ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 15:56 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ လေဘေးသင့် ပြည်သူများအတွက် အထက်မြန်မာပြည် စာရေးဆရာများ ကြီးမှူးအလှူငွေ ကောက်ခံမှုမှာ ကျပ်ငွေ သိန်း ၅ဝ ကျော် ရရှိသွားပြီ ဖြစ်သည်။
မန္တလေး အပါအဝင် အထက် မြန်မာပြည် တခုလုံးသို့ မေလ ၂၅ ရက်နေ့မှ စတင် ကောက်ခံခဲ့သည်။ အလှူငွေမှာ ၅၂ သိန်းခန့် ရရှိသည့်အပြင် ဆန်၊ ခေါက်ဆွဲထုပ်၊ ဆီ၊ မုန့်ပုံး၊ ကျောင်းသုံးစာအုပ်များ၊ အဝတ်အစားများလည်း ပါဝင်သည်။
“နာဂစ်မုန်တိုင်းသင့် ပြည်သူများအတွက် ဝိုင်းဝန်း ကူညီဖို့ဆိုတဲ့ အစီအစဉ် တခုပါပဲ။ စာပေပညာရှင်တွေ ဦးဆောင်ပေမယ့် ပြည်သူတွေလည်း အများစု ပါဝင်ကြပါတယ်။ ကျနော်တို့ ကောက်ခံတာကတော့ မန္တလေး ဝန်းကျင်အားလုံးကို ဘောက်ချာစာအုပ်တွေ၊ ပစ္စည်းအလှူခံ ဖြတ်ပိုင်းနဲ့ပါ။ ဖြန့်ပြီးတော့ ကောက်ခံခဲ့တာပါ။ အခုတော့ သွားလှူဖို့ အဆင့်သင့် ရှိပါပြီ” ဟု ကဗျာဆရာ စံငြိမ်းဦးက မဇ္ဈိမကို ပြောသည်။
ဆရာကြီး ဒဂုန်တာရာက “ကျနော်လည်းပဲ နာဂစ်သင့် ပြည်သူတွေကို တစိတ်တပိုင်း မတည်ချင်လို့ပါ။ ကျနော်တို့ စာပေအဖွဲ့တွေလည်း ကိုယ်တတ်နိုင်သလောက် ကူညီချင်တယ်လေ” ဟု ပြောသည်။
နာဂစ်မုန်တိုင်းသင့် ပြည်သူများအား လှူဒါန်းရန်အတွက် အထက် မြန်မာပြည်ရှိ ကျောက်ဆည်၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ မြစ်ကြီးနား၊ မိုးညှင်း၊ တောင်ကြီး၊ မေမြို့၊ ပျဉ်းမနား၊ ပုလိပ်၊ မိုးကုပ်၊ ကျောက်မဲ၊ လားရှိုး၊ မင်းဘူး စသည့် မြို့နယ်များတွင် ကောက်ခံခဲ့သည်။
အဖွဲ့နာယကအဖြစ် စာရေးဆရာကြီး ဒဂုန်တာရာ၊ ဆရာတော် ဦးပညာ (အမရပူရ)၊ ဆရာဦးအေးမြင့် (မြန်မာ့ရိုးရာ ဒီဇိုင်းပညာရှင်)၊ ကဗျာဆရာ ဦးအံ့မောင်၊ ဆရာမောင်သစ်လွင် (လူထု) တို့အား ဦးထိပ်ထားကာ အကျိုးဆောင် အဖွဲ့ဝင်များအဖြစ် စာရေးဆရာ၊ ကဗျာဆရာများနှင့် သတင်းထောက်များ စုပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
ကဗျာဆရာ စံငြိမ်းဦးက “ကျနော်တို့ ကြေညာထားတာ တခုရှိတယ်လေ။ မုန်တိုင်းဒဏ်သင့် ပြည်သူများကို ကူညီကြပါစို့လို့ ပြောထားတယ်လေ။ ကျနော်တို့က ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ နည်းသည်၊ များသည် ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အထက်မြန်မာပြည် စာပေပညာရှင်များ အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ တသားထဲ ရှိတယ်ဆိုတာကို ဖော်ပြချင်တာလည်း ရှိပါတယ်။ တကယ်လည်း ခံစားရတဲ့အပေါ်မှာ တုံ့ပြန်မှုတွေနဲ့ လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
အလားတူပင် နိုင်ငံကျော် လူရွှင်တော် ပါပါလေးတို့လည်း ပြီးခဲ့သည့် ဇွန်လ ၄-၅-၆ ရက်နေ့များတွင် မန္တလေးမြို့တွင်း နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအတွက် အလှူငွေများ လိုက်လံ ကောက်ခံခဲ့သည်။
Mazzima မှတင်ပြသည်။
Wednesday, June 11, 2008
နာဂစ်အလှူအတွက် အထက်မြန်မာပြည် စာပေအင်အားစုက သိန်း ၅ဝ ကျော် ကောက်ခံရရှိ
Posted by Ashin dhamma at 4:02 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment