Friday, July 4, 2008

မူးယစ်ဆေးဝါးအမှု စုံစမ်းနေ၊ မောင်ဝိတ် အပြစ်ကြီးလေးစွာ ခံရဖွယ်ရှိ


နေရွှေသွေးအောင် တက်ရောက်နေသည့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
ဓါတ်ပုံ - မဇ္ဈိမ
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 17:41 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြီးဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လျှို့ဝှက် စုံစမ်းစစ်ဆေးမှု အပြီးတွင် ငယ်ရွယ်သော စီးပွါးရေး လုပ်ငန်းရှင် မောင်ဝိတ်သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟူသော စွပ်စွဲချက်ဖြင့် ကြီးလေးစွာ အပြစ်ပေးခံရဖွယ် ရှိသည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဘီလျံနာ မောင်ဝိတ်ကို ရဲစစ်ကြောရေး စခန်းတွင် စစ်ဆေးနေရာမှ လွန်ခဲ့သော သောကြာနေ့ ကတည်းက နာမည်ဆိုး ဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်သို့ လသာ၊ ဒဂုံ၊ ကြည့်မြင်တိုင် မြို့နယ်များတွင် နေထိုင်သော သူ့မိတ်ဆွေ ၆ ဦးနှင့်အတူ ပြောင်းရွှေ့ချုပ်နှောင် ထားလိုက်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းထောင် အာဏာပိုင်တို့နှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

“သူ (မောင်ဝိတ်) ထောင် နှစ် ၂ဝ ကနေ တသက်တကျွန်းအထိ ကျနိုင်တယ်” ဟု ပုဂ္ဂိုလ်တဦးက ပြောသည်။

ဤမူးယစ်ဆေးရာဇာ တရားခံကို ဗဟန်းမြို့နယ် သံလွင်လမ်းရှိ သူ့နေအိမ်မှ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အထက်လွှာ ရေပေါ်ဆီများအကြား မူးယစ်ဆေးဝါး သုံးစွဲနေမှုများကို နှိမ်နင်းရာမှ ငွေကျပ် သန်း ၁၂ဝဝ နှင့် မက်တာအင်ဖက်တမင်း ဆေးပြားများ ထုတ်လုပ် နိုင်သည့် စက်တလုံးကိုပါ ရဲများက သိမ်းဆည်း ရမိခဲ့သည်။ ဤမူးယစ်ဆေးဝါး ဂိုဏ်းကြီးကို မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာက ခေါင်းဆောင် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ရဲများက ဆိုသည်။

ဤမူးယစ်ဆေးဝါး ဂိုဏ်းတွင် ပါဝင်နေသူ နောက်တဦးဖြစ်သည့် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်နှင့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်ကိုမူ ဝက်ထီးကန် မူးယစ်ဆေးစွဲလူနာ ပြန်လည်ပျိုးထောင်ရေး စခန်းသို့ ပို့လိုက်သည်ဟု သိရသည်။

ဤအငြင်းပွါးဘွယ် မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွင် သူ၏သား ပါဝင်နေသည်ဟု သင်္ကာမကင်း ဖြစ်ခံရပြီးနောက် အမှတ် ၁ စစ်ဆင်ရေး အထူး ဌာနမှူး (ကစထ ၁) ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကို စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားယူခိုင်းလိုက်သည်ဟု ဆိုသည်။ သို့သော် ဤသို့ ရဲမြင့်အား အငြိမ်းစားယူစေသည့် ညွှန်ကြားချက် ထုတ်ပြန်အပြီး စစ်တပ်အတွင်း အကြီးအကျယ် အရွှေ့အပြောင်း၊ အပြောင်းအလဲများနှင့် အတူ ထွက်ပေါ်လာခဲ့သည်။

အကဲခတ်များနှင့် မိတ်ဆွေများကမူ မောင်ဝိတ်အပေါ် အာဏာရှိ ထိပ်တန်း အသိုင်းအဝိုင်းမှ ပူးပေါင်း လုပ်ကြံမှုများ ရှိခဲ့သလောဆိုသည်ကို သံသယ ပွါးနေကြသည်။

“ကျနော် သိသလောက်တော့ မောင်ဝိတ်က မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ထဲမှာ မပါပါဘူး” ဟု စစ်တပ်နှင့် အဆက်အသွယ်ရှိသူ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ အကဲခတ် ဦးဝင်းမင်းက ပြောဆိုသည်။

“ဒါပေမဲ့ မောင်ဝိတ်နဲ့ အောင်ဇော်ရဲမြင့်က ပါတီတွေ တက်ရင် မူးယစ်ဆေးဝါးတော့ အတူသုံးကြတယ်။ ရုပ်ရှင်သရုပ်ဆောင်တချို့ အပါအဝင် ပါတီတက်တဲ့သူတွေကို မူးယစ်ဆေးဝါးကို လက်ဆောင်အဖြစ် ပေးတာမျိုးတော့ ရှိတယ်” ဟု သူက ဆက်ပြောသည်။

“မောင်ဝိတ်က ရာဘတော့ ထုတ်မှာ မဟုတ်ဘူးလို့ ကျနော် ရိုးရိုးသားသား ထင်တာပါပဲ။ ကျနော် ဒီသတင်းကြားတယ်။ ဒါပေမဲ့ သံသယ ရှိတယ်” ဟု ရန်ကုန်မြို့မှ စီးပွါးရေးသမား တဦးက ပြောသွားသည်။

မြန်မာနိုင်ငံသည် အာရှတွင် မက်တာအင်ဖက်တမင်း အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာနေပြီး၊ ဤဓာတုဆေးဝါး အခြေခံ မူးယစ်ဆေးဝါး များသည် ဘိန်းနှင့် ဘိန်းဖြူကို အစားထိုး တွင်ကျယ်နေသည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါး အေဂျင်စီများက ပြောကြားကြသည်။

၁၉၈၈ ခုနှစ်က ဒီမိုကရေစီ လိုလား၍ လမ်းပေါ်ဆန္ဒပြသူများကို သတ်ဖြတ်နှိမ်နင်း၍ အာဏာသိမ်းခဲ့သော အစိုးရသည် မူးယစ်ရာဇာကြီးများနှင့် ပလဲနံပသင့် လက်တွဲလုပ်ဆောင်မှုများ ရှိခဲ့သည်ဟု ကျယ်ပြန့်စွာ စွပ်စွဲခံခဲ့ရသည်။ ထိုသို့ ထင်မြင်အောင်လည်း ပံ့ပိုးပေးသည့် အချက်များမှာ တချိန်တခါက ကမ္ဘာ့နိုင်ငံများက ဖမ်းဆီရမိရန် အလိုချင်ဆုံး ဘိန်းရာဇာထဲမှ တဦးဖြစ်သည့် ခွန်ဆာမှာ အောက်တိုဘာလ ၂ဝဝ၇ ခုနှစ် မသေဆုံးမီအထိ ရန်ကုန်တွင် သူ၏ အစောင့်အရှောက်နှင့် နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သည်။

တချိန်က ကွန်မြူနစ်ဖြစ်ခဲ့ပြီး အင်အားကောင်းလှသော လက်နက်ကိုင် တပ်များရှိသော မူးယစ်ရာဇာ အဖွဲ့တခုဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် ၁၉၈၉ ခုနှစ်ကတည်းက စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုကာ သူ၏ ပင်တိုင် လုပ်ငန်းဖြစ်သော ဘိန်းနှင့် မက်တာဖီတမင်း ဆေးပြား ထုတ်လုပ်မှုကို အနိမ့်ဆုံး သူ ထိန်းချုပ်ထားသော နယ်မြေများတွင် လုံးဝနီးပါး လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရထားသည်။

ထို့အပြင်လည်း များပြားလှစွာသော မူးယစ်ဆေးဝါး ကုန်သည်ကြီးများ၏ ငွေဖြူလျော်ဖွတ်ရာ နိဗာန်ပုံတခုလည်း ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ အကျော်အမော် ရုပ်ရှင်သရုပ်ဆောင်များ၊ ချမ်းသာ ကြွယ်ဝလှသည့် စီးပွါးရေးသမားများ၊ အာဏာရ အသိုင်းအဝိုင်းမှ ဆွေမျိုး သားချင်းများ ပါဝင်ပတ်သက်နေသည့် ဤလူပြောများလှသော မူးယစ်ဆေးဝါးဂိုဏ်း နှိမ်နင်းမှုကြီးသည် တိုင်းပြည်၏ အာဏာအရှိဆုံးပုဂ္ဂိုလ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များ အရေးနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (၁၇ နှစ်) သည် ဤအမှုကြီး၏ ဗဟိုအချက်အချာ နေရာတွင် ရှိနေသည်ဟု ရုပ်ရှင်လုပ်ငန်း အသိုင်းအဝိုင်းမှ ထင်မြင် ယူဆကြသည်။ နည်းပညာတက္ကသိုလ် (ရန်ကုန်အနောက်ပိုင်း) မှ ကျောင်းသားဖြစ်သူ လက်ဝယ်တွင် မူးယစ်ဆေးပြားများ တွေ့ရှိရပြီးနောက် သန်းရွှေ အလွန် ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။

ဤနိုင်ငံတော် အကြီးအကဲ မိသားစုက ဖိုးလပြည့်ကို မူးယစ်ဆေးဝါး စတင်သုံးစွဲစေခဲ့သူ သူ့သူငယ်ချင်းများနှင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများကို အပြစ်ဖို့ခဲ့ကြသည်။

ဤအချက်မှာ အံ့သြစရာ မရှိပါ။ မြန်မာ့အာဏာရှင်ကြီး၏ မိသားစုနှင့် ရင်းနှီး ကျွမ်းဝင်လိုသောကြောင့် စီးပွါးရေးသမား အချို့က ဤအချစ်တော် မြေးကလေးကို မူးယစ်ဆေးဝါးနှင့် မြှူဆွယ်ခဲ့ကြသည်။ အသက် ၁၇ နှစ်အရွယ် ငယ်ရွယ်သေးသော်လည်း တေဇ အပါအဝင် စီးပွါးရေး လုပ်ငန်းရှင်ကြီးများက သူ့ကို အနှိပ်ခန်းများ၊ အခြား ဖျော်ဖြေရေး ဌာနများ စသည်တို့ကို ခေါ်ဆောင်သွားတတ်ပြီး နောက်ဆုံး အင်ဖက်တင်းပုံစံ စိတ်ကြွဆေးပြားများ (ATS) ကို စွဲသွားတော့သည်။

ဤမြေးတော်ကလေးကို မည်သူက မူးယစ်ဆေးဝါး ပုံမှန် ထောက်ပံ့ ပေးကမ်းနေသည် ဆိုသည်ကို ရှင်းလင်းစွာ မသိသော်လည်း နောက်ပိုင်း တွင် ပုလိပ်က မောင်ဝိတ်နှင့် အောင်ဇော်ရဲမြင့်ကို သင်္ကာမကင်း ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးဖြစ်သော ထူးထရေဒင်း ကုမ္ပဏီမှ တေဇ နှင့် ဖိုးလပြည့်ကို ဟိုတယ်၏ (Siam Spa) ရေချိုးခန်းတွင် အမြဲတွေ့နေကျ ဖြစ်သည်ဟုလည်း ဟိုတယ်နစ်ကိုး (Hotel Nikko) ၏ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

“စီးပွါးရေးသမား အားလုံးက စီးပွါးရေး အဆက်အသွယ်ကောင်းတွေ ရဘို့ သန်းရွှေမြေးကို မိတ်ဖွဲ့ချင်ကြတဲ့ သူချည်းပါပဲ” ဟု စီးပွါးရေးသမား တဦးက ပြောသွားသည်။

သူ့မြေးကလေး မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို တွေ့၍ သန်းရွှေ ဒေါကန်ခဲ့သည်မှာ မှန်သော်လည်း ဤနှိမ်နင်းရေး အမိန့်ကြီးသည် သန်းရွှေထံမှ လာသည် မဟုတ်ခဲ့ပါ။

ဤအဖြစ်အပျက် တရပ်လုံးမှာ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်နှင့် သတို့သား ဇေသီဟ တို့က တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ယခုနှစ် မေလတွင် ကျင်းပခဲ့သည့် မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ပါရန် သွားရောက် ဖိတ်ကြားရာမှ မတော်တဆ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဇေသီဟသည် မြရိပ်ညိုဟိုတယ် ပိုင်ရှင်၏ သားဖြစ်ပြီး သူ့ယောက်ဖမှာ ရွှေမန်း၏ သားဖြစ်သည်။

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး ဘာကြောင့် သေခဲ့ရသလဲ ဆိုသည်ကို သိသလားဟု ရွှေမန်းက မင်းသမီးကို မေးခဲ့သည်ဟု မင်းသမီး၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။ ဒီကိစ္စ သူမ မသိပါဟု မင်းသမီးက တုံးတိတိ ယဉ်ကျေးစွာပင် ပြန်ဖြေခဲ့သည်ဟု ဆိုသည်။ ထို့နောက် ရွှေမန်းက ရုပ်ရှင်သရုပ်ဆောင်များအကြား မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ သုံးစွဲနေမှုများ ရှိကြောင်း၊ ဤကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနမှတဆင့် ကိုင်တွယ်နှိမ်နင်းရန် သူ ကြံစည်နေကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက် တတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ် ရွှေမန်း၏ ကိုယ်ရေးအတွင်းရေးမှူးက သူ့သူငယ်ချင်း ပြည်ထဲရေးဌာန ဝန်ကြီး မောင်ဦး၏ ကိုယ်ရေး အတွင်းရေးမှူးထံ ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့နောက် မောင်ဦးက စုံစမ်းစစ်ဆေးမှုများကို ချက်ချင်း စတင်ခဲ့သည်ဟု သိရသည်။ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သော်လည်း စစ်အစိုးရကမူ ဤအကြောင်းကို နှုတ်ပိတ်ရေငုံနေပြီး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းကိုပင် ဝန်မခံဘဲ ငြင်းဆိုခဲ့သည်။

“ကျနော်တို့ ဘယ်နာမည်ကြီး ပုဂ္ဂိုလ်ကိုမှ ဖမ်းဆီးထားတာ မရှိပါဘူး။ ဘယ်စီးပွါးရေးသမားကိုမှလည်း မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ စွဲချက်တင်ထား တာ မရှိပါဘူး” ဟု နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ က ပြောကြား သွားခဲ့သည်။

Mazzimaမှတင်ပြသည်။

0 comments: