ္စ ပညာပေးမူတွေကိုတော့ စက်ရုံအတော်များများမှာ ရှိကြပါတယ်၊ အလုပ်သမားအဖွဲ့တွေလာပြီး ဟောပြောတာတွေ ရှိပါတယ်။ လူတွေက စိတ်မ၀င် စားကြဘူး၊ ကျနော်တို့စက်ရုံမှာလည်း ဆံပင်အရှည်ထားတဲ့ ယောင်္ကျားလေးတယောက် ဆံပင်နဲ့ စက်ညှပ်မိသွားတာ ဦးရေလှန်သွားတယ်၊ သေတော့မသေဘူး။ ဒီကိစ္စမျိုးက အသက်ဥာဏ်စောင့် တယ်၊ အားလုံးသတိရှိဘို့လိုတယ်” ဟု ပြောသည်။

မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့၏ မှတ်တမ်းအရ ပြီးခဲ့သည့် ၂၀၀၆ ခု၌ မဲဆောက်မြို့ကန်းဖိဘန်းရပ်ကွက်တွင် အလုပ်သမ မမေရီထွေးသည် ကားပေါ်မှ အဆင်းတွင် ဖားလျားချထားသည့် သူမ၏ဆံပင်ရှည်ဖြင့် ကားငြိမိကာ ထဘီစမှာလည်း ကားခြေ နင်းခုံနှင့် ငြိခဲ့သဖြင့် ကားပေါ်မှ ပြုတ်ကျ သေဆုံးမူတရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က သေဆုံးသူ မဇင်မာမြင့်သည် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှဖြစ်ပြီး မယ်ပရှိ ခြေစွပ် စက်ရုံတွင် စားစရိတ်ငြိမ်း တလထိုင်းဘတ်ငွေ (၁,၃၀၀) နှုန်းဖြင့် လုပ်ကိုင်နေသူသည်။

အလုပ်ရှင်က ဈာပနကိစ္စအတွက် တာဝန်ယူထားပြီး မဇင်မာမြင့်၏ ဈာပနကို မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ထားရှိကာ မနက်ဖြန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။ ။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: