Wednesday, July 23, 2008

သို့မဟုတ်လျှင်



ညီညွတ်ကြပါ။စကားကအလွန်ရိုးရှင်းပါတယ်။ ယင်းစကားကို ၂၀ .၇ .၂၀၀၈ နေ့က သာသနမောဠိအဖွဲ့ခွဲ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ (MSMA)နှင့် NCGUB မှအမတ်တဦးတို့ တွေ့ဆုံနှီးနှောဖလှယ်ပွဲတွင် MSMA တွဲဖက် အတွင်းရေးမှုးဆရာတော်မှ မိန့််ကြားခဲ့ခြင်းဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် ဆရာတော်က “နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးညီညွတ်ကြပါ။ အချင်းချင်း ညီညွတ်ကြမယ်ဆိုရင် အားလုံးက၀ိုင်းညွတ်လာပါလိမ့်မယ်။’’ ဟု ရိုးရှင်းစွာအသိပေး စကားမိန့်ကြားခဲ့ပါသည်။ စကားလုံး အရေအတွက်အားဖြင့်” ညီညွတ် ’’ ဟု နှစ်လုံး တည်းဖြစ်သော်လည်း စကားလုံးခွန်အားကား အလွန်ပင်လေးနက်လှ၏။

ကျွုန်ုပ်တို့အမိမြန်မာနိုင်ငံတော်ကြီးဟာ လွတ်လပ်မှုကိုလုယူဖျက်ဆီးခံနေရတာနဲ့ အလွန်အကျည်းတန်ရုပ်ဆိုးလှပါပြီ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ နှစ်ပေါင်း(၁၀၀)ကျော် ဖျက်ဆီးခံခဲ့ရပြီ။ သူတို့ဆီကလွတ်လပ်မှုကို အသက် ၊သွေး ၊ ချွေးတွေနဲ့ လှယ်လဲပြီး ရလာတဲ့ လွတ်လပ်ရေးကြပြန်တော့လည်း အိပ်မက်လို ပြည်သူတွေခံစားခဲ့ကြရတယ်။ အဲ့ဒီနောက် မဆလအစိုးရ လုယူဖျက်ဆီးခဲ့တာက နှစ်ပေါင်း(၄၀)ကျော် ။ယခု န.အ.ဖ အစိုးရက နှစ်(၂၀)ကျော်လာပြီ။ ယနေ့အထိ လွတ်လပ်မှုကို အဓမ္မကျင့်ခံနေရဆဲ။ မဆလ ခေတ် နှစ်(၄၀)ကျော်အတွင်း တော်လှန်ရေးစာမျက်နှာတွေကို ကျွူန်ုပ်မမှီ လိုက်၍ခဏပိတ်ထားခဲ့ပါမည်။ မျက်မှောက်ခေတ်မှာ န.အ.ဖ ကိုတော်လှန်နေတာ နှစ်ပေါင်း(၂၀)ကျော်လာပြီ။ ၄င်းကာလတွင်း တော်လှန်ရေးစာမျက်နှာမှာ အဓိက (ပြည်ပ)နှိုင်ငံရေးအဖွဲ့အစည်းတွေ များစွာပေါ်ပေါက်ခဲ့၏။ ယင်းအဖွဲ့အစည်းတွေ တော်လှန်ရေးကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ ဗဟုသုတတွေ၊ အားနည်းချက် အားသာချက်တွေဟာ အလွန်ပင်များမည်ထင်ပါ၏။ ယင်းသို့ကြုံတွေ့ရတဲ့ ဗဟုသုတတွေ အားနည်းချက် အားသာချက်တွေကို ပြုပြင်စုရုံး၍ တော်လှန်ရေး တိုက်ပွဲကို အဘယ့်ကြောင့် ထိရောက်စွာအသုံးမချနိုင်ခဲ့ကြပါနည်း။ အဖြေက “ကြောင့်” ပေါင်းများစွာဖြစ်ကောင်း ဖြစ်မည်။ သို့သော် (၂၀)ရက်နေ့အစည်းအဝေးမှာ NCGUB မှ အမတ်တစ်ဦးပြောသွားတဲ့ စကားထဲမှာ အဖြေကထင်းရှားလွန်းပါတယ်။ ၄င်းအမတ်က “တပည့်တော်တို့နိုင်ငံရေး အဖွဲ့အစည်းတွေ နှစ်ပေါင်း (၂၀)လုံး မညီညွတ်ခဲ့ကြဘူး ဘုရား ” တဲ့ ။ မညီညွတ်လို့မအောင်မြင်ဘူးဆိုတာထင်ရှားပါတယ်။ အလျဉ်းသင့်လို့ ဒီနေရာမှာပြောချင်ပါတယ်။ ပြည်ပမှာနိုင်ငံရေးလုပ်ရှားနေတာနှစ်(၂၀)ကျော်ပြီ ခွန်အား သိပ်မရှိဘူး။ ခွန်အား အကောင်းဆုံးဟာပြည်တွင်းမှာရှိတယ်ဆိုတာ ယင်းအမတ်ရဲ့ စကားအရ အသိပေးရာ ရောက်ပါတယ်။ ၄င်းအမတ်က ဆက်ပြီး “၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ရဟန်းသံဃာတော်တွေရဲ့ ဦးဆောင်မှု အခန်း ကဏ္ဍပါဝင်လာမှ နိုင်ငံရေးအဖွဲ့အစည်းတွေ ညီညွတ်သင့်သလောက်ညီညွတ် လာကြောင်း ” သံဃာတော်တွေရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို မီးမောင်းထိုးပြောဆို ဆွေးနွေးသွားပါတယ်။ အဖွဲ့အစည်းအားလုံး နှစ်(၂၀)ကျော်ကာလအတွင်း မညီမညွတ် ဖြစ်ခဲ့မှုတွေဟာ အဘယ့်ကြောင့် အခုသံဃာတော်တွေ ဦးဆောင်မှုရှိလာမှ ညီညွတ်စပြုလာရတာလဲ။ ဒါဟာမေးစရာမေးခွန်းတစ်ခုပါ။ ကျွုန်ုပ်ရိုးရိုးလေးဖြေကြည့်စမ်းချင်ပါဘိ။” နိုင်ငံရေးကြောင့် အသက်ရှင်သန်သူတွေ များလွန်းလို့” ဟု ဖြေချင်ပါသည်။ အနူးအညွတ် တောင်းပန်တိုက်တွန်းပါတယ်။ အဖွဲ့အစည်းအားလုံးရှိ ပုဂ္ဂိုလ်အားလုံး နိုင်ငံရေးကြောင့် အသက်မရှင်သန်ဘဲ အသက်ရှင်သန်နေတုန်း မိမိနိုင်ငံတော်အတွက် နိုင်ငံအရေးကို ညီညီညွတ်ညွတ် လုပ်ဆောင်ကြပါ လို့တိုက်တွန်းချင်ပါတယ်။
နိုင်ငံရေးဆိုတာ နိုင်ငံတော်ရဲ့အရေးကိစ္စပါ။ နိုင်ငံနှင့်လူမျိုးဆိုတာ ကင်းလို့ရသောအရာမဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီနိုင်ငံမှာ မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသားပြည်သူအားလုံးအပေါ် တာဝန်ရှိပါတယ်။”တာဝန်သိရင် တာဝန်ရှိတယ်” ဆိုတဲ့ မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးရဲ့သြ၀ါဒအတိုင်း ကိုယ့်နိုင်ငံအရေးမှာ တာဝန်သိသူတိုင်း တာဝန်ရှိရှိလုပ်ဆောင်နိုင်ပါတယ်။ အမိနိုင်ငံတော် လွတ်လပ်ဖို့ ဆောင်ရွတ်တဲ့နေရာမှာ (သို့) နိုင်ငံရေးအလုပ်ကိုဆောင်ရွတ်တဲ့နေရာမှာ အဖွဲ့အစည်း တစ်ခုခုအပေါ်မှာသာ မူတည်ပြီးလုပ်လို့ရနိုင်တဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ မိမိကျရောက်တဲ့နေရာမှာ မိမိကျရာအခန်းကဏ္ဍက ပါဝင်ပြီးဆောင်ရွတ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ နောက်ပြီး နိုင်ငံရေးအလုပ်ဆိုတာ အခြေအနေရ လုပ်ဆောင် ရတဲ့အလုပ်မျိုးလည်း မဟုတ်ပါဘူး။ မိမိမှီခိုတဲ့ မိမိနိုင်ငံတော်အရေးကိစ္စကို နိုင်ငံသားတစ်ယောက် အနေနဲ့ မဖြစ်မနေဆောင်ရွတ်လုပ်ဆောင်ရမည့် အရေးကိစ္စပါ။
ဒါကြောင့် နိဂုံးချုပ်အနေနဲ့ တိုက်တွန်းပါရစေ။ အို…ဓမ္မဘက်မှရပ်တည်ကြသော၊ လူ့အခွင့်အရေးကိုတန်ဘိုးထားကြသော ၊တိုင်းပြည်ကို ချစ်မြတ်နိုးကြသော နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်အပေါင်းတို့ “ညီညွတ်” ကြပါ။“ညီ” လျှင် သင်တို့အပေါ် ပြည်သူအပေါင်းတို့က” ညွတ်” လာပါလိမ့်မည်။ ဖွဲ့အစည်းအားလုံး ညီညွတ်ကြလျှင် အားလုံးမျှော်မှန်းထားတဲ့ လွတ်လပ်ရေးပန်းတိုင်ဆီသို့ အရောက်လှမ်း နိုင်မည်ဖြစ်သတည်း ။ သို့မဟုတ်လျှင်………။

ထုဆစ် (MSMA)


0 comments: