Tuesday, October 28, 2008

ကရင်အမျိုးသားအစည်းအရုံးမဟာမိတ်များနှင့် အနီးကပ် လက်တွဲတိုက်ပွဲဝင်မည်

ရိုးမ ၃။ အောက်တိုဘာ ၂၈၊ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် ယခင်ချမှတ်ထားသည့် လမ်းစဉ်များကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်ပြီးနောက် စစ်အာဏာရှင်ကျဆုံးရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာ ရေးတို့အတွက် ဒီမိုကရေစီမဟာမိတ်များနှင့် အနီးကပ်ဆက်လက် လက်တွဲသွားမည်ဟု ဆိုသည်။

(၁၄) ကြိမ်မြောက် (KNU)ကွန်ကရက်တွင် တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဗိုလ်မှူးစောလှငွေက ယမန်နေ့က ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့က အမျိုးသားရေးနဲ့ ဒီမိုကရေစီရေးမှာ ခွဲမထားဘူး၊ ဒီမိုကရေစီမရှိဘဲ တကယ့် အမျိုးသားရေးမဖြစ်နိုင်သလို အမျိုးသားရေးကို တကယ်မတည်ဆောက်ဘဲလုပ်ရင်လဲ တကယ့်ဒီမိုကရေစီဆိုတာလဲ မဖြစ်လာနိုင်ဘူး၊ ဒီနည်းနှစ်ရပ်စလုံးကို တန်းတူထားပြီး ဆောင်ရွက်သွားမယ်၊ မဟာမိတ်အဖွဲ့တွေနဲ့လဲ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးအပေါ် စိတ်ဝင်စား ခြင်း မရှိကြောင်း မိမိတို့အနေဖြင့် သုံးသပ်မှုများပြုလုပ်ပြီးနောက် ရှေ့ဆက်လုပ်ငန်းစဉ်များကို ချမှတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“နအဖအနေနဲ့ ဆက်ပြီး စစ်ရေးအရ ဖိအားပေးလာရင်တော့ ကျနော်တို့အနေနဲ့ ပြန်လည်ခုခံဖို့၊ နောက်တခုက ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်လို့ အဲဒီအပေါ် ကျနော်တို့က စာနာထောက်ထားပြီး သူတို့တတွေရဲ့ တိုက်ပွဲ၊ သူတို့တတွေရဲ့ လွတ်မြောက်လှုပ်ရှားမှုနဲ့အတူ ကျနော်တို့ရှိတယ်”ဟု ဆက်လက် ပြောသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် မည်သူမဆို ဘယ်လိုအခြေအနေရောက်ရောက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ် ကြောင်းနှင့် အမှန်တရားပေါ်ပေါက်ရေးအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အမှန်တရားဆိုတာ တနေ့ပေါ်ပေါက်မယ်၊ အဲလို အမှန်တရားပေါ်ပေါက်ဖို့ ကျနော်တို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရမယ်။ အဲလိုဖန်တီးရာမှာ ညီညီညွတ်ညွတ်နဲ့ လုပ်ကြမယ်ဆိုရင် ကမ္ဘာပေါ် မှာပဲဖြစ်ဖြစ်၊ ဒေသအတွင်းမှာပဲဖြစ်ဖြစ် လုပ်ဆောင်သွားတဲ့အတိုင်း ကျနော်တို့ အောင်ပွဲခံနိုင်မှာ ဖြစ်တယ်၊ ကျနော်တို့က သန်းခေါင်တော့ကျော်နေပြီ မိုးသောက်ချိန်နီးရင် ပိုမှောင်လာတယ် ဆိုပေမဲ့ အဲဒါပြီးရင် အလင်းရောက်မယ်ဆိုတဲ့အတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လုပ်ကြပါလို့ ကျနော် တိုက်တွန်းပြောချင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် (KNU)အထွေထွေအတွင်းရေးမှူးအဖြစ် ဆရာမနော်စီဖိုးရာစိန်အား ရွေးချယ်တင် မြှောက်ခြင်းနှင့် ပတ်သတ်၍ ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိသည့်အတွက် ရွေးချယ် လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောလှငွေက ဆက်ပြောသည်။

“ဆရာမစီဖိုးရာစိန်က သူတို့ ကရင်အမျိုးသမီးအဖွဲ့မှာကတည်းက အမျိုးသမီးအခွင့်အရေးတွေ အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ လုပ်ခဲ့တယ်၊ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံတကာ မှာရော၊ အမျိုးသမီးရေးမှာရော၊ နိုင်ငံရေး၊ အမျိုးသားရေးမှာပါ ခေါင်ဆောင်နိုင်တယ်လို့ယူဆလို့ အများက အခုလိုရွေးချယ်လိုက်တာလို့ ယုံကြည်တယ်၊ ဒါဟာလည်း ဖြစ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ဖဒိုမန်းရှားလားဖန်း လုပ်ကြံခံလိုက်ရမှုနှင့်ပတ်သက်၍ ကွန်ကရက်အတွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်အတွင်း (KNU)အတွက် တန်းဖိုး မဖြတ်နိုင်သည့် ခေါင်းဆောင်နှစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

“တဦးက လုပ်ကြံခံရတယ်၊ တဦးက ကျန်းမာရေးကြောင့် ဆုံးရှုံးသွားတယ်၊ ဘယ်သူတွေက ညွှန်ကြားတယ်။ ဘယ်သူက လုပ်တယ်ဆိုတာတွေကိုလည်း ကျနော်တို့သိပြီးသားပါ၊ အချိန်အခါ ကျရောက်လာတဲ့အခါမှာ တရားမျှတတဲ့ ခုံရုံးမှာ တရားခံအစစ်အမှန်တွေကို တင်ပြီးတော့ အရေးယူနိုင်ဖို့ပဲ၊ ဂလဲ့စားချေရေး မုန်းတီးရေးတို့ ကျနော်တို့ မလုပ်ပါဘူး၊ ကိုယ်စိုက်တဲ့စပါးတော့ ကိုယ်ရိတ်သိမ်းရမှာပဲ၊ ကျနော်တို့က အဲလိုပဲ သဘောထားပါတယ်”ဟု ဆက်လက် ပြောဆိုခဲ့ သည်။


0 comments: