Wednesday, January 7, 2009

နိုင်ငံရေးခေါင်းဆောင် ဆိုသည်မှာ

ဘယ်လိုလူမျိုးကိုမှ နိုင်ငံရေးခေါင်းဆောင်လို့ သတ်မှတ်ယူဆထိုက်သလဲ...?

ခေါင်းဆောင်တစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံနေရမလဲ၊ ဘယ်လိုအကျင့်သီလတွေ ရှိရမလဲ ဆိုတာကို
(၃)မျိုး(၃)စား ခွဲခြားပြခဲ့ကြပါတယ်။

(၁) ခေါင်းဆောင်နေရာမှာ ရှိနေပေမယ့် ခေါင်းဆောင်အစစ်မဖြစ်နိုင်တဲ့သူရယ်...

(၂) ခေါင်းဆောင်နေရာမှာ ရှိနေပေမယ့် ရံဖန်ရံခါ ခေါင်းဆောင်လိုက် ရံဖန်ရံခါ ခေါင်းရှောင်လိုက်နဲ့
နှစ်ကိုယ်ခွဲနေတဲ့သူရယ်...

(၃) ခေါင်းဆောင်နေရာမှာ ရှိပြီး အချိန်ပြည့် စွမ်းအားပြည့်ခေါင်းဆောင်နေတဲ့သူရယ်... လို့ဆိုပါတယ်.

ပထမအဆင့်အနေနဲ့ ကိုယ်ကခေါင်းဆောင်နေရာမှာ မရှိခဲ့ရင် ကိုယ်နဲ့ကိုယ့်အသိုက်အ၀န်း လူထုပရိသတ်ကို
လက်တွေ့ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်က အခုခွဲခြားပြတဲ့ သုံးမျိုးသုံးစားထဲမှာ ဘယ်အမျိုးအစားထဲ
ပါနေသလဲဆိုတာကို ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ဆန်းစစ်သုံးသပ် ဝေဖန်ပိုင်းခြားကြည့်ဖို့ လိုပါလိမ့်မယ်။
အကြမ်းဖျဉ်းစဉ်းစားလို့ရအောင် မှတ်ကျောက်တင် မေးခွန်း (၉)ပုဒ် ကျုပ်ထုတ်နှုတ်ပေးလိုက်ပါတယ်။
ကိုယ့်ဖာသာကိုယ်သာ... သံယောဇဉ်ရှိလို့ဆိုတဲ့ ဆန္ဒာဂတိ၊ ကြည့်မရလို့ဆိုတဲ့ ဒေါသာဂတိ၊ ကြောက်နေရလို့ဆိုတဲ့
ဘယာဂတိ၊ မဝေခွဲတတ်လို့ဆိုတဲ့ မောဟဂတိ.. ဆိုတဲ့ အဂတိတရားလေးပါး ကင်းစင်စွာ ဆုံးဖြတ်ကြပါတော့။

မေးခွန်း (၉) ပုဒ်ကတော့...

ကိုယ့်ခေါင်းဆောင်က..

(၁) ကိုယ်ကိုယ်တိုင်အပါအ၀င် အများစုကြီးက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်လား။

(၂) ဌာနချုပ်က ပို့လွှတ်ထားတဲ့ မိုးပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ် ပုဂ္ဂိုလ်လား

(၃) ဒီခေါင်းဆောင်နေရာကို ငွေကြေးများစွာ ရင်းနှီးပြီး ရယူပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်လား။

(၄) ထင်ရှားကျော်ကြားတဲ့ သူ့နာမည်ကို အသုံးပြုပြီး နေရာယူထားတဲ့ ပုဂ္ဂိုလ်လား

(၅) နိုင်ငံရေးလုပ်သက်ရင့်ပြီး အတွေ့အကြုံများတဲ့ သက်ကြီးဝါကြီး ပုဂ္ဂိုလ်လား

(၆) ရဲရင့်တက်ကြွပြီး ကိုယ်ကျိုးစွန့် အနစ်နာခံ လှုပ်ရှားဆောင်ရွက်တတ်တဲ့ ပုဂ္ဂိုလ်လား

(၇) အမှတ်တရ နေ့ကြီးရက်ကြီး အခမ်းအနားတွေအတွက်သာ ကာလအပိုင်းအခြားနဲ့
ဆောင်ရွက်လှုပ်ရှားပြီး ကျန်ကာလတွေမှာ သူ့စားဝတ်နေရေးအတွက် သူလိုငါလို အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်လား

(၈) အစည်းအဝေး အခမ်းအနားတွေမှာ အသုံးအဖြုန်း၊ အကျွေးအမွေး၊ အပေးအကမ်း၊ ပွဲလမ်းသဘင်
စသည်တွေနဲ့ ဖြားယောင်းသွေးဆောင်ပြီး ပရိသတ်စည်ကားအောင် လုပ်ဆောင်တတ်တဲ့ ပုဂ္ဂိုလ်လား

(၉) ကြေးစားတပည့်တွေနဲ့ ဆွေမျိုးအသိုက်အ၀န်းကို အဖွဲ့အမှုဆောင် ရာထူးတွေပေး၊ မွေးထားပြီး
နောင်တစ်နေ့ ဒီမိုကရေစီ အောင်ပွဲခံ အာဏာရတဲ့အချိန်မှာ အခွင့်အရေးရအောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ရေရှည်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု သဘောမျိုး နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့
နိုင်ငံရေး၊ စီးပွားရေးသမား ပုဂ္ဂိုလ်လား

ဆိုတဲ့ မေးခွန်းတွေပါပဲ။

အမှန်ကတော့ ဒီမေးခွန်း (၉)ပုဒ်က ယေဘုယျအားဖြင့် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေအတွက်သာ
ရည်ရွယ်ရင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများသိကြတဲ့အတိုင်း ပြည်ပမှာက
"ခေါင်းဆောင်" လုပ်ချင်ကြတဲ့လူတွေရဲ့ အရေအတွက်ဟာ နောက်လိုက်အဖွဲ့ဝင် အရေအတွက်ထက်
များနေတတ်လို့ပါပဲ။ ပြည်သူလူထုရဲ့ (၈၈) ခုနှစ် ညီညွတ်မှုအောင်ပွဲကို သွားလေသူ စစ်ဘီလူးကြီး ဦးနေ၀င်း
အသက်ငင်လျက်က ရွေးကောက်ပွဲ ဘန်းပြ သပ်လျှိုပြီး ဖြိုခွဲပစ်လိုက်တော့.. ကျုပ်တို့ အင်အားစုတွေ
ပါတီပေါင်း နှစ်ရာကျော် ခေါင်းဆောင်ဖြစ်ချင်စိတ်နဲ့ အစိတ်စိတ်အမွှာမွှာ ကွဲကုန်ခဲ့ကြရတဲ့အတိုင်းပါပဲ။
သိတယ်နော်။ ပြည်ပမှာကတော့ ရရှိနေတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး ခုထိ "ဂိုဏ်း"
ခွဲထောင် ခေါင်းဆောင်လုပ်ချင်တဲ့ ရောဂါက စွဲကပ်နေကြတုန်းပါပဲ။ ဒါပြည်ပမှာ ပြောတာပေါ့နော်။

ပြည်တွင်းမှာကတော့ ပြည်ပအခြေအနေနဲ့ ပြောင်းပြန်ပါပဲ။ ဖက်ဆစ်စစ်အစိုးရက
ဒီမိုကရေစီခေါင်းဆောင်မှန်သမျှကို ဖမ်းဆီးထောင်ချ၊ နှိပ်ကွပ်သတ်ဖြတ်နဲ့ လူ့အခွင့်အရေးတွေ အားလုံး
ချုပ်ချယ်ပိတ်ပင်ထားတော့ကာ... ခေါင်းဆောင်ရယ်လို့ အညွှန့်ကလေး ပြူထွက်လာခွင့်ကို
မရနိုင်လောက်အောင်ပါပဲ။ အများသိကြတဲ့အတိုင်း "သမင်မွေးရင်း ကျားစားရင်း" ဖြစ်နေပါတယ်။
ပြည်တွင်းအခြေအနေအရ ကျုပ်တို့ရဲ့ သူရဲကောင်းခေါင်းဆောင်ငယ် ကလေးကိုတောင် ရန်သူ့လက်ချက်နဲ့
မကျဆုံးတန် မကျဆုံးရအောင် လျှို့ဝှက်သိပ်သည်းကြဖို့ မေတ္တာရပ်ခံနေရပါတယ်။

အဲ...တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ (ပြည်တွင်းမှာရော၊ ပြည်ပမှာပါ) မှာ ရှိရမယ့်
အရည်အချင်းတွေကတော့ ကျုပ်မှတ်သားစုဆောင်းထားသမျှ တင်ပြလိုက်ပါတယ်။

ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ရဲ့ အဓိကအကျဆုံးနဲ့ ပထမဆုံး ရှိကိုရှိနေရမယ့် အရည်အချင်းကတော့
ပြည်သူလူထု ပရိသတ်အများစုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်သာဖြစ်ရပါမယ်။ အဲဒီ့
ပုဂ္ဂိုလ်မျိုးမှာမှ ခေါင်းဆောင်တစ်ယောက်ရဲ့ နေရာနဲ့ ထိုက်တန်ဖို့ လိုအပ်မယ့် အရည်အချင်း (၁၂)
ရပ်ကတော့...

(၁) နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကို မှန်ကန်စွာ သုံးသပ်နိုင်ရပါမယ်။

(၂) နိုင်ငံရေးအလားအလာနဲ့ အကျိုးအမြတ်အတွက် အမြော်အမြင်ရှိရပါမယ်။

(၃) အများတကာ မစွမ်းဆောင်နိုင်တာကို စွမ်းဆောင်နိုင်ရပါမယ်။ အများတကာ မဆုံးဖြတ်တတ်တာကို
ဆုံးဖြတ်လှုပ်ရှားတတ်ရပါမယ်။ ဒါမှသာ အများတကာရဲ့ အားထားယုံကြည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့
ကိုယ့်ခေါင်းဆောင်မှုကို အစဉ်ကြိုဆိုထောက်ခံမှု ရနိုင်ပါလိမ့်မယ်။

(၄) ဒါပေမယ့် ဒီလိုစွမ်းဆောင်ဆုံးဖြတ် လှုပ်ရှားနိုင်မှုအပေါ်မှာ အခြေခံပြီး အလွန်အကျွံ
ပုဂ္ဂိုလ်ကိုးကွယ်မှုမျိုးတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း ပုထုဇဉ်လူသားဆန်ဆန် လက်ခံသာယာမနေဘဲ
တွန်းလှန်ပယ်ချနိုင်စွမ်း ရှိရပါမယ်။

(၅) အတ္တနဲ့ပရ၊ ကိုယ်ကျိုးနဲ့ အများအကျိုးရယ်လို့ ရှိရာမှာလည်း ကမ္ဘာကျော်နိုင်ငံကျော်
ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ကိုယ်ကျိုးအတ္တကို ဖြုတ်ပယ်စွန့်လွှတ်နိုင်စွမ်း ရှိရပါမယ်။

(၆) လူ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း
လေးစားလိုက်နာတတ်ရပါမယ်။

(၇) နိုင်ငံရေးတိုက်ပွဲတွေအတွက် အသင့်ပြင်ပြီး တိုက်ပွဲဝင်တော့မယ်၊ စတင်လှုပ်ရှားတော့မယ် ဆိုရင်လည်း
တိုက်ပွဲရဲ့ အရင်းခံ ဆန္ဒပြတောင်းဆိုချက်မှန်သမျှဟာ လူထုလူတန်းစားပေါင်းစုံရဲ့ နိုင်ငံရေး၊
စီးပွားရေးတွေအပေါ်မှာသာ အခြေခံတတ်ရပါမယ်။ သာမန်လူမှုရေးတောင်းဆိုချက်မျှနဲ့ တိုက်ပွဲဝင်ခဲ့ရင်
ရေရှည်မခိုင်မာနိုင်ဘူးဆိုတာကို သိနှင့်တတ်ရပါမယ်။

(၈) ကိုယ့်တိုက်ပွဲအင်အားကောင်းမှုအတွက် တစ်ခြားလူထုလူတန်းစားတိုက်ပွဲတွေနဲ့ ဆက်စပ်ညှိုနှိုင်း
ပူးပေါင်းဆင်နွှဲတတ်ရပါမယ်။ ဒါမှသာ ရန်သူအပေါ် ထိုးနှက်ချက်က ပိုမိုပြင်းထန်ပါလိမ့်မယ်။

(၉) တိုက်ပွဲဝင်ရာမှာလည်း တက်ကြွရဲရင့်ပြတ်သားမှု (Militancy) နဲ့ သတ္တိ (Courage) ဆိုတာ
လိုအပ်ပေမယ့်၊ လိုလားအပ်ပေမယ့် တစ်လွဲဆံပင်ကောင်းဖို့၊ လူစွမ်းကောင်းဝါဒ အစွန်းမရောက်ဖို့ကိုတော့
သတိပြုတတ်ရပါမယ်။ တိုက်ပွဲရှေ့တန်းစစ်မျက်နှာမှာ ကိုယ့်ဖက်က ချွန်ထွက်နေပြီး
တပ်ဦးကျွံမနေမိဖို့လည်း သတိထားတတ်ရပါမယ်။

(၁၀) ဒီလို လူထုလူတန်းစားပေါင်းစုံရဲ့ တိုက်ပွဲတွေနဲ့ ရန်သူကို စစ်မျက်နှာဖြန့် တိုက်ပွဲဆင်နွှဲနေရာမှာ
ခေါင်းချင်းဆိုင် ခေါင်းချင်းရိုက်ပြီး Democractic Collectivism ဒီမိုကရေစီ
စုပေါင်းခေါင်းဆောင်မှု အရသာလျှင် လှုပ်ရှားဆောင်ရွက်ကျင့် ရှိရပါလိမ့်မယ်။
တစ်ကိုယ်ကောင်းတစ်ဖွဲ့ကောင်း၊ တစ်ပါတီကောင်းဝါဒကို စွန့်လွှတ်နိုင်ရပါမယ်။ မဟုတ်ရင် စည်းလုံးညီညွတ်မှု
ပျက်စီးတတ်ရပါတယ်။ တိုက်ပွဲလည်း တာကျိုးပြီး အရေးနိမ့်ရတတ်ပါတယ်။

(၁၁) မညီညွတ်လို့ ညီညွတ်ဖို့ လိုတယ်လို့ ယုံကြည်ယူဆပြီး ညီညွတ်ရေး တည်ဆောက်နေပြီ ဆိုရာမှာလည်း
နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရထားသမျှ အပိုင်းကိုသာ လှုပ်ရှားဆောင်ရွက်တတ်ရပါမယ်။ သဘောတူညီမှု
မရသေးတဲ့ အပိုင်းတွေကို ကိုယ့်သဘောနဲ့ ကိုယ်မလုပ်ဆောင်ဘဲ စိတ်ရှည်ရှည်ထားပြီး
ဆက်လက်ဆွေးနွေးညှိုနှိုင်းနေရပါမယ်။ ဆွေးနွေးညှိုနှိုင်းနေဆဲမှာလည်း ဆွေးနွေးပွဲကို ဘယ်တော့မှ
ကျောခိုင်းထွက်ခွာ (Walk-Out) လုပ်မသွားသင့်ဘူးဆိုတာ နားလည်လက်ခံထားရပါမယ်။

(၁၂) အမှန်တကယ် ညီညွတ်ရေးတည်ဆောက်ချင်တယ်ဆိုရင် ညီညွတ်ရေး မရမချင်း၊ တစည်းတလုံးတည်း မဖြစ်မချင်း
ဘယ်မျှကြာကြာ ဆွေးနွေးညှိုနှိုင်းနေရပါမယ်။ သူ့ဖက်ကိုယ့်ဖက်လည်း အလျှော့အတင်း လုပ်ရပါမယ်။

အဲ. မင်းသားကြီး မလုပ်ရလို့ ဖြိုခွဲတဲ့အနေနဲ့ ပတ်မကြီး ထိုးဖောက်ထွက်ခွာသွားတဲ့ ပုဂ္ဂိုလ်မျိုး
ရှိလာခဲ့ရင်လည်း အဲဒီ့ပုဂ္ဂိုလ်ကသာ ဒီမိုကရေစီဘက်တော်သားအဖြစ် သမိုင်းကြောင်း ရှိခဲ့ရင် သူ့ဒေါသနဲ့
အပြုအမူမှားကို ခွင့်လွှတ်ပြီး တတ်နိုင်သမျှ ပြန်လည်ဆွေးနွေးစည်းရုံး ကြိုဆိုရပါမယ်။ ရဲဘော်တစ်ယောက်
ဘေးရောက်သွားခြင်းဟာ ရဲဘော်တစ်ယောက် ကျဆုံးသွားခြင်းနဲ့ အတူတူပါပဲ။

အင်း. ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်း (၁၂) ရပ်ကတော့
ဒါတွေပါပဲ။ သာမန်အားဖြင့် ကြည့်ရင်တော့ ခက်သယောင်ယောင်လို့ ယူဆစရာပါပဲ။

အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ နေရာကကြည့်ရင်တော့. မဟာဝိဇ္ဖာဘွဲ့ရ၊ ပါရဂူဘွဲ့ရ
ပါမောက္ခတစ်ယောက်ဖြစ်ဖို့ရာ အလှမ်းကွာပြီး ခက်ခဲကောင်းခက်ခဲနေနိုင်ပါတယ်။ ဒါပေမယ့်
ပါမောက္ခဖြစ်နေတဲ့ ပုဂ္ဂိုလ်တိုင်းဟာလည်း အထက်တန်းကျောင်းသားဘ၀ကို ဖြတ်သန်းပြီးမှ
တက်လှမ်းခဲ့ကြရတာချည်းပါပဲ။

ကျုပ်တို့မျှော်မှန်းတဲ့ ဒီမိုကရေစီ ပန်းတိုင်အရောက် တက်လှမ်းမယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ ဒီမိုကရေစီ
နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ပြီး လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီဖို့
ဒီ့ထက် ပိုမိုကြိုးစားအားထုတ်ကြရပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား...

မောင်သာရ

0 comments: