လောကဓမ္မကိုလွန်မြောက်သူ
ရေးသူ- လူထုစိန်ဝင်း
'ပျောက်သောသူ ရှာလျှင်တွေ့ သေသောသူ ကြာလျှင်မေ့'
လူတိုင်းပြောဖူးနေကျ ဆိုရိုးစကားတခုပါ။ မကြာခဏလည်း ကြားနေရတာမို့ လွယ်လွယ်ကူကူ ကောက်ခါငင်ခါ ပြောတတ်ကြမြဲ ဖြစ်ပါတယ်။ လောကဓမ္မ ဖြစ်ရိုးဖြစ်စဉ်တခု အဖြစ် မှတ်ယူ သဘောပိုက်ထားကြပါတယ်။
အမှန်တရားရဲ့ခြွင်းချက်
လောကဓမ္မအဖြစ် မှတ်ယူကြရပေမယ့် ခြွင်းချက်အဖြစ် ထားရတဲ့အခါများလည်း ရှိပါသေးတယ်။ အဲဒါကြောင့် ဆိုရိုးစကားအတိုင်း အကြွင်းမဲ့မှန်တယ်လို့ ယူဆလို့ မရနိုင်ပါဘူး။ လောကဓမ္မတာ အမှန်တရားကို လွန်မြောက်တဲ့အရာ၊ လူပုဂ္ဂိုလ်များ လူ့လောကမှာ ရှိစမြဲဖြစ် တယ်။ ဆိုကရေးတီးတို့၊ ပလေတိုတို့၊ အရစ္စတိုတယ်တို့ လွန်ခဲ့တာ နှစ်ထောင်နဲ့ချီ ကြာခဲ့ပေ မယ့်၊ သူတို့အမည်နာမဟာ မှေးမှိန်ပျောက်ကွယ် မသွားခဲ့ပါဘူး။ ရှိတ်စပီးယား၊ အလက်ဇန္ဒာဒူးမား၊ ဘိုင်ရွန်၊ ရှယ်လီတို့ လွန်ခဲ့တာလည်း နှစ်ရာချီခဲ့ပြီ။ ဒါပေမယ့် ကမ္ဘာတခုလုံးမှာ သူတို့နာမည်ကို တနေရာမဟုတ် တနေရာမှာ ထုတ်ဖော်ပြောနေကြဆဲ ဖြစ်တယ်။
မသေသောသူ
အလားတူပဲ အနန္ဒသူရိယတို့၊ ပဒေသရာဇာတို့၊ မယ်ခွေတို့၊ လှိုင်ထိပ်ခေါင်တင်တို့၊ မြ၀တီမင်ကြီးတို့၊ န၀ဒေးကြီးတို့ဆိုတဲ့ အမည်နာမ များဟာလည်း မြန်မာနိုင်ငံတ၀ှမ်းလုံးမှာ နေ့စဉ်မပြတ်ဆိုသလို ထုတ်ဖော်ပြောကြားနေကြဆဲ ဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်ကြီးများဟာ လောကဓမ္မကို လွန်မြောက်သူများ ဖြစ်ကြတယ်။ နှစ်ပရိစ္ဆေဒတွေ ဘယ်လောက်ပဲ ကြာကြာ၊ လူ့လောကမှာ သူတို့ရဲ့ အမည်နာမများဟာ တည်တံ့နေမှာ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်ကြီးများကို 'မသေသောသူ' လို့ ဆိုရင်တောင် ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။
ရန်သူကတောင် လေးစားရသူ
ဗန်းမော်တင်အောင်ဆိုတာက အဲဒီလိုပုဂ္ဂိုလ်မျိုး။ မြန်မာနိုင်ငံသားများအဖို့တော့ သူဟာ ဘယ်တော့မှ မသေဘူး။ အမြဲတမ်းရှင်သန် တည်တံ့နေမှာ ဖြစ်တယ်။ သူ့ကို အမှတ်တရ ဖြစ်နေရုံမက ချစ်လဲ ချစ်နေကြဆဲ ဖြစ်တယ်။ လူ့လောကရဲ့ သဘာဝတခုက သေမှ ချစ်တတ် လွမ်းတတ်ကြတယ်။ သူကတော့ သက်ရှိထင်ရှားရှိနေဆဲ ကာလမှာတောင် လူကြီးလူငယ် မရွေး၊ လူမျိုးဘာသာမရွေး၊ လူတန်းစားအလွှာအားလုံးရဲ့ ချစ်ခင်ကြည်ညိုမှုကို ရရှိခဲ့သူ ဖြစ်တယ်။ ကုန်ကုန်ပြောရရင်၊ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်အခါအခါ သူ့ကို ထောင်သွင်း အကျဉ်းချထားခဲ့သူများကတောင်မှ ဗန်းမော်တင်အောင်ဆိုတဲ့ လူပုဂ္ဂိုလ်တဦးကိုတော့ လေးစားကြည်ညိုခြင်း ရှိခဲ့ကြပါတယ်။ နိုင်ငံရေးအရ ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပေမယ်လို့၊ အဲဒီလူတွေဟာ လူပုဂ္ဂိုလ်အနေနဲ့ တော်တော်ကို လေးလေးစားစား ရှိကြပါတယ်။ စာရေးဆရာ ဗန်းမော်တင်အောင်ကို မချစ်တဲ့သူ ဘယ်သူမှမရှိဘူးလို့တောင် ပြောဝံ့ပါတယ်။
ရှားပါးလူကြီးလူကောင်း
ဆရာဗန်းမော်တင်အောင်ဟာ ရုပ်ရည်သန့်ပြန့်သလို စိတ်လည်း အင်မတန် သန့်ပြန့်သူ ဖြစ်ပါတယ်။ အနေအထိုင် အင်မတန်ရိုးဖြောင့်တည်ကြည်ပြီး တဖက်သားအပေါ် အလွန်အမင်း ကို စာနာတတ်သူ ဖြစ်တယ်။ လူရောစိတ်ပါ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်တယ်။ ရှားရှားပါးပါး တွေ့ရတဲ့ 'လူကြီးလူကောင်း' တယောက်ဖြစ်ပါတယ်။ လူငယ်တွေနဲ့ ဆက်ဆံရာမှာလည်း 'သမားဂုဏ်ပြ' လုပ်တာမျိုး လုံးဝမရှိဘဲ တန်းတူရည်တူ သဘောထားပြောဆိုဆက်ဆံလေ့ ရှိတယ်။ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ရတာ ဖြစ်ပေမယ့် ကာလကြာရှည်စွာ အတူနေ အတူစား အတူသွား အတူလာ လုပ်ခဲ့ရတဲ့ ကိုကိုးကျွန်းရောက်မှ သူ့အကြောင်းကို ပိုသိခဲ့ရပြီး ပိုလေးစားကြည်ညိုခဲ့ရတယ်။ တခါတလေ အယူအဆမတူတာတွေကို ဆွေးနွေးငြင်းခုန် ပြုကြရတဲ့အခါများမှာ သူ့ 'လူကြီးလူကောင်း' ဆန်မှုကို ပိုပြီး သတိထားမိတယ်။ အချေအတင် ပြောဆိုကြပြီဆိုရင် သူဟာ ဘယ်တော့မှ 'ငါ့စကားနွားရ' စကားနိုင်လု ပြောလေ့မရှိဘူး။ တခြားလူတွေ ပြောတာကို အစအဆုံး စိတ်ရှည်လက်ရှည် နားထောင်လေ့ရှိပါတယ်။ လူအားလုံး ပြောစရာမကျန်တော့ဘူးဆိုမှ သူက သူ့အမြင်သူ့သဘောထားကို လေအေး ကလေးနဲ့ ရှင်းပြတတ်ပါတယ်။ အဲဒီလို ရှင်းရာမှာလဲ၊ သူ့သမ္ဘာ သူ့ဝါတွေ၊ သူဖတ်ခဲ့တဲ့ စာအုပ်ကြီးတွေနဲ့ ကိုင်ပေါက်လေ့မရှိပါဘူး။ အဲဒီကာလက ကျွန်တော်တို့တတွေဟာ နှစ်ဆယ်ကျော် သုံးဆယ်လောက် 'မပြည့်အိုး' ကလေးတွေသာ ရှိကြသေးတာပဲ။ တကယ်တမ်း 'ထိုင်ငြင်း' ငြင်းလို့ကတော့ ကြာကြာဘယ်ငြင်းနိုင်မှာလဲ။ ကျွန်တော်တို့ လူငယ်တွေရဲ့ အားနည်းချက်ကို ဆရာက ဘယ်တော့မှ ထိုးနှက်လေ့ မရှိပါဘူး။ စိတ်ရှည်လက်ရှည် ညင်ညင်သာသာနဲ့သာ ရှင်းပြ ဆွေးနွေးလေ့ရှိပါတယ်။
ရွှေဥဒေါင်းရဲ့ကိုယ်ပိုင်စံ
အင်္ဂလိပ်စာတွေ သိတ်ဖတ်ပြီး ရှေးခေတ်အင်္ဂလိပ်လူမျိုးများရဲ့ 'လူကြီးလူကောင်း စိတ်ဓာတ်' ကို သိပ်သဘောကျ နှစ်ခြိုက်တဲ့ ဆရာကြီးရွှေဥဒေါင်းဟာ ကိုယ်တိုင်လည်း နေတာ၊ ထိုင်တာ၊ စားတာ သောက်တာကအစ လူမှုပေါင်းသင်းဆက်ဆံရေးအထိ အင်မတန်မှကို စည်းကမ်း တိကျပါတယ်။ လူတိုင်းကို သူ့ 'ကိုယ်ပိုင်စံ' နဲ့ တိုင်းပြီး ကြည့်လေ့ရှိပါတယ်။ အဲဒီ 'သူ့ကိုယ်ပိုင်စံ' ကြောင့် တွေ့သမျှ လူတိုင်းကို သူသဘောတွေ့လေ့ မရှိပါဘူး။ သူချီးကျူးသူ၊ သူလေးစားသူ ဆိုတာ၊ မရှိသလောက်ကို ရှားပါတယ်။ တလောကလုံးမှာ ဆရာကြီးရွှေဥဒေါင်း နှစ်နှစ်ကာကာကြီး လေးစားသူဆိုလို့ 'ဗုဒ္ဓ' ကလွဲရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီး ဘာထရန်ရပ်ဆယ် နှစ်ဦးသာ ရှိပါတယ်။
ရွှေဥဒေါင်းချီးကျူးခဲ့သူ
အဲဒါလောက်ထိ 'ကိုယ်ပိုင်စံ' သိပ်တင်းကျပ်လွန်း၊ သိပ်မြင့်လွန်းတဲ့ ဆရာကြီး ရွှေဥဒေါင်းကတောင်မှ ဆရာဗန်းမော်တင်အောင်ကို 'တကယ့်ဂျင်းတဲလ်မဲန်းပဲကွ' လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ဒီစကားကို အများသူငါအတွက်တော့ သိပ်ပြီးအရေးပါလှတယ်လို့ ထင်ချင်မှ ထင်ကြပါလိမ့်မယ်။ အင်မတန်မှကို စည်းစနစ်ကြီးကြီး၊ အင်မတန်မှလည်း မာနကြီးလွန်းတဲ့ ဆရာကြီးရွှေဥဒေါင်းအကြောင်း ကောင်းကောင်းသိသူ တယောက်အနေနဲ့ တော့ ဒီစကားရဲ့ အလေးအနက်ကို မှန်းဆလို့ ရနိုင်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းက ချီးကျူးတဲ့ သူဆိုလို့ တကမ္ဘာလုံးမှာ လက်ဆယ်ချောင်းပြည့်အောင်တောင် ရေတွက်လို့ မရှိနိုင်ပါဘူး။
အုန်းပင်စိုက်သူ
ဆရာဗန်းမော်တင်အောင်လည်း လူရောစိတ်ပါ စည်းစနစ်ရှိသူ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာနေစဉ်က နေ့စဉ်မှန်မှန် ကျွန်းပတ်လမ်းလျှောက်ပါတယ်။ တနေ့တနာရီလောက် သူ့အိပ်ရာပေါ်မှာ 'အုန်းပင်စိုက်' လေ့ကျင့်ခန်း မှန်မှန်လုပ်ပါတယ်။ အုန်းပင်စိုက်လေ့ကျင့်ခန်း လုပ်တာ သွေးလှည့်ပတ်မှု မျှတစေပြီး ဦးနှောက်ကြည်လင် လန်းဆန်းစေတယ်။ ဆံပင်မဖြူ အောင်လည်း တားဆီးကာကွယ်ပေးတယ်လို့ ဆရာက ပြောပါတယ်။ ထမင်းစားတဲ့အခါမှာ လည်း ဆရာက သူသတ်မှတ်ထားတဲ့အတိုင်း တပန်းကန်ပြည့်ပြည့်သာ စားပါတယ်။ ဟင်းရှိလို့ ပိုမထည့်သလို၊ ဟင်းမရှိလည်း လျှော့မထည့်ပါဘူး။ ပုံမှန်အတိုင်း ၀င်အောင်စားပါတယ်။
ချစ်ဆဲလွမ်းဆဲ
အဲဒီလို စည်းစနစ်ရှိတာ လူကြီးလူကောင်းဆန်တာတွေကြောင့် လူတိုင်းက စာကိုချစ် သလို လူကိုလည်း ချစ်ကြတာပါ။ အခုဆိုရင် ဆရာကွယ်လွန်ခဲ့တာ ဆယ်စုနှစ်၊ သုံးခုတိုင် ခဲ့ပါပြီ။ ဆရာကွယ်လွန်ခဲ့တဲ့ လရောက်တိုင်း ဆရာ့စာဖတ်ပရိသတ်တွေက ဆရာ့အလွမ်းပြေ အခမ်းအနားတွေ လုပ်လေ့ရှိသလို မဂ္ဂဇင်းတွေဂျာနယ်တွေကလည်း ဆရာ့အမှတ်တရ အထူးထုတ်တွေ ထုတ်လေ့ရှိကြတယ်။ ဆရာ့ကို ဘယ်သူမှ မမေ့ကြဘူး။ ချစ်ကြဆဲ၊ လေးစားကြည်ညိုကြဆဲ ဖြစ်တယ်။ ဆရာကွယ်လွန်ချိန်က အိမ်မှာမရှိတာကြောင့် ကိုယ်တိုင် မမြင်မတွေ့လိုက်ရပေမယ့် ဆရာ့ဈာပန ၀က်ဝက်ကွဲမျှ စည်ကားလှကြောင်း စာတွေဖတ်ပြီး သိခဲ့ရတယ်။ ဒီနေ့ထိ အနယ်နယ်အရပ်ရပ်ရှိ ဆရာ့စာဖတ်ပရိသတ်များက ဆရာ့အမှတ်တရ အခမ်းအနားလေးတွေ လုပ်ကြတာ၊ ကြာလေ နည်းလေဖြစ်မသွားဘဲ၊ တနှစ်ထက် တနှစ်ပိုပြီး တိုးလာ များလာတာတွေ တွေ့ရလေတော့ ဆရာ့ကို လူတွေက တော်တော်ချစ်ကြပါလားလို့ ကြည်နူးမိရပါတယ်။
စာရေးအကောင်းကြီးမဟုတ်ပါ
တကယ်တော့ ပြောရမယ်ဆိုရင် ဆရာက စာရေးအကောင်းကြီး မဟုတ်ပါဘူး။ ၀တ္ထု ရေးသားခြင်း အတတ်ပညာရှုထောင့်က ကြည့်ရင် ဆရာ့ထက် ကိုး၊ ဆယ်ဆ သာတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ ဆရာ့ဝတ္ထုတွေ အတော်တော်များများက ပျင်းစရာ ကောင်းပါတယ်။ တချို့ဆိုရင် ၀တ္ထုနဲ့မတူပဲ နိုင်ငံရေးကြေညာစာတမ်းနဲ့ တူနေတာ မျိုးတောင် ရှိပါတယ်။ ဒါပေမယ့် စာဖတ်ပရိသတ်တွေက မငြိုငြင်ပါဘူး။ ဆရာ့စာတွေကို မက်မက်မောမော ဖတ်နေကြမြဲ ဖြစ်တယ်။ ဆရာ့ကိုလဲ ချစ်ခင်လေးစား ကြည်ညိုမြဲ ဖြစ်တယ်။ ဟော... အခု ဆရာမရှိတော့တာတောင် အတော်ကြာပြီ။ ဆရာ့စာဖတ်ပရိသတ်တွေက ချစ်ဆဲ၊ လွမ်းဆဲ၊ လေးစားကြည်ညိုဆဲ၊ ဆရာ့အမှတ်တရပွဲတွေ လုပ်ဆဲ လုပ်မြဲပါပဲ။ အဲဒါ ဘာ့ကြောင့်ပါလဲ။
ရှည်ရှည်ဝေးဝေး အဖြေရှာနေစရာ မလိုပါဘူး။
စာရေးမကောင်းပေမယ့် ဆရာဟာ စာကောင်းရေးသူ ဖြစ်လို့ပါ။ ဆရာရေးခဲ့သမျှ စာတွေမှာ တအုပ်မှ စာဖတ်ပရိသတ် ပြည်သူလူထုကို ထိခိုက်နစ်နာစေတဲ့ စာမျိုး မပါပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုကို ဆရာဘယ်တော့မှ မစော်ကားပါဘူး။ ဆရာဟာ သူတကိုယ် ကောင်းစားရေးအတွက် စာဖတ်ပရိသတ် ပြည်သူလူထုကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ ပါဘူး။ ဆရာ့ဘ၀ တလျှောက်လုံးမှာ ဆရာဟာ ပြည်သူလူထုနဲ့အတူ ရှိခဲ့ပါတယ်။ ဆရာက ပြည်သူကိုချစ်လို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။
စာရေးမကောင်းပေမယ့် စာကောင်းတွေရေးလို့ ပြည်သူက ဆရာ့ကို ချစ်တာပါ။ ပြည်သူချစ်တဲ့ ဆရာ့နာမည်ဟာ ပြည်သူတွေကြားမှာ အမြဲ ရှိနေမှာပါ။
ပြည်သူချစ်တဲ့ဆရာ ဘယ်တော့မှ မသေပါ။
လူထုစိန်ဝင်း။
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၁၉)၊ စက်တင်ဘာ ၂၀၀၈။
အပြည့်အစုံ..သို့ ...
စာမြည်းရုံ..ကလေး..
Thursday, November 6, 2008
လောကဓမ္မကိုလွန်မြောက်သူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment