Sunday, July 6, 2008

ရွေးကောက်ပွဲအတွက် ပါတီများမှတ်ပုံတင်ရတော့မည်ဟု သတင်းပေါ်ထွက်

လာမည့်လအနည်းငယ်အတွင်း ၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှတ်ပုံတင်ကြရန် ကြေညာချက်ထွက်ပေါ်လိမ့်မည်ဟု သတင်းရရှိသည်။ အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်သူများ၏ အဆိုအရ စစ်ဗိုလ်ချုပ်များက အဆိုပါအဖွဲ့များအား ကြေညာချက်ထွက်ပေါ်မလာမီ နိုင်ငံရေးပါတီများ ဖွဲ့စည်းရေးအတွက် ပြင်ဆင်ထားရန် ပြောဆိုခဲ့သည်ဟု သိရသည်။ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ် အများအပြားလည်း ပါဝင်ယှဉ်ပြိုင်မည်ဟု ပြောကြားကြောင်းလည်း သိရသည်။

စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့)က အသင်းဝင်များစာရင်းကို ပြန်လည်လေ့လာသုံးသပ်နေသည်ဟု ရန်ကုန်မှ ကြံ့ဖွံ့သတင်းရပ်ကွက်များက ဆိုသည်။

မေလကပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် ကြိုတင်မဲများရယူပြီးအနိုင်ရရန်ပြုလုပ်ခဲ့သည့် နည်းလမ်းကို စစ်ခေါင်းဆောင်ကြီးများက နှစ်ထောင်းအားရဖြစ်နေကြောင်း အသင်းဝင်များနှင့် တွေ့ဆုံခဲ့သည့်စစ်အရာရှိများကပြောကြသည်ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြိုတင်မဲနည်းလမ်းကိုဆက်လက်ကျင့်သုံးရန် တပ်မတော်အရာရှိများက ကြံ့ဖွံ့ခေါင်းဆောင်များ၊ ဒေသခံအာဏာပိုင်များကို ညွှန်ကြားခဲ့သည်ဟု သိရသည်။ အထူးသဖြင့် တပ်မတော်သားများ၊ အစိုးရရုံးဝန်ထမ်းများ၊ ကြံ့ခိုင်ရေး အသင်းဝင်များအတွက် ထိုနည်းလမ်းကို သုံးရမည်ဟု ဆိုသည်။

မိုးမခမှတင်ပြသည်။

0 comments: