၂၀ သြဂုတ် ၂၀၀၉
line
မိုးဦးလေဦး မိုးသံလေသံတွေကြားမှာ ဖားအော်သံတွေ ကြားတတ်ရတာ မဆန်းပါ။ သဘာဝပေပဲကိုး။ အခု မိုးလယ်မိုးနှောင်း ရောက်နေတဲ့အချိန်မှာ ဖားအော်သံတွေ ညံစီစီ ကြားနေရတော့ ဆန်းလှသည်။ ယခု ဇူလိုင်၊ သြဂုတ်လမှာ နိုင်ငံတော်ပိုင် သတင်းစာကြီးတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖားအော်သံတွေကို တွေ့မြင်ကြားနေရသည်။ ငပြူးက ငပြဲလုပ်။ ငပြဲက ငပြူး လုပ်နေကြတဲ့ ဖားဆောင်းပါးတွေပါ။ ဖားတွေက ရိုးရိုးပဂုံညင်းဖားတွေတော့မဟုတ်။ ကပ်ဖား၊ ရပ်ဖား၊ စားဖားတွေ ဖြစ်သည်။
နအဖ ကျွန်ယုံတော် သစ္စာစောင့် ငယ်မွေးခြံပေါက်တွေရဲ့ မစားရ၀ခမန်း ရွှေနားတော်သွင်း ဧချင်းများဖြစ်သည်။ ကလောင်နာမည်သာလွဲတယ်။ စကားလုံးအကြောင်းအရာတွေက ဆီသယ်မလက်နှီးစုတ်၊ တခါလာလည်း မဲပြာပုဆိုး၊ ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်။ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုတာလို ငါ့စကားနွားရ ရေးထားတဲ့ သံတူကြောင်းမကွဲ ဆောင်းပါးတွေ။ ဖတ်ရတာ အော့နှလုံးနာစရာ။ အောက်တန်းကျလိုက်တာကလည်း လွန်ရော။ သူတို့စိတ်ဓာတ်တွေ သိချင်လို့သာ အောင့်အည်းသီးခံပြီး ဖတ်ကြည့်ရတာပါ။
မောင်မှတ်၊ ကျော်ရဲမင်း၊ လေ့လာသူတဦး၊ မိခင်သန့်၊ ကိုမြန်မာ၊ ချစ်နိုင်(စိတ်ပညာ)၊ လူသစ်၊ ကိုသာယာ၊ မောင်ဒဲ့ဒိုး၊ ဦးမျိုးမြင့် (ဥပဒေ)၊ ကိုကိုညီညီ၊ စိုးမြကျော်၊ မောင်ပွင့်လင်း၊ ဗညားအောင်၊ တောသားလေး၊ မန်းသာစိန် (ဖာပွန်) စတဲ့ တွင်းတူးပြီး မိုက်နေကြတဲ့ ဓားမနောက်ပိတ်တွေလို့ ဆိုရမလားပဲ။
တယောက်လာလည်း ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတပါတယ်။ (၉၂.၄၈) ရာခိုင်နှုန်း ပြည်သူက တခဲနက် ထောက်ခံဆန္ဒမဲပေးလို့ အတည်ပြုပြီး ရေးလိုရေး။ ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒ ပြည်သူ့အဆုံးအဖြတ်ကို ဆန့်ကျင်ဘက်အဖွဲ့ အစည်းများက လိုက်နာရမှာပါ။ ဒါမှ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်မှာပါ။ အများဆန္ဒကို အနည်းစုက လိုက်နာရမှာက ဒီမိုကရေစီကျင့်စဉ်ပါ။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားလုပ်ဆောင်ခဲ့ကြောင်း ပြောလိုပြောနဲ့။ ပြီးတော့ ရှိသေး။ တရားဥပဒေနဲ့အညီဆောင်ရွက်တာပါ။ တရားဥပဒေ အထက်မှာ ဘယ်သူမှ မရှိပါဘူးတဲ့။ ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေအရ ဆောင်ရွက်နေတာဖြစ်တယ်။ Force Labour, Child Soldiers မရှိဘူးနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်တာမရှိဘူး ရေးလိုရေး။ အံ့ရော၊ အံ့ရော။ ဆင်သေကို ဆိတ်ရေဖုံးတဲ့ ဟာသပြက်လုံးတွေ။ ကဲ ကြည့်ကြရအောင်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းဟာ ပြည်သူ့ဆန္ဒခံယူထောက်ခံမှုအဆင့်သာ ရှိပါသေးတယ်၊ အတည်မပြုရသေးပါဘူး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ယူကျင်းပမယ့် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်မှ အတည်ပြုရမှာဖြစ်ပါတယ်။ ဒါကိုပဲ ပြည်သူတွေကို ယုံထင်ကြောင်ထင် အတည်ပြုပြီး လိမ်ဆင်တွေလုပ်ရေး ရှက်စရာပါ။ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းမှာ သေဆုံးခဲ့ကြတဲ့လူ (၁) သိန်းကျော်ရဲ့ ဆန္ဒမဲတွေ၊ အိုးပျက်အိမ်ပျက် ဒုက္ခရောက်ခဲ့ကြရတဲ့ လူ(၃) သိန်းကျော်ရဲ့ဆန္ဒမဲတွေ ဘယ်လို ထောက်ခံမဲ ပေးခဲ့ကြသလဲ၊ စဉ်းစားစရာ။ ၀န်ထမ်းများနဲ့ စက်ရုံအလုပ်သမားတွေဟာ ရုံးတွေမှာ၊ စက်ရုံတွေမှာ မဲထည့်ကြရတာ လွတ်လပ်မှုရှိကြရဲ့လား။ ရပ်ကွက်မဲရုံတွေမှာ နအဖအလိုတော်ရိ ကြံ့ဖွံ့/စွမ်းအားရှင်၊ မီးသတ်၊ အမျိုးသမီးရေးရာအဖွဲ့တွေနဲ့ ထင်တိုင်းကြဲနေတာ လွတ်လပ်မှု၊ တရားမျှတမှု ရှိကြရဲ့လား။ ဒါက (၉၂.၄၈) ထောက်ခံတယ်ဆိုတဲ့ အချက်ဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတာကို ထောက်ပြတာပါ။ အများစုရဲ့ဆန္ဒကို အနည်းစုက လိုက်နာရတာ ဒီမိုကရေစီ ကျင့်စဉ်ပါတဲ့။ ကဲ…၉၀ ပြည့်နှစ် ရွေးကောက်ပွဲအများစုရဲ့ ဆန္ဒကိုကော ခင်ဗျားတို့တတွေ လိုက်နာခဲ့ကြရဲ့လား။ ကိုယ့်မျက်ချေးလည်း ကိုယ်မြင်တတ်ပါဦး။ လိပ်လိုတော့ ကိုယ့်ဘက်ကို ကိုယ်မယက်ကြပါနဲ့၊ မျှမျှတတစဉ်းစားကြပါဦးနော်။
နောက် မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား လုပ်ဆောင်ခဲ့ကြောင်း ရေးထားတယ်။ ၁၉၉၄ ခုနှစ်ကစပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှ နှစ်စဉ်ဆုံးဖြတ်ချက်ချခဲ့တာတွေ ဘာတခုများ လိုက်နာဆောင်ရွက်ခဲ့ပါသလဲ၊ ဖြေပါ။
နောက်တခုရှိသေးတယ်။ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိပါဘူး၊ ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဥပဒေပညာရှင်ကြီး ဦးမျိုးမြင့်က ရေးထားသေးတယ်။ ကဲ…ဥပဒေနဲ့အညီ ဟုတ်မဟုတ် ဆန်းစစ်ကြည့်ကြရအောင်။ ဥပမာပေါ့ဗျာ။ တူညီသောပုဒ်မတခုမှာ အန်အယ်လ်ဒီအဖွဲ့ဝင်တဦးနဲ့ သာမန်အရပ်သားတဦး ပြစ်မှု ကျူးလွန်ခဲ့ရင် အန်အယ်လ်ဒီအဖွဲ့ဝင်မှာ အမြင့်မားဆုံး ပြစ်ဒဏ်ချမှတ်ခံရတတ်ပြီး သာမန်အရပ်သားမှာ ငွေဒဏ် (သို့) အသေးဆုံးပြစ်ဒဏ်မျိုးသာ ပေးခံရတတ်ပါတယ်။ နောက် သာမန်အရပ်သားတဦးနှင့် ကြံ့ဖွံ့ /စွမ်းအားရှင်လိုလူမျိုးတွေနဲ့ တူညီသော ပုဒ်မတခုခုကို ကျူးလွန်တာချင်းအတူတူ သာမန်လူက ပြစ်ဒဏ်ကျခံစေပြီး ကြံ့ဖွံ့/စွမ်းအားရှင်များမှာ လွတ်မြောက်ရသည်။ အရှင်းဆုံးပြောရလျှင် ကြံ့ဖွံ့/စွမ်းအားရှင် လူရိုက်၊ လူသတ် ဘာမှမဖြစ်။ ဥပမာ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းမှာ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ကြံခံရ (ကံကောင်းလို့ မသေခဲ့တာပါ) တာမျိုးကိုကြည့်ရင် အရိုက်ခံရသူနှစ်ဦးမှာ အကျယ်ချုပ် အထိန်းသိမ်းခံရပြီး ဥပဒေကျူးလွန်သူ လူသတ်သမား/အကြမ်းဖက်တိုက်ခိုက်သူ ကြံ့ဖွံ့/စွမ်းအားရှင်များ ဘာမှမဖြစ်။ နောက် မတ္တရာမြို့နယ် (မန္တလေးတိုင်း) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်နှင့် အန်အယ်လ်ဒီအဖွဲ့ဝင်များမှာ အရိုက်လည်းခံရ၊ ပြစ်ဒဏ်လည်းအကျခံရ၊ ကျူးလွန်သူ လူရမ်းကား ကြံ့ဖွံ့ /စွမ်းအားရှင် ဘာမှမဖြစ်။ ၁၉၉၆-၉၇ ကမ္ဘာအေးစေတီလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် အနီး ဒေါ်အောင်ဆန်းစုကြည်ကားကို လုံခြုံရေးတွေ အစောင့်ချထားသည့်ကြားက မင်းမဲ့စရိုက်ဖြင့် ဥပဒေမဲ့ ၀င်ရိုက် သောင်းကျန်းမှု ဖြစ်စဉ်မှာကော ရဲတွေရှိရက်နှင့် ဖမ်းဆီးအရေးယူခြင်း မရှိခဲ့တာတွေဟာ တရားဥပဒေနှင့်အညီ အုပ်ချုပ် ဆောင်ရွက်နေတာဆိုတာ ဖြစ်နိုင်ပါ့မလား၊ ကျောသားရင်သားမခွဲခြားဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။
အဆိုးဝါးဆုံးနဲ့ တနိုင်ငံလုံးသိနေကြတဲ့ တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာအနီး ငါးလောင်းပြိုင်လူသတ်မှု မကြာမီ ဖော်ထုတ်ပေးပါမယ်ဆိုတဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ ပြောခဲ့တဲ့ စကားကို ခုထိ ကြားယောင်မိနေပါသေးတယ်။ အခု အဲဒီအမှု ဘယ်ရောက်သွားပြီလဲ။ ဘယ်လဲ…ဘာလဲ ဆိုတာ စဉ်းစားကြည့်ရင် ဥပဒေဆိုတာ ကျောသားရင်သားမခွဲခြားဘူးဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊ သံသယ၀င်စရာတွေပါ၊ မယုံနိုင်စရာပါ။
တရားဥပဒေမဲ့ ပြုလုပ်နေတာတွေ အများကြီးရှိပါသေးတယ်။ တိုင်းနဲ့ပြည်နယ်များမှာ ကြံ့ဖွံ့/စွမ်းအားရှင်တွေရဲ့ မတရားအကြမ်းဖက်မှုတွေ ကျန်ပါသေးတယ်။
နအဖက ကြံ့ဖွံ့မွေး၊ ကြံ့ဖွံ့က စွမ်းအားရှင်မွေး၊ ထမင်းကျွေး၊ နေ့တွက် နှစ်ထောင်ပေးမယ်ဆိုပြီး လူစုလူဝေးနဲ့ ဒီမိုကရေစီ အင်အားစုဖြစ်ကြတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ ၈၈ ကျောင်းသားလူငယ်ခေါင်းဆောင်တွေကို ၀ိုင်းရိုက်ဝိုင်းဖမ်း သတင်းပို့ လုပ်ဆောင်နေတာ နှစ်အတော်ကြာခဲ့ပါပြီ။
၂၀၀၈ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် (၆၃) နှစ် မွေးနေ့အတွက် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးရှေ့မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်တဲ့ မွေးနေ့ပွဲမှာ သံဃာတော်များ၊ သီလရှင်များ ဆွမ်းလောင်း၊ သက်စေ့ငှက်တွေလွှတ်၊ မိုးပျံပူဖောင်းတွေလွှတ် ဆုတောင်းမေတ္တာပို့ ကျင်းပခဲ့ကြပါတယ်။ အဲဒီမှာ အေးအေးချမ်းချမ်းနဲ့ မေတ္တာပို့ဆုတောင်းနေကြတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကြားထဲကို ကြံ့ဖွံ့ က မွေးထားတဲ့ အမူးသမား စွမ်းအားရှင်တွေက ၀င်ရောက်ပြီး ဆူပူအော်ဟစ်ကြ တယ်။ တချိန်တည်းမှာပဲ ကြိုတင်ကြံရွယ်ထားတဲ့ ဒိုင်နာကား (၅) စီးနဲ့ ကြံ့ဖွံ့/စွမ်းအားရှင်အပြည့် လူအုပ်ကြီးဟာ အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံးရှေ့မှာ ပိတ်ရပ်ပြီး အန်အယ်လ်ဒီအဖွဲ့ဝင်တွေကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ နောက်တရားရုံးတင်တယ်၊ ထောင် (၂) နှစ်ခွဲစီ ပြစ်ဒဏ်ချတယ်။ ဝေးလံသီခေါင်တဲ့ ထောင်တွေဆီပို့တယ်။ ဘယ်မလဲဥပဒေ၊ ဘယ်မလဲ တရားမျှတမှု။ ဒါဟာ နအဖမွေးထားတဲ့ ကြံ့ဖွံ့/စွမ်းအားရှင်တွေက ဥပဒေမဲ့ အကြမ်းဖက်ကျူးလွန်နေတာ။
၃၁-၇-၀၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုထားရာမှ စီရင်ချက်ချမည့်နေ့တွင် မြင်းခြံ တောင်သာမြို့နယ် တို့မှ အန်အယ်လ်ဒီအဖွဲ့ဝင်များက မြင်းခြံမြို့ရှိ အလိုဆန္ဒပြည့်ဘုရားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းမေတ္တာပို့ ပြုလုပ်ခဲ့ရာမှာ ကြံ့ဖွံ့/စွမ်းအားရှင်များ တုတ်များကိုယ်စီကိုင်ဆောင်ပြီး နှောင့်ယှက်ဖို့ လာကြတယ်။ ဒီသတင်းကို ကြားသိကြတဲ့ ပြည်သူများက မနေနိုင်ကြဘဲ အဲဒီ ကြံ့ဖွံ့/စွမ်းအားရှင်တွေကို ပြန်ဝိုင်းကြတယ်။ နောက်ဆုံး ကြံ့ဖွံ့/ စွမ်းအားရှင်တွေက သူတို့မှားကြောင်း တောင်းပန်ပြီး ထွက်ခွာသွားကြတယ်။ တကယ်တော့ ဘာမှန်းမသိတဲ့လူတွေကို ငွေနှစ်ထောင်၊ သုံးထောင်ပေးမယ်ဆိုပြီး ခေါ်လာ၊ ဒီကျတော့ လူရိုက်ခိုင်းတာပဲ။ ဒါဟာ အဓိက မင်းမဲ့စရိုက်ကို ကျူးလွန်တာ ဘယ်သူလဲ၊ ဘယ်သူကခိုင်းတာလဲ အရှင်းကြီးပါ။ တချို့ ကြံ့ဖွံ့တွေကလည်း သိကုန်ကြလို့ ထွက်ကုန်ကြပါပြီ။
နအဖအစိုးရရဲ့ သတင်းစာထဲက စာလုံးမဲကြီးနှင့်ရေးထားတဲ့ “ဆူပူအကြမ်းဖက်မှု ဖန်တီးသူများ ၀ိုင်းဝန်းဖယ်ရှား” ပါဟုဆိုလျှင် အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ် ကဗျာထဲကလို အားလုံးကို ဖယ်ရှားသုတ်သင်ပစ်ရပါမယ်။
မြန်မာနိုင်ငံမှာ Force Labour, နှင့် Child Soldiers မရှိပါဘူးလို့ ဖားဆောင်းပါးရှင်တွေက ဘယ်လိုပဲ ကာကွယ်ပြီး ရေးနေကြပေမယ့် ကမ္ဘာ့အလုပ်သမားအဖွဲ့မှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ တာဝန်ရှိသူများနှင့် လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ မစ္စတာပီညဲရိုး၊ ကင်တာနားတို့ မြန်မာနိုင်ငံကို လာရောက်စုံစမ်း စစ်ဆေးခဲ့တဲ့ အစီရင်ခံစာတွေက သက်သေအထင်အရှား ပြနေပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အကြံပေးလက်ထောက် အထွေထွေအတွင်းရေးမှူးကအစ၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ အီးယူအဖွဲ့ခေါင်းဆောင်များ၊ ကမ္ဘာ့အလုပ်သမားအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ အာဆီယံနိုင်ငံများမှ တာဝန်ယူထားသူများက ပြစ်တင်ရှုတ်ချခြင်း၊ စီးပွားရေးပိတ်ဆို့ထားခြင်း၊ ပြဿနာများ ဖြေရှင်းဆွေးနွေးမှုများ ပြုနေရခြင်း စသည့် နိုင်ငံပေါင်းစုံနှင့်အဖွဲ့အစည်းပေါင်းစုံမှ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကကော၊ နိုင်ငံတကာအဖွဲ့အစည်းများကပါ ယနေ့ မြန်မာနိုင်ငံအရေးကို အရေးတယူ ထဲထဲဝင်ဝင် ပြစ်တင်ရှုတ်ချ၊ ပိတ်ဆို့တားဆီး စစ်ဆေးစုံစမ်းညှိနှိုင်း အရေးယူဆောင်ရွက်နေရခြင်းမှာ ယနေ့ နအဖအစိုးရ လက်ထက်တွင်သာ ကြုံတွေ့ခဲ့ရသည်မှာ ရှက်ဖွယ်ပေ။
တကမ္ဘာလုံးနဲ့တယောက် ယခုကဲ့သို့ ၀ိုင်းဝန်းရှုတ်ချပြစ်တင် ပိတ်ဆို့တားဆီးခံရပြီး ဟိုနိုင်ငံ ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးရ၊ ဟိုအဖွဲ့အစည်းခေါင်းဆောင်လာလိုက် မျက်နှာချိုသွေးရ။ ယိုသူမရှက် မြင်သူရှက်၊ ကျနော်တို့ပြည်သူတွေက ရှက်လှပါပြီ။
ကိုယ့်ပြည်တွင်းရေးကိစ္စ၊ ကိုယ့်အချင်းချင်း ရှင်းလင်းရမည့်ကိစ္စ၊ အဖြေရှာရမည့်ကိစ္စကို ပြည်ပက ဟိုလူလာရှင်း၊ ဒီလူလာရှင်းနဲ့ အဲဒါကိုက ဘယ်သူ့ကြောင့်လဲဆိုတာ ဆောင်းပါးရှင် မစ္စတာ ဖားကြီးများ စဉ်းစားကြပါဦး။
ဆောင်းပါးရှင် တောသားလေးရဲ့ (၁၃-၈-၀၉) နေ့ထုတ် သတင်းစာမှာ “အမှန်ကတော့ တဦးနဲ့တဦး နားလည်မှု နည်းပါးပြီးတော့ သံသယတွေ မှားကြလို့ မေတ္တာရှေ့မထားနိုင်ဘဲ အာဃာတတွေနဲ့ ကြည့်ကြ၊ မြင်ကြ၊ ဆက်ဆံကြတဲ့အခါ ပြဿနာတွေဟာ မကြီးသင့်ဘဲ ကြီးထွား၊ မရှည်သင့်ဘဲ ရှည်ကြာကုန်ကြတာ ဖြစ်တတ်တဲ့သဘာဝပဲပေါ့ကွာ။ စဉ်းစားကြည့်ရင် မြန်မာတပြည်လုံးဟာ အချင်းချင်း ဆွေမျိုးမတော်တဲ့သူမရှိတဲ့ မိသားစုကြီးပါ။ ကိုယ့်အိမ်ထဲမှာ မိသားစုချင်း ဖြစ်တတ်ကြတဲ့ သဘောကွဲပြားမှုတွေကို မိသားစုစိတ်ဓာတ်အရင်းခံတဲ့ မေတ္တာရှေ့ထားပြီး အပြန်အလှန် ညှိနှိုင်းဖြေရှင်းကြရင်၊ ရှေးလူကြီးတွေ ပြောသလို အိမ်ထဲကအပူ အိမ်ပြင်မရောက်ကြစေနဲ့ ဆိုတဲ့အတိုင်း အထဲမှာပဲ ပြေလည်သွားကြမှာပါ။ အာဃာတတရားတွေနဲ့ အတွင်းအပူ၊ အပြင်ကို ထုတ်ပြရင်တော့ နွားကွဲရင် ကျားဆွဲဖို့ စောင့်နေကြတဲ့သူတွေ အကြိုက်ဖြစ်ပြီး နစ်နာခံစားရတော့ တို့ပြည်သူတွေပဲ ဖြစ်မှာပေါ့ကွာ”…
လေသံလေးကတော့ အတော့်ကို ပျော့ပျောင်းပြီး အမှန်တရားကို အခုမှ မြင်စပြုလာပြီထင်တယ်။ ဒီစကားက ရွေးကောက်ပွဲ (၉၀ ပြည့်နှစ်) ပြီးကတည်းက ပြောရင် သိပ်တန်ဖိုးရှိမှာပဲ။
လက်နက်နဲ့ ရမ်းချင်တိုင်း ရမ်းခဲ့ပြီ။
အာဏာနဲ့ ကြမ်းချင်တိုင်း ကြမ်းခဲ့ပြီ။
အာဃာတနဲ့ ဖမ်းချင်တိုင်းဖမ်းခဲ့ပြီ။
တပည့်ကြံ့ဖွံ့တွေမွေးပြီး ရိုက်ချင်တိုင်းရိုက်၊ သတ်ချင်တိုင်း သတ်ပြီးခဲ့ပြီ။
ဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်ခဲ့ပြီ။
ပြည်သူ့ဘဏ္ဍာငွေနဲ့ ချမ်းသာချင်တိုင်း ချမ်းသာခဲ့ပြီ။
အန်အယ်လ်ဒီအဖွဲ့ဝင်တွေနဲ့ ကျောင်းသားလူငယ်တွေ (မင်းကိုနိုင်၊ ကိုကိုကြီး) အများဆုံးအဖမ်းခံရ၊ အနှိပ်စက်ခံရ၊ အသတ်ခံရ၊ ဝေးလံသီခေါင်တဲ့ အကျဉ်းထောင်တွေ အပို့ခံရ၊ ပြည်သူ့အတွက် စတေးခံခဲ့ကြရတာတွေ။
ဒီနေ့အထိ အန်အယ်လ်ဒီနဲ့ ကျောင်းသားအဖွဲ့တွေဟာ လူမသတ်ခဲ့ဘူး၊ ဥပဒေမဲ့ အကြမ်းမဖက်ခဲ့ဘူး၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမလုပ်ခဲ့ဘူး။ ဒါကြောင့် ပြည်သူက လေးစားတယ်၊ ယုံကြည်တယ်၊ အားကိုးတယ်။
(၁၄-၈-၀၉) နေ့ထုတ် သတင်းစာက ဆောင်းပါးရှင် မန်းသာစိန် (ဖာပွန်) ရဲ့ “မေတ္တာကို မေတ္တာနဲ့သာ” ဆိုတဲ့ ဆောင်းပါးကတော့ မေတ္တာတရားနဲ့ နှိုင်းယှဉ်ပြီး နောင်တရတဲ့ လေသံမျိုးပါ။
“ပြည်သူအားလုံးကတော့ တဦးမေတ္တာတဦးမှာဆိုသလို တချိန်က အာဃာတဟောင်းတွေ၊ ဆန့်ကျင်လိုမှုတွေကို သင်ပုန်းချေကြပြီး၊ နိုင်ငံရေးအင်အားစုတွေအားလုံး၊ အနာဂတ်ဒီမိုကရေစီလမ်းကြောင်းမှာ စုစည်းညီညွတ်ပျော်ရွှင်စွာနဲ့ တက်ညီလက်ညီ လက်တွဲချီတက်နိုင်ကြဖို့ မျှော်လင့်မိပါတယ်” လက်ခံစရာပါ။ ကောင်းပါတယ်။
မေတ္တာဆိုတဲ့စကားလုံး…
မေတ္တာဆိုတဲ့ တရား။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း ဆိုတဲ့မေတ္တာတရားရဲ့ သင်္ကေတ။
မေတ္တာရဲ့လက်နက်၊ မေတ္တာရဲ့ ပုံရိပ်ဟာ ဘယ်သူလဲ။
အနှစ် (၂၀) လုံးလုံး မေတ္တာတရားကို အခြေခံပြီး အကြမ်းမဖက်တဲ့နည်းနဲ့ အာဃာတမထားရေး၊ သင်ပုန်းချေရေးကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ မေတ္တာလက်နက်ကို ကိုင်စွဲလာခဲ့ကြတာပါ။
ဒါကြောင့်လည်း မေတ္တာရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအပြင် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် မေတ္တာသမားကြီး မဟတ္တမဂန္ဓီဆုကို ချီးမြှင့်ခဲ့တာပေါ့။
မေတ္တာတရားကိုင်စွဲထားတဲ့ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်လက်နက်ကိုင်သမားရဲ့ အကျဉ်းထောင်ထဲမှာ (၁၄) နှစ်ကျော် (၁၅) နှစ် နေခဲ့ရတာကတော့ ပယ်ဖျက်မရနိုင်တဲ့ သမိုင်းရဲ့ကမ္ပည်းမှတ်တမ်းမှာ အရုပ်ဆိုးအကျဉ်းတန် တင်ကျန်ရစ်မှာမလွဲပါဘူး။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်ခြင်းကြောင့် စာနာထောက်ထား၍ ညှာတာမှု ပြုလိုပါသည်ဟု ဆိုလျှင်…
၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုမှာ ပေါ်ပေါက်လာစရာအကြောင်းမရှိနိုင်ပါ။ အင်မတန်ကြီးမားလှသည့် ရက်စက်ရာကျသော တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာ (၅) လောင်းပြိုင်လူသတ်မှု ပြစ်မှုကြီးနှင့်စာလျှင် ယခု ဒေါ်အောင်ဆန်းစုကြည်အမှု သည် ပြောပလောက်စရာမရှိပါ။
စာနာထောက်ထား
သနားညှာတာ
ခွင့်လွှတ်ပါလည်း
မလွတ်ကြမ္မာ
လူတကာတို့
ခန္ဓာခိုင်ကျည်
အတည်မမြဲ
ဖောက်လွဲတတ်သည်
မချွတ်စသာ…ဓမ္မသာတည်း။
မေတ္တာတရားကိုအခြေခံပြီး တချိန်က အာဃာတအဟောင်းတွေ၊ ဆန့်ကျင်လိုမှုတွေကို သင်ပုန်းချေကြပြီး နိုင်ငံရေးအင်အားစုတွေအားလုံး အနာဂတ်ဒီမိုကရေစီလမ်းကြောင်းမှာ ညီညွတ်ပျော်ရွှင်စွာ လက်တွဲလျှောက်လှမ်းကြ မယ်ဆိုရင်…
(၁) တဖက်သတ်ရေးဆွဲထားတဲ့ ဒီမိုကရေစီကျင့်စဉ် မညီမျှတဲ့ အချက်များ အခြေခံဥပဒေမူကြမ်းတွင် ပြန်လည်သုံးသပ်ပြင်ဆင်ရန်။
(၂) နိုင်ငံရေးအကျဉ်းသမားအားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်ပေးရန်။
(၃) ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနှင့် ဆွေးနွေးရန်။
မေတ္တာနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အနာဂတ်မြန်မာနိုင်ငံကို လှပစေမည်။
Thursday, August 20, 2009
ပန်းကောက်ရင်း လမ်းပျောက်နေသူများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment