Sunday, September 27, 2009

ပြည်သူ့ငြိမ်းချမ်းရေးတိုက်ပွဲ





ဗမာ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့်အရာသည် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်သည်၊ မြန်မာပြည်လွတ်လပ်ရေးရပြီး အနှစ်(၆၀) ကျော်ခဲ့သော်လဲ တည်ငြိမ်အေးချမ်းသည့် ဘ၀မျိုးကို ပိုင်ဆိုင်ခွင့်မရကြသေး၊ လွတ်လပ်ရေး၏အသီးအပွင့်တွေကို ရယူသုံးစွဲခံစားခွင့်မရှိနိုင်ကြသည့်ဘ၀များနှင့် အနာဂတ်မဲ့စွာဖြတ်သန်းနေကြရသည်။

နအဖ စစ်မိစ္ဆာကောင်များသည် စစ်မှန်သည့်ငြိမ်းချမ်းရေးလမ်းကို မလျှောက်လှမ်းလိုကြ၊ ဒီမိုကရေစီနှင့် တရားနည်းလမ်းကျသည့်အရာမှန်သမျှကို အာဏာလက်နက်အားကိုးနဲ့ ရက်ရက်စက်စက် ခြေမှုန်းသုပ်သင်တတ်ကြပေသည်၊သို့သော် ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများသည် ဘယ်သောခါမှ သေရိုးထုံးစံမရှိ၊ ဘယ်လိုပင်သတ်သတ် ငြိမ်းချမ်းရေးမြက်ခင်းပြင်ကြီးသည် စိမ်းစိုမြဲစိမ်းစို၊လှပမြဲလှပနေမည်သာဖြစ်သည်။

အမိ ဗမာပြည်ဒီမိုကရေစီနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ထွန်းကာပေါ်ပေါက်လာရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေကြသူများသည် နအဖ စစ်မိစ္ဆာကောင်များစွပ်စွဲသလို အကြမ်းဖက်သမားများမဟုတ်ကြ၊ အကြမ်းဖက်သည့်လုပ်ရပ်များကိုလဲ ဘယ်သောခါမှမကျူးလွန်ကြ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေကြသူများသာဖြစ်သည်။ သူတို့သည် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် သူတို့၏ဘ၀များကို ပေးဆပ်သူများသာဖြစ်သည်၊ ရယူလိုသူများမဟုတ်ကြ၊ နအဖစစ်မိစ္ဆာကောင်အာဏာရှင်များသည် ငြိမ်းချမ်းရေးဆိုသည့် အသံကိုမကြားလိုကြ၊ အာဏာရှိသည်၊ လက်နက်ရှိသည်၊ ငွေရှိသည် လုပ်ချင်တာလုပ်လို့ရသည် ဆိုသည့် တိရိစ္ဆာန်ထက်နိမ့်ကျသည့် အောက်တန်းကျ ယုတ်မာသည့်စိတ်ဓာတ်မျိုးတို့ဖြင့် တစ်တိုင်းတစ်ပြည်လုံးကို ထင်တိုင်းကြဲ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးနေကြပေသည်။ထိုသူတို့သည်သာ အကြမ်းဖက်သမားစစ်စစ်ဖြစ်ပေသည်။

မြန်မာပြည် ဒီမိုကရေစီနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ထွန်းကားပေါ်ပေါက်ရေးအတွက် စစ်အာဏာရှင် စနစ်ဆိုးကြီး မရှိမှဖြစ်မည်၊ ဒီစနစ်ဆိုးကြီးရဲ့လောင်းရိပ်အောက်မှာ ကျွန်ုပ်တို့ ပြည်သူတွေရဲ့ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ စတေးခံခဲ့ရ ပေးဆပ်ခဲ့ကြရပေသည်။ တိုင်းပြည်ကြီးကတော့ ယနေ့ချိန်ထိ ဘာတစ်ခုမှဖြစ်မလာနိုင်သေးပေ၊ အာဏာရှင် လောင်းရိပ်အောက်တွင် ရှိသည့်အရာမှန်သမျှသည် စစ်မှန်သည့်အရာများ မဟုတ်ကြ၊ အတုအယောင် ဟန်ဆောင်ဖုံးကွယ်ထားသည့်အရာများသာလျှင်ဖြစ်ပေလိမ့်မည်၊
ထိုအတုအယောင်များကို ရှင်းလင်းဖယ်ရှားပစ်ရမည့် တာဝန်မှာ ကျွန်ုပ်တို့ မျိုးဆက်တစ်ရပ်လုံး၏ မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်တစ်ခုဖြစ်ပေသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီမရှိသည့်အတွက်ကြောင့် တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာပါ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်တော့မည့် အန္တရာယ်ဆိုးနှင့်ရင်ဆိုင် ကြုံတွေ့နေရပြီဖြစ်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပေါ်ပေါက်ထွန်းကားရေးအတွက် ကျွန်ုပ်တို့သည် ရှိသမျှစွမ်းအားဖြင့် ခုခံ တိုက်ပွဲဝင်ကြရမည်။ ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့၏ တစ်ခုတည်းသော အားကိုးရာ လက်နက်ဖြစ်ပေသည်။ ကျွန်ုပ်တို့စိုက်ထူမည့်ငြိမ်းချမ်းရေးမှတ်တိုင်သည် မြန်မာပြည်အတွက်ပါမက ကမ္ဘာကြီးအတွက်ပါ သမိုင်းကဗျည်း မှတ်တမ်းရေးထိုးရမည့်အရာဖြစ်ပေသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးထွန်းကားဖို့အတွက် ပိတ်ဆို့ကာရန်ထားသည့် စစ်အာဏာရှင်ဟူသော တံတိုင်းကြီးကို ၀ိုင်းဝန်းဖြိုလှဲ ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်တည်း ဖြိုလှဲ၍မရ ညီညီညာညာစုပေါင်းဖြိုလှဲမှ အောင်ပွဲခံနိုင်မည်ဖြစ်ပေသည်။ ယုတ်မာ ဆိုးသွမ်းကောက်ကျစ်သည့် စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က မရုန်းထွက်နိုင်ခဲ့ပါကကျွန်ုပ်တို့၏ လူမျိုး ဘာသာ သာသနာတော်ကြီးသည် ကမ္ဘာ့အလယ်မှာ မကြာမီပျောက်ကွယ်တော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု (ရန်ကုန်)



0 comments: