NEJ /၁ ဖေဖော်ဝါရီ ၂၀၁၀
ရုရှပြည်၌ ကြီးစိုးခဲ့သော ဆိုဗီယက်ကွန်မြူနစ်ပါတီသည် နှစ်ပေါင်း (၇၀) ကျော် အာဏာရပြီးမှ ပြုတ်ကျသွားရသည်။ အကြောင်းရင်းကိုလေ့လာပါက မြန်မာများအတွက် သင်ခန်းစာရနိုင်ဖွယ်ရှိတယ်။ (၄၈) နှစ် အာဏာရနေသော မြန်မာစစ်တပ်သည်လည်း ကိုယ်ကျိုးရှာသည့် နိုင်ငံရေးပါတီတမျိုးပင်ဖြစ်သည်။ မြန်မာဗိုလ်ချုပ်များကို ရှိခိုးနေသော အရပ်သားအချို့ကိုကြည့်၍ မြန်မာပြည်သူပြည်သားများ ကျွန်ဘ၀မှ လွတ်မြောက်မည်မဟုတ်ဟု ပြောဆိုနေသူများ ရှိသကဲ့သို့ ရုရှပြည်သူများကိုလည်း ကျွန်စိတ်ရှိသူများဟု တချိန်ကဝေဖန်ခဲ့ကြသည်။ ဤသို့ ပြောရသည်မှာလည်း အကြောင်းရှိ၏။ နိုင်ငံရေးလွတ်လပ်မှုအတွက် တိုက်ပွဲဝင်သည့်အစဉ်အလာကို မှတ်မိသူ ရုရှပြည်၌မရှိဟု ဆိုသည်။ အာဏာရှင်၏ ညွှန်ကြားချက်ကို လိုက်နာခြင်းသည် ရုရှဓလေ့ထုံးစံဖြစ်သည်ဟုပင် ပြောဆိုကြ၏။
အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မည်မဟုတ်ဟု တိုင်းသူပြည်သားများက ယုံကြည်နေသမျှကာလပတ်လုံး ယင်းအာဏာရှင်စနစ် တည်မြဲနေမည်ဟု ဆိုရိုးရှိသည်။ စစ်အစိုးရကို မည်မျှပင် မုန်းတီးစေကာမူ စစ်ဗိုလ်ကို အရပ်သားက မဖြုတ်နိုင်ဟု ယုံကြည်နေသမျှ စစ်အစိုးရ သက်ဆိုးရှည်နေမည်မှာ သေချာ၏။ ဤယုံကြည်ချက် ပျက်ပြားလာမှသာ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ပါလိမ့်မည်။ ယခုအချိန်သည် နိုင်ငံရေးအသွင်ပြောင်းရန် စစ်အစိုးရကြံစည်နေသောအချိန်ဖြစ်၍ အရေးကြီး၏။ အာဏာရှင်စနစ်ကို ပြုပြင်ရန် အာဏာရှင်ကိုယ်တိုင်ကြိုးပမ်းချိန်သည် အာဏာရှင်အတွက် အန္တရာယ်အကြီးဆုံး အချိန်ဖြစ်သည်ဟု ပြင်သစ်နှင့် အမေရိကန်တော်လှန်ရေးကို လေ့လာသူပညာရှင် တော့ခ်ဗီးလ် (Tocqueville) က ပြောဖူးသည်။ ပြုပြင်ရေးလုပ်ခြင်းသည် မပြောင်းလဲနိုင်သည့် အာဏာရှင်စနစ်ဆိုသော အယူအဆ ပျက်ပြားလာပုံကို ပြသရာ ရောက်ပေသည်။
ဆိုဗီယက်ပြည်ထောင်စုတွင် ဤအတိုင်းပင်ဖြစ်ခဲ့သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ အခြေခိုင်လွန်းသည့်အတွက် ကွန်မြူနစ်ပါတီ ကိုယ်တိုင်ကဖျက်မှပင် ပျက်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ထိုအချိန်၌ ဂိုဘာချော့ (Gorbachov) ထွက်ပေါ်လာသည်။ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့်အတွက် အပြောင်းအလဲမလုပ်လျှင် မဖြစ်တော့ဟု ယူဆလာကြသည်။ အနည်းအကျဉ်း ပြုပြင်ရန်အတွက် Glasnost ပွင့်လင်းရေးနှင့် Perestroika ပြုပြင်ရေးကို ဂိုဘာချော့က စတင်ကျင့်သုံးသည်။ ဂိုဘာချော့ စလိုက်သော ပြုပြင်ရေးတွင် ပြည်သူလူထု ပါဝင်လှုပ်ရှားလာသည့်အတွက် နောက်ဆုံး၌ ကွန်မြူနစ်ပါတီကို ဖျက်သိမ်းလိုက်ရသည်အထိ အရှိန်အဟုန်ပြင်းထန်လာ၍ ရုရှ၌ အရင်းရှင်ဒီမိုကရေစီ ကျင့်သုံးနိုင်ခြင်းဖြစ်၏။
မြန်မာစစ်အာဏာရှင်စနစ်ကိုလည်း စစ်ဗိုလ်ကပင် ဖျက်ပစ်လိမ့်မယ်လို့ ခန့်မှန်းနေကြသည်။ ရုရှ၌ ဂိုဘာချော့လုပ်သကဲ့သို့ မြန်မာပြည်တွင် ဗိုလ်ခင်ညွန့် လုပ်လေမလားဟု တွေးကြည့်ကြ၏။ ဗိုလ်ခင်ညွန့်တို့အုပ်စုကို ဒီမိုကရေစီလိုလားသူအဖြစ် ပြောဆို ရေးသားမှုများပင် ရှိလာ၏။ သို့သော် ကွဲပြားခြားနားမှု အများကြီးရှိသည်။ ဂိုဘာချော့သည် ကမ္ဘာကလေးစားရသည့် ပညာတတ်နိုင်ငံရေးသမားဖြစ်၏။ ဆိုဗီယက်ကွန်မြူနစ်ပါတီ၌ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်၏။ ဗိုလ်ခင်ညွန့်ကမူ ဗိုလ်ချုပ်နေ၀င်းရဲ့ အိမ်ကျွန်ဘ၀မှ ၀န်ကြီးချုပ်ဖြစ်လာသူဖြစ်သဖြင့် ဗိုလ်သန်းရွှေနှင့် စစ်ကောင်စီကို ကျော်နိုင်စွမ်းမရှိပါ။
နအဖစစ်အုပ်စုသည် အရပ်သားအဖွဲ့အစည်းများနှင့် တန်းတူရည်တူ ဆွေးနွေးရန် ဆန္ဒမရှိပါ။ စေ့စပ်ဆွေးနွေး၍ ပြဿနာ အဖြေရှာရန် အပြည်ပြည်ဆိုင်ရာက တိုက်တွန်းလွန်းသဖြင့် ယုံကြည်မှုတည်ဆောက်ရေးအတွက် ဗိုလ်ခင်ညွန့်ဂိုဏ်းက အရာရှိအချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြသည်။ ဤတွင် မြန်မာစစ်အုပ်စု၌ အတိုက်အခံနှင့်ဆွေးနွေးလိုသူနှင့် မဆွေးနွေးလိုသူဟူ၍ အုပ်စု (၂) စုကွဲသွားပြီဟူသော ကောလာဟလထွက်လာသည်။ ဆွေးနွေးလိုသည့် စစ်အုပ်စု အရေးနိမ့်သွား၍ ဗိုလ်ခင်ညွန့်တို့အဖွဲ့ကို ဖြုတ်ထုတ်ထောင်ချလိုက်ခြင်းဖြစ်သည်ဟု ဆို၏။ ထောက်လှမ်းရေးနှင့် စစ်တပ် စားခွက်လုရာမှာ ထောက်လှမ်းရေးပြုတ်သွားခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ စစ်ခေါင်းဆောင်ပိုင်းနှင့် အတိုက်အခံခေါင်းဆောင်များ ဆွေးနွေးခြင်း မပြုသေးပါ။
အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် မျက်နှာပန်းလှစေရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး နေခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့ဆက်လက်အာဏာရှိနိုင်မည့် အပြောင်းအလဲကိုသာ စိတ်ဝင်စားပါသည်။ အာဏာလက်လွတ်ဖြစ်သွားနိုင်သော အစီအစဉ်နှင့် အပြောင်းအလဲကို စစ်ခေါင်းဆောင်ပိုင်းက လက်မခံနိုင်ပါ။ ထို့ကြောင့် သီးခြားလွတ်လပ်သော နိုင်ငံရေးအင်အားစု ပေါ်ထွက်လာခြင်းမရှိရန် နည်းမျိုးစုံဖြင့် စစ်အစိုးရက ဟန့်တားနေခြင်းဖြစ်၏။
စစ်ခေါင်းဆောင်ပိုင်းသည် အခြေအနေကိုလိုက်၍ ပြုပြင်ပြောင်းလဲလာနိုင်သည်ဟု ပြည်တွင်းမှ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အချို့က မျှော်လင့်ကြသည်။ နအဖအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်၍ မှေးလိုက်နေပါက တဖြည်းဖြည်း ဒီမိုကရေစီ ပေါ်ထွက်လာနိုင်သည်ဟု ယူဆသူများလည်းရှိသည်။ သို့သော်လည်း နအဖစစ်အုပ်စုတွင် အရပ်သားနှင့်တန်းတူရည်တူ ဆွေးနွေးသော အစဉ်အလာမရှိပါ။ အချို့ကလည်း နိုင်ငံခြားအာဏာရှင်နိုင်ငံများမှ အသွင်ကူးပြောင်းရေးပုံစံများကို အားကျကြသည်။ ချီလီနိုင်ငံတွင် စစ်တပ်က ပြဋ္ဌာန်းသော အခြေခံဥပဒေဘောင်အတွင်းမှာ ဒီမိုကရေစီတည်ဆောက်ပုံကို ဥပမာပြကြ၏။
နအဖစစ်အုပ်စုသည် ၁၉၈၈ ပြည်သူ့အရေးတော်ပုံကဲ့သို့သော လူထုအုံကြွမှုကို အလွန်ကြောက်၏။ ထို့ကြောင့်လည်း တက္ကသိုလ်ကျောင်းသားကို လူစုခွဲပစ်ပြီး မြို့တော်ကို ကြပ်ပြေးသို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ပေသည်။ သံဃာဦးဆောင်သော ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲကို အလွယ်တကူချေမှုန်းနိုင်ပြီး နအဖစစ်အုပ်စုပြိုကွဲမည့် အရိပ်အရောင်မပြသဖြင့် ကြပ်ပြေးသို့ ရွှေ့ပြောင်းခြင်းသည် အာဏာတည်မြဲရေး စီမံချက်၏ အရေးကြီးသော အဆင့်တဆင့်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
အနာဂတ်ပျောက်နေ၍ မကျေမနပ်ဖြစ်နေသူဦးရေ တိုးပွားလာလေလေ စစ်အာဏာရှင်အတွက် အနုတ်လက္ခဏာ များလေလေ ဖြစ်သည်။ သို့သော်လည်း အရပ်သားလူတန်းစားတခုတည်း ကန့်ကွက်ဆန္ဒပြရုံဖြင့် စစ်အာဏာရှင်စနစ် နိဂုံးမချုပ်နိုင်ကြောင်း မျက်မှောက်ခေတ် မြန်မာ့သမိုင်းက သက်သေပြနေသည်။ ထို့ကြောင့် မကျေနပ်သော အရပ်သားနှင့် မကျေနပ်သော စစ်သား ပေါင်းစည်းမိရန် လိုအပ်ပါသည်။ ဤအတောအတွင်း စစ်ခေါင်းဆောင်ပိုင်းတွင် အကွဲအပြဲဖြစ်သွားပါက စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရန် အလားအလာ ပိုကောင်းသွားပေမည်။
ထို့ကြောင့် အရပ်သားနှင့် စစ်သားပေါင်းစည်းသွား၍ အခွင့်ထူးခံအာဏာရှင်စနစ်ကို အန္တရာယ်ပေးနိုင်သော အင်အားစုကြီး မပေါ်ပေါက်စေရန် နအဖစစ်အစိုးရက အမြဲတမ်းကြိုးပမ်းနေရပေသည်။ သတင်းမီဒီယာကိုချုပ်ကိုင်ခြင်း၊ အတိုက်အခံကို ဖိနှိပ်၍ အကွဲအပြဲဖြစ်နေအောင် စီမံထားခြင်း၊ အစိုးရအမှုထမ်းနှင့် ပြည်သူလူထုအကြား ကွာဟချက်ကြီးမားအောင် လုပ်ထားခြင်း၊ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်ကို ခါးပိုက်ဆောင်တပ်ဖြစ်အောင် လုပ်ထားခြင်း၊ တပ်တွင်းပဋိပက္ခများကို လျှို့ဝှက်ထားခြင်း စသည့်လုပ်ရပ်များသည် စစ်အာဏာရှင်စနစ်ကို ကျားကန်ခြင်းပင်ဖြစ်သည်။
ဤအချက်များကို အာရုံစိုက်နေရသော မြန်မာစစ်အာဏာရှင်အုပ်စုသည် ကြိုးတန်းပေါ်၌ လမ်းလျှောက်နေသူနှင့်တူ၏။ သတိလစ်သွားသည်နှင့် ပြုတ်ကျမည်မှာ သေချာ၏။
Sunday, February 14, 2010
အာဏာရှင်စနစ် နိဂုံးချုပ်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment