Tuesday, September 1, 2009

အာရှငါးနိုင်ငံက မြန်မာသံဃာများ သပိတ်ကော်မတီဖွဲ့စည်း



အေးနိုင်
၃၁ သြဂုတ် ၂၀၀၉- အာရှနိုင်ငံ ငါးနိုင်ငံက သံဃာတော်တွေ စုစည်းပြီး သပိတ်ကော်မတီဖွဲ့စည်းလိုက်ကြပါတယ်။
ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံရောက် သံဃာတော်တွေ အစည်းအဝေးကနေ သပိတ်ကော်မတီကို ဖွဲ့စည်းတာလို့ အစည်းအဝေး တက်ရောက်တဲ့ သာသနာ့ဥသျှောင်(ဘင်္ဂလားဒေ့ရှ်) အတွင်းရေးမှူး ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မနေ့က အစည်းအဝေးကနေ ဆံငုးဖြတ်ချက် ၅ ရပ် ချမှတ်ခဲ့တယ်လို့ အဆိုပါ သံဃာကမိန့်ကြားပါတယ်။
“သီတင်းကွတ် လပြည့်နေ့ မြန်မာနိုင်ငံထဲမှာ တတိယအကြိမ် သံဃပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်၊ ကံဆောင်တဲ့နေရာမှာ ဦးဇင်းတို့အနေနဲ့ ပြည်ပမှာရှိတဲ့ သံဃာများ သပိတ်ကော်မတီဖွဲ့ပီးတော့ ပြည်တွင်းမှာ သံဃာ့တပ်ဦးလည်းဖွဲ့မယ်၊ အဲဒီ သံဃာ့တပ်ဦးတွေကနေ ဦးဇင်းတို့ ပူးပေါင်းပြီး ဆောင်ရမယ်ဆိုပြီး အစည်းအဝေးလုပ်ကြတာပါပဲ”။
ကျန်ဆုံးဖြတ်ချက်တွေကတော့ ပြည်တွင်းမှာ ဖွဲ့စည်းလှုပ်ရှားမဲ့ သံဃာ့တပ်ဦးတွေနဲ့ သပိတ်ကော်မတီ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ပြည်တွင်းလှုပ်ရှားတဲ့ သံဃာတွေအတွက် သပိတ်ကော်မတီက ဘဏ္ဍာငွေရှားဖွေပေးမှာ ဖြစ်သလို၊ ပြည်တွင်းသံဃာထုအကြားမှာ သံဃာ့တပ်ဦးအဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းကာ ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အစိုးရပြုတ်ကျတဲ့အထိ ဆောင်ရွက်ရေး စတာတွေ ပါဝင်တယ်လို့ ဦးပဇင်း ဦးရက္ခ၀ံသက မိန့်ကြားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက စစ်အစိုးရထံကနေ အချက် ၃ ချက် တောင်းဆိုထားပြီး အဲဒီ ၃ ချက်ကတော့ ၂၀၀၇ ခုနှစ်က ပခုက္ကူသံဃာတွေအပေါ် အကြမ်းဖက်မှုကို တောင်းပန်ဖို့၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီးထောင်ချထားတဲ့ သံဃာတွေကိုပြန်လွတ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့တို့ဖြစ်ပါတယ်။
စစ်အစိုးရက အဲဒီအချက်တွေ မလိုက်လျောရင် တတိယအကြိမ်မြောက် သံဃပတ္တနိက္ကုဇ္ဇနကံဆောင်မယ်လို့ ကြေညာထားပါတယ်။

http://burmese.dvb.no/news.php?id=8359

0 comments: