Monday, May 4, 2009

သမာသတိနဲ့ သတ္တိရှိတဲ့ ဆုံးဖြတ်ချက်



သမာသတိနဲ့ သတ္တိရှိတဲ့ ဆုံးဖြတ်ချက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုနဲ့ ပတ်သက်ပြီး ဆောင်းပါးတပုဒ်ကို "မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးပြီး ခေတ်ပြိုင်အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့ဖူးပါတယ်။ ခေါင်းစဉ်ကတော့ စကားလုံးအတိအကျ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ စစ်အစိုးရရဲ့ အမျိုးသား ညီလာခံဆိုတဲ့ အတုအယောင် ညီလာခံကြီးကို နောက်ဆုံးအကျော့ ပြန်မစခင် ကျနော်တို့တွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ညီလာခံကို ပြန်တက်မှာလား၊ မတက်ဘူးလား၊ ဘယ်လိုဆုံးဖြတ်မှာလဲ၊ ဆုံးဖြတ်ချက် မှန်ကန်ပြတ်သားပါ့မလား ဆိုပြီး ရင်တမမနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ခဲ့ရဖူးပါတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရဲရဲရင့်ရင့်၊ မှန်မှန်ကန်ကန်ပဲ ညီလာခံမှာ ပါဝင်တက်ရောက်ဖို့ကို ငြင်းဆန် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ စစ်အစိုးရက သူလိုချင်တဲ့ အချက်အလက်တွေပဲ ပါရအောင် အတင်းရေးဆွဲခိုင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝင်ရောက်ထောက်ခံ ပေးရမယ့် ကိစ္စသာ ဖြစ်ပါတယ်။ ဒီမိုကရေစီအဖွဲ့ချုပ် မပါလည်း သူတို့ဘာသာ ရေးဆွဲသွားမှာပဲဆိုတာ ရှင်းနေခဲ့ပါတယ်။ အခုဆို ပြည်သူ့ဆန္ဒခံယူပွဲ ဆိုတာကြီးကို အတင်းဖြစ်အောင် လုပ်နည်းမျိုးစုံနဲ့ ခြိမ်းခြောက်လှည့်စားပြီး ထောက်ခံအတည်ပြုလို့တောင် ပြီးသွားပါပြီ။

သိပ်တော့ အရေးမပါလှပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဘဲ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံနဲ့ အဲဒီညီလာခံက ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုကတော့ မရှိသလောက်ပါပဲ။

အခုတခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စကတော့ အရေးအကြီးဆုံး ဆုံးဖြတ်ရတဲ့ ကိစ္စပါ။ တရားဝင်ပါတီ ဖြစ်တဲ့အပြင် ၁၉၉ဝ ရွေးကောက်ပွဲ မှာ တပါတီထဲ အစိုးရ ဖွဲ့နိုင်လောက်တဲ့ မဲအရေအတွက်ထက် အများကြီး ပိုရရှိခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရ ပါတီတရပ်အနေနဲ့ ဒီမိုကရေစီရဲ့ အခြေခံ အကျဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကို ဝင်မလား၊ မဝင်ဘူးလားလို့ ဆုံးဖြတ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးပါတီ တခုအနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းရမှာဟာ သဘာဝ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က "ရွှေဂုံတိုင်ကြေညာစာတမ်း" ကို ထုတ်ပြန်ပြီး မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ပြသလိုက်နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီ လိုလားထောက်ခံသူတွေ အားလုံးကတော့ ဝမ်းသာအားရ ကြိုဆိုထောက်ခံကြမှာ အသေအချာပဲ ဖြစ်ပါတယ်။

မထောက်ခံ မကြိုဆိုတဲ့သူတွေလည်း ရှိမှာပါပဲ။ ဒါပေမဲ့ အဲဒီအုပ်စုတွေဘက်က ပြောဆိုတင်ပြလေ့ရှိတဲ့ သူတွေထဲက အသံတွေထဲမှာ အမျိုးဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တော်လှန်ရေးအင်အားစု တခုဆိုရင် စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမှာ ဖြစ်ပေမယ့် တရားဝင်နိုင်ငံရေးပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ငြင်းဆန်ရင် အသိပညာရှိရာ ကျလိမ့်မယ် မဟုတ်ဘူးဆိုတဲ့ ပြောဆိုသံမျိုး ထွက်လာတာကိုလည်း သတိထားမိလိုက်ပါတယ်။ ကျနေိာ့အနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အသိပညာရှိရုံသာ မဟုတ်ဘဲ ပြည်သူလူထုဘက်က အမှန်တရားဘက်က၊ ဒီမိုကရေစီရေးဘက်က ရဲရဲရင့်ရင့် ရပ်တည်ရဲတဲ့ သတ္တိ ပါရှိနေတယ်လို့ ထင်ပါတယ်။

နိုင်ငံရေးပါတီတခု ဖြစ်တာနဲ့ပဲ အာဏာသိမ်းထားတဲ့ တရားမဝင် အစိုးရတခုက သူတို့ အာဏာတည်မြဲရေးအတွက် စိတ်ကြိုက်လုပ်ချင်တာ၊ လုပ်နေတာကို ခံပြီး ရွေးကောက်ပွဲဝင် ဆိုတာနဲ့ ဘာမှစဉ်းစားမနေဘဲ ဝင်ရောက်ယှဉ်ပြိုင်လိုက်ဖို့တာဝန်မရှိပါဘူး။ပြည်သူလူထုနဲ့နိုင်ငံတကာက တရားမျှတ လွတ်လပ်ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲကြီးတခုမှာ ပြည်သူလူထုက တခဲနက် ထောက်ခံအားပေးခဲ့လို့ အနိုင်ရခဲ့တဲ့ ပါတီတရပ်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ့် အစိုးရ ဘာတွေလုပ်နေတယ်၊ လုပ်နေတာတွေဟာ ဒီမိုကရေစီ အခြေခံတွေနဲ့ရော ကိုက်ညီိရဲ့လား။ ပြည်သူလူထုအတွက် တကယ်အကျိုးရှိမယ့် ဆောင်ရွက်ချက်တွေ ဟုတ်ရဲ့လားဆိုတာ အသေအချာ လေ့လာစမ်းစစ်ဖို့ တာဝန်ရှိပါတယ်။ ပြည်သူလူထုအတွက် တကယ်စစ်မှန်တဲ့ အကျိုးစီးပွားမရှိ၊ ဒီမိုကရေစီ အခြေခံတွေနဲ့လည်း မညီညွတ်၊ တရားမျှတမှုလည်း မရှိဘူးဆိုတာ အသေအချာ သိမြင်ပြီဆိုရင်လည်း အမှန်တရား တရားမျှတမှု၊ ဒီမိုကရေစီရေးနဲ့ ပြည်သူလူထုဘက်က ရဲရဲရင့်ရင့် ရပ်တည်ဖို့လည်း တာဝန်ရှိပါတယ်။ အဲဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်တာဟာ အသိပညာရှိရာ ကျပါတယ်။ ပြည်သူလူထုရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေရာလည်း ကျပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင် ဘယ်လို အခြေအနေမျိုးတွေကို စစ်အစိုးရက ဖန်တီးပေးသင့်တယ်၊ ဘယ်လိုအခြေအနေမျိုး ရှိသင့်တယ် ဆိုတာတွေကို တင်ပြတောင်းဆိုလိုက်တာတွေထဲမှာ ဘာတွေ ပါဝင်ပါသလဲ၊ မသင့်လျော် မမှန်ကန် ပြည်သူလူထု အကျိုးမဲ့စရာတွေ များပါနေပါသလား။ လေ့လာကြည့်ကြရအောင်ပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သူ့ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းထဲမှာ .....

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။
(ခ) ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး။

(ဂ) စည်းရုံးရေး။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။

(င) တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ အချက်တွေကို အဓိက ထည့်သွင်းဖော်ပြခဲ့ပါပြီး ... အဖွဲ့ချုပ်က မျှော်မှန်းထားတဲ့ ဆွေးနွေးပွဲ အစီအစဉ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


(၁) ကြိုတင် စည်းကမ်းသတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန် လေးစားမှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်။

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများ ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိ ပြည်သူလူထု ဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများ အားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင်သွားရန်တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့် အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်။

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်။

(၃) အားလုံး လွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

အဲဒီလို ပါတီရဲ့ သဘောထားကို ထုတ်ပြန်ကြေညာ လိုက်တာမှာ ပါတီအကျိုးစီးပွား ပါတီအာဏာရရေး ဆိုတာတွေ ပါဝင်တာ တွေ့ရပါသလား၊ အသိပညာနုံနဲရာကျတဲ့ မသင့်လျော် မှန်ကန်တဲ့၊ တရားမျှတမှု မရှိတဲ့ တောင်းဆိုတင်ပြမှုတွေ ပါဝင်ပါသလား။

အာဏာသိမ်းစစ်အစိုးရရဲ့ ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပမ်းမှု၊ မတရားမှုတွေကိုတော့ ဘာမှ ဝေဖန်ထောက်ပြ ပြောဆိုတာမလုပ်ဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပဲ လိုက်လျောအလျှော့ပေးဖို့ သဘောထား ပျော့ပြောင်းဖို့ ပြောဆိုနေကြသူတွေအနေနဲ့ ဘယ်သူက မမှန်တာ၊ ဘယ်သူက တရားမျှတမှု မရှိတာ ဘယ်သူက အလျှော့ပေး၊ ပျော့ပြောင်းဖို့ လိုအပ်နေတယ်ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြီး ဒီမိုကရေစီအခြေခံတွေနဲ့ မကိုက်ညီတာတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ အချက်ဟာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုတွေ ရေရှည် အတိဒုက္ခရောက်ရမယ့် ကိစ္စဖြစ်လို့ တချို့အချက်တွေဟာ ဘယ်လိုမှ လက်ခံလိုက်လျှောလို့ မဖြစ်နိုင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြုပြင်ပြောင်းလဲလို့ မရတာမျိုး မဟုတ်ပေမယ့် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်ချက်တွေကို ချည်ပြီးတုတ်ပြီး တမင်ခက်ခဲအောင် လုပ်ထားတာကို ခွင့်ပြုလိုက်မယ်ဆိုရင် အဲဒီ အဆိုးသံသရာကြီးထဲက အလွယ်တကူ ထွက်မြောက်လို့ မရနိုင်ပါဘူး။ ဒါကို စစ်အာဏာရှင်အစိုးရက အသေအချာ နားလည်သဘောပေါက်ထားပြီး ဖြစ်လို့ သူတို့ အမြဲတမ်း အသာစီးရပြီး တိုင်းပြည်ကို ထင်သလို ချယ်လှယ်ခွင့်ရအောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းဖြစ်အောင် အတည်ပြုပြဋ္ဌာန်းခဲ့တာပဲ ဖြစ်ပါတယ်။

စစ်အစိုးရ ဘယ်လိုချိုး၊ ဘယ်လိုဖန်တီးနေတယ် ဆိုတာကို နောကြေအောင် သိနေပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြည်သူလူထုဘက်က ကာကွယ်ရပ်တည်ပေးဖို့ ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်နေတာ ဖြစ်ပါတယ်။ စစ်အစိုးရကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲမဝင်ရင်လည်း အတင်း တရားဝင် အစိုးရဖြစ်အောင် လုပ်သွားဖို့ စနစ်တကျ ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အပစ်ရပ် အဖွဲ့အစည်းတွေနဲ့ တချို့ လက်နက်ကိုင် အဖွဲ့အစည်းလေးတွေနဲ့ တွေ့ဆုံ၊ ခြောက်နည်းချော့နည်း ပေါင်းစုံသုံးပြီး စစ်အာဏာရှင်စနစ်ကို ကျားကန်ပေးဖို့ စည်းရုံးသိမ်းသွင်းနေပါပြီ။ တောင့်ခံနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း မက်လုံးပေး သွေးခွဲစည်းရုံး၊ အပြုတ်တိုက်ရေးတွေ လုပ်နေပါပြီ။

အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တင်ပြတောင်းဆိုထားတဲ့ အချက်တွေကို စစ်အစိုးရက လိုက်လျော အလျှော့ပေးစရာ အလားအလာနည်းတယ်လို့ ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ကတော့ ပြည်သူလူထုကို ဒီမိုကရေစီပန်းတိုင် ရောက်အောင် ဦးဆောင်ခေါ်ယူသွားနိုင်မယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေကို အခိုင်အမာ ချမှတ်ပြီး ပြည်သူလူထု အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင် တဖြစ်လဲ အစိုးရကို ရင်ဆိုင်ဆန့်ကျင်ဖို့ အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံး အခြေအနေအတွက်လည်း ပြင်ဆင်အားယူ ထားရပါလိမ့်မယ်။ အမှန်တရားဟာ ထာဝရ မရှုံးနိမ့်နိုင်ပါဘူး။ ။

စိုးနေလင်း
တနင်္လာနေ့၊ မေလ 04 2009 15:38 - မြန်မာစံတော်ချိန်
Mazzima မှတင်ပြသည်။

0 comments: