Friday, August 8, 2008

ရှစ်လေးလုံး အနှစ် (၂၀) ပြည်တွင်းပြည်ပဆန္ဒပြ

NEJ / ၈ သြဂုတ် ၂၀၀၈
line


ဒီမိုကရေစီရေးဆန္ဒပြသည့် လူထုကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်သည့် ၈၈၈၈ လူထုအရေး တော်ပုံ အနှစ် (၂၀) ပြည့်နေ့အဖြစ် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ လူငယ် (၅၀) ခန့် ယနေ့ နံနက်က မြို့တွင်း စီတန်းလှည့်လည်ဆန္ဒပြခဲ့ပြီး အာဏာပိုင်များ၏ ဖမ်းဆီးခံရသည်။

ဆန္ဒပြသူလူငယ်များသည် ၈၈၈၈၊ ဒီအချိန်ရောက်ပြီ စည်းလုံးကြ၊ (၈) နာရီသို့ညွှန်ပြထားသည့် နာရီပုံပါ အင်္ကျီများဝတ်ဆင်ကာ တောင်ကုတ်မြို့ ချောင်းကောက်ကူးတို့ဆိပ်မှာ လျှောက်လာစဉ် ရဲစခန်းအနီး ဖမ်းဆီးခံရခြင်းဖြစ်ပြီး အမျိုးသမီး (၆)ဦး အပါအ၀င် လူငယ် (၅၀) ၀န်းကျင် ဖမ်းဆီး ခံရသည်ဟု တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။

၎င်းက “နံနက် (၇) နာရီခွဲလောက်က ချောင်းကောက် ရပ်ကွက်ကနေ ဦးဥတ္တမလမ်းအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်လာကြတယ်။ မယကရုံးနဲ့ ရဲစခန်းအရှေ့နားကိုရောက်တဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေက မယကရုံးထဲကို ခေါ်သွားတယ်။ အပြင်ဘက်မှာ မီးသတ်ကား ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို သံစူးကြိုးနဲ့ ကာပြီး လမ်းကိုပိတ်ထားလိုက်တယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများအားပြန်လွှတ်ပေးရန် တောင်ကုတ်အန်အယ်လ်ဒီက အာဏာပိုင်များကို စာရေးတောင်းဆိုထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိဟု ဦးတင်သိန်းအောင်က ပြောသည်။

စစ်တွေတက္ကသိုလ်၌လည်း ကျောင်းသားများက အင်္ကျီအနက်ရောင်တူညီဝတ်စုံများ ၀တ်ဆင် လာကြကြောင်းနှင့် သံတွဲမြို့ အောင်ဓမ္မရိပ်သာကျောင်းတိုက်၌ ၈၈ မျိုးဆက်ကျောင်းသားဟောင်း များက ရှစ်လေးလုံးတွင် ကျဆုံးသွားကြသူများအတွက် ဆွမ်းကပ်လှူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွံတေးမြို့၌လည်း ကျူရှင်ဆရာဦးအောင်ဖေက ယနေ့နံနက် (၇) နာရီခွဲခန့်က ၈၈၈၈ စာတမ်းရေးထားသည့်အလံတပ်ကာ မြို့တွင်းလှည့်လည် စက်ဘီးစီး၍ ဆန္ဒပြခဲ့ကြောင်း တွံတေး မြို့ခံ အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ စသည့်နိုင်ငံများ၌လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ဆန္ဒပြပွဲများ အသီးသီးကျင်းပခဲ့ကြသည်။

ဘန်ကောက် မြန်မာသံရုံးရှေ့၌ ထိုင်းနှင့်မြန်မာ (၃၀၀) ခန့် စုဝေးဆန္ဒပြခဲ့ကြပြီး မြန်မာပြည်လွတ် မြောက်ရေးကြွေးကြော်သံများ အော်ဟစ်ကာ သွေးစွန်းသောနေ့ ဒို့မမေ့ စာတမ်း ချိတ်ထားသည့် မိုးပျံပူပေါင်းနှင့် စစ်အာဏာရှင် အလိုမရှိ စာတမ်းပါ စက္ကူစွန်အနီရောင်များ သံရုံးတွင်း ပစ်လွှတ်ခဲ့ ကြကြောင်း သိရသည်။

ရန်ကုန်မြို့ ဆူးလေတ၀ိုက်နှင့် မြေနီကုန်း ဒဂုံစင်တာတို့တွင် လက်နက်ကိုင် ရဲ၊ စစ်တပ်နှင့် စွမ်း အားရှင်များ လုံခြုံရေးအပြည့်ချထားသည်ဟု ရန်ကုန်မြို့ခံတို့က ပြောသည်။

နအဖစစ်အုပ်စုကိုဖြိုချ၍မရခြင်းမှာ မြန်မာ့အရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ
ရှစ်လေးလုံးစိတ်ဓာတ်မရှိခြင်းကြောင့်ဖြစ်သည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ဥက္ကဋ္ဌ အရှင်ပညာ ဇောတက ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့နံနက်က ပြုလုပ်သည့်နှစ် (၂၀) မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။

အဆိုပါအခမ်းအနားအား ရှစ်လေးလုံးအင်အားစုများက ကျင်းပခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် ပရိသတ် (၃၀၀) ခန့်တက်ရောက်ကြသည်။ မယ်တော်ဆေးခန်းတွင်လည်း ရှစ်လေးလုံးအထိမ်းအမှတ် သံဃာတော်များအား ဆွမ်းဆက်ကပ်ပြီး ဟောပြောပွဲများ ကျင်းပခဲ့ သည်။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: