Tuesday, December 23, 2008

ဗိုလ်ချုပ်အောင်ဆန်း ပြောသော “နိုင်ငံရေးဆိုတာ”


ဗိုလ်ချုပ်အောင်ဆန်း

ကျော်သိင်္ခ

ဒီဇင်ဘာ ၂၁ ရက်

ဒီတစ်ခါ ကျနော်ကြားခဲ့ရသော စကားလေးတစ်ခွန်းနဲ့ပက်သက်ပြီး ယခုဆောင်းပါးကိုရေးဖြစ်သွားတာဖြစ်ပါသည်။ ထိုစကားကို ရပ်ကွက်ထဲမှာ မိဘတွေက သားသမီးတွေကို သတိပေးစကားပုံစံမျိုးနဲ့ ပြောကြသည်။ ကျောင်းက ဆရာ၊ ဆရာမတွေက ကျောင်သားတွေကို နေ့စဉ် ဆုံးမစကားပြောသကဲ့သို့ ပြောကြသည်။ ၀န်ထမ်းတွေကြားမှာတော့ ကြောက်စရာတစ်ခုလို ဖြစ်အောင် ခြောက်လှန့်ပြီးပြောကြသည်။ အဲဒါက ဘာလဲဆိုတော့ “နိုင်ငံရေး မလုပ်နဲ့” ဟူသောစကာားပင်ဖြစ်သည်။

ထိုအချိန် ကတည်းကစပြီး အဲဒီလို မိဘတွေကြောင့် သားသမီးတွေမှာ နိုင်ငံရေး ဆိုတဲ့ စကားလုံးသုံးလုံးက သူတို့ကိုချောက်လှန့်နေသည်။ ဆရာ၊ ဆရာ မတွေကြောင့် ကျောင်းသားတွေမှာ “နိုင်ငံရေး မလုပ်နဲ့နော်” ဆိုသောစကားက လူ့ကျင့်ဝတ်ထဲက တစ်ခုဘဲဖြစ်နေသလိုလို၊ မြတ်စွာဘုရား တရားတော်ထဲမှာပင် နိုင်ငံရေးလုပ်ရင် အပယ်ငရဲ ကျတတ်သကဲ့သို့ ပြောထားလေဟန် နဲ့ ကျောင်းသားတွေကြားမှာ နိုင်ငံရေး ဆိုတာကိုဘဲရှောင်ကွင်းရမလို။ ၀န်ထမ်းတွေကြားမှာတော့ နိုင်ငံရေး ဆိုသည်ကို ပြောရဲဖို့ မပြောနဲ့ သူများက လာပြောရင်တောင် မကြားရဲဘူးဖြစ်နေသည်။

ထို့ကြောင့် ကျနော် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲက နိုင်ငံရေးဆိုတာနဲ့ပက်သက်ပြီး ပြောကြားခဲ့တာကို တစ်ဆင့် ပြန်ပြီးဝေငှလိုက်ပါသည်။

“……..နိုင်ငံရေး ဆိုတာ ဘာလဲဟု မေးဖွယ်ရာရှိပြန်၏။ ကျွန်ုပ် တို့သည် သာမန်ပုထုဇဉ်များ ဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်။ နိုင်ငံရေးသည် အလွန် မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ၊ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးကို အချို့သော လူညာလူလိမ်တို့သည် တောအုံကနား ကျေးတောသား လူရိုးလူအ တို့ကို အတိတ်၊ တပေါင်၊ စံနည်းဘဝေါတို့ကို တွင်တွင်ကြီးဟောပြော၍ ထိုသူတို့၏ မနော အကြိုက်ကိုလိုက်၍ အငိုက်ဖတ်ပြီးနောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကန္တာရ ခရီးပမာ ကြောက်မက်ဖွယ်သော အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း အမျိုး၊ဘာသာ၊ သာသနာရေးဟူ၍ပင် ဆိုရမည်လော။ နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်မဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်း မဟုတ်၊ ကြောက်မတ်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်း မဟုတ်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေအနေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရ မည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။”

“အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ စားမှုသောက်မှု၊ နေမှုထိုင်မှု၊ သွားမှုလာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်သည် ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက် လျှက်ရှိ၏။ ဤ ဋ္ဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားများသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်ယာလုပ်ရ၏။ စာရေးစာချီ အမှုထမ်းသည် လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစားတို့သည် အသီးသီးဝင်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေး အတွက်ပင်ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာသောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏။ စာရေးစာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တကုပ်ကုပ် လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူ တို့ချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။”

“သို့ဖြစ်ရကား နိုင်ငံရေးဟူသည် လူမှုလူရေးမျှသာဖြစ်၏။ နိုင်ငံရေးကိ ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျှက် အချို့သူများသည် နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟုဆိုကြ၏။ နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော၊ စင်စစ်နိုင်ငံရေးမှာ ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်သည်။”

“ကျွန်ုပ်တို့သည် နိုင်ငံရေးကို ဆက်၍ ပြောရပေဦးမည်။ နိုင်ငံရေးကို ပြော၍မဆုံးသေးချေ။ စင်စစ် နိုင်ငံရေးတို့မည်သည် ပြီးဆုံးခြင်း ရောက်ပြီဟူ၍ မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ လည်နေရသရွေ့ ပဋိစ္စသမုပ္ပာဒ် တရားတော်မြတ်အတိုင်း အကြောင်းနှင့် အကျိုး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆက်စပ်၍ မရပ်မနား ရှည်လျားလှသော ခရီးကို တသွားတည်း သွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရာ၊ အကျိုးတရား အမျိုးအစားကို လိုက်၍ဖြစ်ပျက်နေခြင်းသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။”

ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေထဲက အကျဉ်းချုံးပြီး ပြန်လည်ဝေငှ လိုက်တာဖြစ်ပါသည်။ ဤသို့ဆိုလျှင် နိုင်ငံရေး မလုပ်ပါနှင့် ဟုပြောကြသောမိဘတွေကိုယ်တိုင်လည်း မိုးလင်းကစ မိုးချုပ်တဲ့အထိ နိုင်ငံရေး အကြောင်းပြောနေကြပေပြီ။ အမေလုပ်သူက ဈေးကပြန်လာ၍ သား၊ ငါးဈေးကြီးကြောင်းပြောရင်၊ ဒါ နိုင်ငံရေးအကြောင်းပြောတာသာဖြစ်သည်။ အဖေလုပ်သူက အလုပ်အကိုင်က ခါတိုင်းလို အဆင်မပြေဘူး၊ ငွေကြေးရှာရတာကျပ်တည်းကြောင်းပြောရင်လည်း၊ နိုင်ငံရေးအကြောင်းပြောတာသာဖြစ် သည်။

ဆရာ၊ ဆရာမ တွေရော နိုင်ငံရေးကို ဘယ်လိုလုပ်နေကြသနည်း။ အစိုးရ ကျောင်းဆရာ၊ ဆရာမတွေကို အစိုးရက ၂၀၀၆ လောက်မှာ လခတွေ (မဖြစ်စလောက်လေး) တိုးပေးပြီးတော့၊ လခ တိုးပေးထားလို့ ကျူရှင်မသင်ရဆိုပြီးလုပ်ခဲ့သည်။ အဲဒီမှာ ဆရာဆရာမတွေက ဘာလုပ်လဲ။ ခါတိုင်း တစ်ဝိုင်းကို အိမ်မှာ ၁၅ ယောက်ခေါ်သင်တယ်ဆို၊ အဲဒီလို အမိန့်ထုတ်ပြီးနောက်မှာ ၁၀ ယောက်လောက်အထိတော့ လက်ခံပြီးသင်သည်။ ငွေရေးကြေးရေးကြပ်တည်းလို့၊ ပိုပြီးချောင်ချောင်လည်လည်လေးဖြစ်အောင် အိမ်မှာ ၀ိုင်းကျူရှင်သင်ကြသည်။ အခွင့်အရေးလေး ပိုပြီးလိုချင်သည်။ အပြစ်မပြောလိုပါ။ ဒါလည်း ဗိုလ်ချုပ်ပြောသလိုဆို နိုင်ငံရေးလုပ်တာဘဲ။ တိုက်ရိုက်မဟုတ်ရင် တောင်၊ သွယ်ဝိုက်ပြီးလုပ်တယ်။ မလုပ်နဲ့ဆိုတာကို လုပ်တာ ဆန့်ကျင်တာ၊ တော်လှန်နည်းတစ်နည်းပင်။ တစ်နည်းမဟုတ်တစ်နည်းနဲ့ တော်လှန်ကြသည်သာ။ ထို့ကြောင့် ဆရာ၊ ဆရာမ တွေမှာ တော်လှန်ရေးစိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ကျောင်းသားတွေကိုလည်း နိုင်ငံရေးမလုပ်ရဟု ဆရာတွေက ပြောလာရင်၊ မတရားရာကျသည်။ ဆရာတွေ နိုင်ငံရေးလုပ်လို့၊ ကျောင်းသားတွေလုပ်သည်။ ဆရာတွေက သူတို့အခွင့်အရေးကို သူတို့ဖန်တီးသကဲ့သို့၊ ကျောင်းသားတွေကလည်း ကျောင်းသားအခွင့်အရေး ဖန်တီးပိုင်ခွင့်ရှိသည်။ အခွင့်အရေး ဆိုတဲ့စကားလုံးသုံးလာကတည်းက ဒါနိုင်ငံရေးပင်ဖြစ်သည်။

အချို့သော မိဘတွေက သားသမီးတွေကို ပြောသည်။ ကြိုက်တာ အကုန်လုပ်၊ သို့သော် နိုင်ငံရေးတော့ မလုပ်နဲ့ ဆိုတာမျိုး။ နိုင်ငံရေးဆိုတာ သေခြင်းတရားကဲ့သို့ပင်။ ရှောင်လွှဲလို့မရ။ မွေးကတည်းကနေ သေသည် အထိ ပါလာသည်။ ထို့ကြောင့် လူတစ်ယောက်တွင် နိုင်ငံရေးအသိမရှိလျှင် ဘ၀အသိမရှိ၊ နိုင်ငံရေးအတွေးအခေါ်မရှိလျှင် ဘ၀အတွေးအခေါ်မရှိ ဘူးဟုသာ ဆိုချင်ပါသည်။

ထို့နောက် နိုင်ငံရေးအသိ၊ အတွေးအခေါ်တို့ ရှိပြီးနောက် နိုင်ငံရေးလောကကို ကြည်လင်စိမ်းလဲ့သော ရေတို့နှင့် ပြည့်နှက်နေသည့် သောက်ရေကန်ကြီး သဖွယ် ယူဆပြီး၊ နိုင်ငံရေးလုပ်သူများကို ရေကန်မှ ရေများကို ခပ်ယူသောက်သုံးနေကြသူများ ဖြစ်သည်ဟု ယူဆ ကြပါစို့။ များသောအားဖြင့် သောက်ရေကန်တိုင်းတွင် “ရေကန်ကို ညစ်နွမ်းစေသော အ၀တ်လျှော်ခြင်း၊ အမှိုက်ပစ်ခြင်း၊ တရိစ္ဆာန်များ ထိမ်းကျောင်းခြင်းမပြုရ” ဟုရေးထားပေမည်။ အကယ်၍ သင်သည် အဆိုပါ ရေကန်ဘောင်ပေါ်၌ အထက်ပါ မပြုလုပ်သင့်အပ်သောအရာ တို့ကို ပြုလုပ်မည်ဆိုပါက ရေကန်ထဲမှရေများ ညစ်ပတ်ပြီး၊ သောက်သုံးနေသော သူများလာရောက်သောက်သုံးတော့မည် မဟုတ်တော့ပေ။

အလားတူပင် နိုင်ငံရေးလောကတွင် မပြုသင့်၊ မပြုအပ်သော အပြုအမူ တစ်ခုခုကို လည်းကောင်း၊ အပြုအမူများကိုသော်လည်းကောင်း၊ သင်ပြုလုပ်ခဲ့လျှင်၊ သင့်ကြောင့် နိုင်ငံရေးလောကလည်း ညစ်နွမ်းသွားပြီး၊ နိုင်ငံရေးလုပ်သူများ၊ နောက်ထပ် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအသိ ရှိသူတို့သည် နိုင်ငံရေးလောကသို့ ၀င်လာခြင်းငှာ စွမ်းတော့မည်မဟုတ်ချေ။ ရေကန်ကို လူများ စွန့်ခွာသွားကြသကဲ့သို့ နိုင်ငံရေးလောက ကိုလည်း စွန့်ခွာသွားကြပေမည်။ အမှန်စင်စစ် နိုင်ငံရေးလောကသည် မရှုပ်ပါ၊ နိုင်ငံရေးလောကကို ရှုပ်အောင် လုပ်နေသူများကိုယ်တိုင် ကိုယ့်ကိုယ်ကို ရှင်းမရသည်သာဖြစ်သည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်အချုပ်အောင်ဆန်း ပြောသွားခဲ့သော အထက်ပါစကားလုံးများ၌ နိုင်ငံရေးအကြောင်းပြောရာတွင် ခက်ခဲသည့် စကားလုံးများမပါ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေး ဆိုကတည်းက အနှစ်သာရအားဖြင့်ရော၊ အဓိပ္ပါယ်အားဖြင့်ပါ ရိုးရှင်းသည့်အတွက်ကြောင့် ဤကဲ့သို့ပြောရခြင်းဖြစ်ပါသည်။ ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုအောင်ဆန်းစုကြည် ၏ စည်းရုံးရေးခရီးစဉ်များမှာ ပြောကြားခဲ့သော စကားများကို အပြင်မှာပင်ဖြစ်စေ၊ အခွေထဲမှာဖြစ်စေ နားထောင်ဖူးသူများ သတိပြုမိကြပါလိမ့်မည်။ ဒေါ်စု အနေဖြင့် စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခမျိုးစုံကို ခါးဆီးခံနေကြရပြီး၊ ဒီမိုကရေစီဆိုသည်မှာ ဘာမှန်းမသိသေး၊ လူ့အခွင့်အရေးဆိုသည်မှာ ဘာမှန်းမသိသေးသည် ပြည်သူလူထု၏ နားထဲကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး၏ အနှစ်သာရ၊ အဓိပ္ပါယ်ကို အင်္ဂလိပ်လို ကြားမညှပ်၊ ရိုးရိုးရှင်းရှင်း နှင့် စိမ့်ဝင်သွားအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်မှာ သူမ၏ အရည်အချင်းပင်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် နိုင်ငံရေး ဆိုသည်ကို လူတွေသိနားလည်လာအောင် ကျနော်တို့ အနေဖြင့် ရိုးရိုးသားသား၊ ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆို၍၊ ပြောဆိုစည်းရုံး၊ သိမ်းသွင်း၊ လုပ်ကိုင်ပါက၊ လူတိုင်းတွင် နိုင်ငံရေးအသိအမြင်၊ နိုင်ငံရေးအတွေးအခေါ် ကျယ်ပြန့်လာကာ ဗမာပြည်နိုင်ငံရေး လောကသည်လည်း ဒီထက်ကောင်းသတင်းမွှေး၍၊ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်ကြောင်း အပြုသဘောဆောင်၍ ရေးသားလိုက်ရပါသည်။
ကျော်သိင်္ခ

0 comments: