Monday, September 7, 2009

ဓမ္မာစရိယ စာချဆရာတော် ကို နအဖ စစ်အာဏာရှင်မှ ဖမ်းဆီး

နာဂစ် မုန်တိုင်းဒုက္ခသည် ကူညီရေးတွေ လုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်က ဓမ္မာစရိယ စာချဆရာတော် ဦးဂေါသိတကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်အစိုးရက ဖမ်းဆီးလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အရှင်ဦးဂေါသိတဟာ တခြား သံဃာတော် ၇ ပါးနဲ့အတူ မုန်တိုင်းဒုက္ခသည် ကူညီရေးကိစ္စတွေအတွက် ထိုင်ဝမ်နိုင်ငံကို ခေတ္တ ကြွသွားပြီး မြန်မာနိုင်ငံကို အပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာလို့ သံဃာတော်တပါးကအာအက်ဖ်အေကို အခုလို မိန့်ပါတယ်။

သံဃာ။ ။'ဆရာတော် ဦးဂေါသိတဟာ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ကိုယ်ဖိရင်ဖိ တကယ်ကို ကူညီစောင့်ရှောက်နေတဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။ အဲဒီဆရာတော်ကနေပြီး နာဂစ်ကယ်ဆယ်ရေးအဖွဲ့တွေကို ထိုင်ဝမ်ကို သူတို့ အလည်ခေါ်လို့ ကြွသွားကြတယ်။ ထိုင်ဝမ်ကို အလည်သွားပြီးတော့ အပြန်မှာ ဆရာတော ဦးဂေါသိတကို သူတို့ လေဆိပ်မှာပဲ ဆီးဖမ်းထားလိုက်တယ်။ အကြောင်းပြချက် ဘာမှ ခိုင်ခိုင်လုံလုံလည်း မပြဘဲနဲ့ ဒီလိုမျိုး မတရားဖမ်းဆီးလိုက်တာဟာ သူတို့က သပိတ်မှောက်ကံကို ထပ်ပြီးတော့ ကျူးလွန်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆရာတော်ရဲ့ တပည့်တွေနဲ့တကွ ဒကာ ဒကာမ အဝန်းအဝိုင်းကနေပြီး လုံးဝ မကျေမနပ် ဖြစ်နေကြပါတယ်'

ဒီအတောအတွင်းမှာပဲ မန္တလေးမြို့ ဈေးချို ဝါးတန်းကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာပါရမီ စာကြည့်တိုက်ကို ကူညီပေးနေတဲ့ အင်္ဂလိပ်စာဆရာ ကိုညို၊ မသန္တာနဲ့ မသဇင်တို့ကိုလည်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဝါးတန်းကျောင်းတိုက်မှာ စာကြည့်တိုက် ဖွင့်ထားသလို နိုင်ငံခြား ဘာသာစကားတွေလည်း အရင်က သင်ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို သူတို့ကို ဖမ်းဆီးထားတာဟာ စစ်အစိုးရကို သပိတ်မှောက်ကံဆောင်ဖို့ ထပ်မံကြိုးစားနေကြတဲ့ သံဃာတော်တချို့နဲ့ ပတ်သက်နိုင်တယ်လို့ နီးစပ်သူတဦးက ခန့်မှန်းပြောဆိုပါတယ်။

RFA သတင်းဌာန

0 comments: