Saturday, July 19, 2008

ဘ၀ တိုက်ပွဲ

ရေစားတိုင်းသာ ပြိုကျပါမူ
ဘယ်မှာ မြေကြီး ရှိမည်နည်း
ရေကြီးတိုင်းသာ နစ်မြုပ်ပါမူ
ဘယ်မှာ စပါး ရှိမည်နည်း
လေတိုက်တိုင်းသာ လဲပြိုပါမူ
ဘယ်မှာ အိမ် ကျောင်း ရှိမည်နည်း
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း
ဆင်းရဲတိုင်းသာ တုန်လူပ်ပါမူ
ဘယ်မှာ ပညာ တိုးမည်နည်း။

အို … ၀ဋ်ကြွေးခံရ တပည့်လှတို့
ဘ၀တိုက်ပွဲ ရင်ဆိုင်နွှဲသော်
ဝံ့ရဲ သတ္တိ ဇွဲ ရှိရှိဖြင့်
အသိတရား စိတ်ဝယ်ထားလျက်
အမှားမဆက် မိုက်မဖက်ဘဲ
ဆုတ်တက်မြဲသာ ဓမ္မတာမို့
ရှည်ကြာမမြဲ မဆင်းရဲတည်း။

စိတ် ဇွဲ ရင့်သန် ဦးတည်မှန်လျက်
ကြံကြံတွေးတွေး တရားဆေးဖြင့်
ပူဆွေး သောက ပယ်နှုတ်ကြလော့။

လေလှိုင်းကြမ်းလည်း
စွမ်းစွမ်း လုံ့လ ဇွဲ မာန် ကြွလျက်
ဘ၀ ကြမ္မာ ဖန်တီးရာသည်
ရှေ့မှာ အောင်ပွဲ ခြိမ့်ခြိမ့်တည်း။

Copy- မသက်ဇင်



0 comments: