Thursday, December 4, 2008

အတုလ နိုင်ငံတော်၊ အတုလ မင်း၊ အတုလ မင်းမြှောင်များနှင့် အတုလ တရားစီရင်မှု



ပါဠိစာပေ၌ မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဖော်ညွှန်း ပြဆိုရာတွင် အတုလသည် တမျိုးအပါအ၀င် ဖြစ်၏။ အဓိပ္ပာယ်မှာ လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံးတို့တွင် မြတ်စွာဘုရားကို မည်သူမှတု မတူနိုင်ဟူ၍ ဖြစ်၏။ခေတ်စကားဖြင့်ဆိုရသော် မြတ်စွာဘုရားသည် ပြိုင်စံရှားသော ပုဂ္ဂိုလ်ထူး ဖြစ်တော်မူပါပေ၏။ အဓမ္မမင်းနှင့် အဓမ္မမင်းမြှောင်တို့၏ အဓမ္မတရား စီရင်မှုကို မြင့်မြတ်သော မြတ်စွာဘုရား၏ ဂုဏ်ပုဒ်နှင့်မှ နှိုင်းရကောင်းလားဟု အပြစ်တင် လျှင်လည်း ခံရမည်သာ ဖြစ်သည်။

ဤသီတင်းပတ်များအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဘယ်တုန်းကမှ မကြားဘူးသော နှစ်ရှည် ထောင်ဒဏ်များဖြင့် ပြစ်ဒဏ်ပေး စီရင်ခြင်းများကို ကြားရသောကြောင့် မနေနိုင်မထိုင်နိုင် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါ၏။

အတုလဟူသော ဂုဏ်ပုဒ်ဖြင့် ရည်ညွှန်းရခြင်းမှာ အောက်ဖော်ပြပါ အကြောင်းတရားများကြောင့် ဖြစ်ပါ၏။

အတုလ နိုင်ငံတော်

မြန်မာပြည်ကို အုပ်စိုးခဲ့သော ဗမာအစိုးရ အဆက်ဆက်တို့က မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်း တရာကျော် နေထိုင်သည်ဟု ၀ါဒဖြန့်ခဲ့ကြ၏။ သို့သော် ဤလူမျိုးစုပေါင်း တရာကျော်ကို ဘယ်သူက ဘယ်နေရာမှာ ကွင်းဆင်း၍ ဘယ်သို့ဘယ်ပုံ ရေတွက်ကာ စာရင်းအင်း ပြုစုခဲ့ကြောင်းကို ဦးကုလားရာဇ၀င်၊ မှန်နန်းရာဇ၀င်မှ အစ ဘယ်သမိုင်း ရာဇ၀င်ကျမ်းများတွင်မှ တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။ သို့ရာတွင် ဗမာအစိုးရ အဆက်ဆက်တို့ ဤသို့သာ ဆက်ကာဆက်ကာ ဟစ်အော်လာကြသဖြင့် လူအပေါင်းတို့ကလည်း ယင်းကို သံယောင်လိုက်ကာ ပြောဆိုနေကြခြင်း ဖြစ်လေ၏။

ဤနေရာ၌ ဘာသာစကားနှင့် လူမျိုးကို ခွဲခြားသိဖို့လို၏။ ချင်းလူမျိုးတို့သည် တတောင်ကျော်လျှင် ဘာသာ စကား တမျိုးပြောင်းသွားသည်ဟု စာရေးသူ၏ မိတ်ဆွေ ချင်းအမျိုးသား ပညာရှင်တယောက်က ပြောသဖြင့် မှတ်သားရဖူး၏။ ကရင်လူမျိုးတွင်လည်း ပိုးကရင်၊ စကောကရင် စသည်အားဖြင့် ဘာသာစကား ကွဲပြားသေး ၏။ ရှမ်းလူမျိုးတွင်လည်း ဘာသာစကား ကွဲပြားမှုတွေရှိ၏။ တရုတ်လူမျိုးတွင်လည်း ဘာသာစကား ကွဲပြားမှု များစွာရှိလေ၏။

ဤသို့ ဘာသာစကား ကွဲပြားမှုကို ဗမာအစိုးရအဆက်ဆက်တို့က လူမျိုးပေါင်း တရာကျော်သည်ဟု နားလှည့် ပါးရိုက်၍ လှည့်စားနေခြင်းဖြစ်၏။ ဖက်ဒရယ် အရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်မှု တောင်းဆိုနေကြသော တိုင်းရင်းသား လူမျိုးစုများကို သေးငယ်လှသောနိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရလျှင် လူမျိုး တရာကျော် ရှိသည့်အတွက် နိုင်ငံ အစိတ်စိတ် အမွှာမွှာ ဖြစ်လိမ့်မည်ဟု တိုင်းရင်းသားလူမျိုးစုများ နဝေတိမ်တောင် သို့လော သို့လော ဖြစ်စေရန် သွေးခွဲပြောဆိုနေခြင်းသာ ဖြစ်သည်။

ယင်းကို နားယောင်နေသူတို့ကလည်း မြန်မာနိုင်ငံသည် နိုင်ငံသေးငယ်သော်လည်း လူမျိုးပေါင်းတရာကျော် နေထိုင်သည့်အတွက် ကမ္ဘာတွင် ဘယ်တိုင်းပြည်နှင့်မှမတူ ပြိုင်စံရှားသည့် နိုင်ငံဖြစ်ပါပေ၏။ ထို့ကြောင့် ဤနိုင်ငံသည် အတုလနိုင်ငံတော် ဖြစ်ပါပေ၏။

ထို့အပြင် မြန်မာနိုင်ငံသည် ၁၉၅၈ ခုနှစ်မှ စတင်ကာ ယနေ့အထိ အနှစ် ၅၀ တိုင်တိုင် စစ်တပ်က အမည် အမျိုးမျိုးဖြင့် တောက်လျှောက် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့သည်။ ကမ္ဘာတွင် ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ကမှ စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် ဤမျှကြာကြာ မနေခဲ့ကြရ။ ဤသို့သောဂုဏ် ကြောင့်လည်း မြန်မာနိုင်ငံသည် ကမ္ဘာတွင် ပြိုင်စံရှားသော အတုလနိုင်ငံတော်ကြီး ဖြစ်ပါပေသည်။

အတုလမင်း

မြန်မာနိုင်ငံကို လက်ရှိအုပ်စိုးနေသောမင်းသည် ယုတ်မာသည့် အရာတွင် ကမ္ဘာ၌ ပြိုင်စံရှားလှ၏။ အာဏာ ရမ္မက် ငမ်းငမ်းတက်ရာတွင်လည်း ကမ္ဘာ၌ ပြိုင်စံရှား၏။ ရက်စက်ကြမ်းကြုတ်သည့် အရာ၌လည်း မည်သူမျှ သူ့ကိုမယှဉ်နိုင်။ ၀ါဒမတူသူတို့ကို နည်းအမျိုးမျိုးဖြင့် နှိမ်နင်းနှိပ်ကွပ်၏။ နောက်ဆုံး တိုင်းသူပြည်သားတို့ ခါးစည်းခံနေကြရသော ဆင်းရဲဒုက္ခအပေါင်းတို့ ကင်းဝေးလို ကင်းဝေးငြား မေတ္တာပို့ ကြွချီလာကြသည့် လက်နက်ဆို၍ စီးစရာ ဖိနပ်ပင်လျှင် ယူဆောင်မလာကြသော ဘုရားသားတော် ရဟန်းသံဃာတော် များကိုပင်လျှင် သူ၏အာဏာ ကုလားထိုင်ကို ကိုင်လှုပ်သည်ဟုဆိုကာ လက်နက်ဖြင့် ပစ်ခတ်နှိမ်နင်းစေ၏။

နာဂစ်မုန်တိုင်း ရိုက်ခတ်သဖြင့် ဆင်းရဲဒုက္ခ ဝေနေကြသော တိုင်းသူပြည်သားတို့ကို ညှာတာခြင်း ကင်းမဲ့စွာ လျစ်လျူရှုထားပြီး အကူအညီပေးမည့် သူတို့ကိုလည်း မျက်မှန်စိမ်းတပ်ကာ ရန်သူအဖြစ် ရှုမြင်လျှက် မကူညီ နိုင်အောင် အမျိုးမျိုးပိတ်ပင်၏။ သူ၏ရက်စက်မှုကို မြန်မာပြည်သူ ပြည်သားတို့သာမက စကြ၀ဠာကမ္ဘာကြီး တခုလုံးရှိ လူသားအားလုံးတို့က ရင်သပ်ရှုမော တအံ့တသြ ဖြစ်ကြရလေကုန်၏။ ရက်စက်မှုအပေါင်း သရဖူ ဆောင်းထားသည့် ဤသို့သော ဂုဏ်ကြောင့် မြန်မာပြည်ကို သေနတ်မိုး၍ အုပ်ချုပ်နေသော သန်းရွှေခေါ်ဆို ထိုမင်းတြားရူးကြီးသည် အတုလမည်တော်မူပါပေ၏။

အတုလ မင်းမြှောင်များနှင့် အတုလ တရားစီရင်မှု

အုပ်စိုးသူမင်းကို အမှီပြု၍ ကပ်မြှောင် ခိုစားနေကြသည့် မင်းမှုထမ်း ၀န်ကြီး ၀န်လေး စာရေး စာချီ ဒရ၀မ် တံခါးစောင့် အားလုံးတို့ကို မင်းမြှောင်ဟုခေါ်၏။ မြန်မာစကားပုံ၌ “မင်းကား ကောင်းလျက် မင်းမြှောင် ဖျက်၏” ဟူသော စကားရှိ၏။ ယခုမူ မင်းကိုယ်တိုင်က ပျက်စီးနေသဖြင့် ထိုမင်းကို ကပ်မြှောင် စားနေကြ သော မင်းမြှောင် တသိုက်တို့သည်ကား အထူးဆိုဖွယ်ရာမရှိပြီ။ တရားမရှိသည့် မင်းက တရားမဲ့စွာ ခိုင်းစေ နေသည်ကို သိပါလျက် အားလုံးသော ထိုသတ္တ၀ါတို့သည် တာဝန်ကျေပြွန်စွာ အမှုတော် ထမ်းပေးနေကြ လေကုန်၏။

ဘိုးဘေး ဘီဘင် လက်ထက်မှစ၍ ရတနာအဖြစ် သတ်မှတ်လာခဲ့ကြသော သံဃာတော်တို့ကို ကိုယ်ထိ လက်ရောက် မပြောနှင့် စိတ်ဖြင့် ပြစ်မှား မိလျှင်ပင် အပြစ်ကြီးသည်ဟု သိနေပါလျက် သူတို့၏ အထက် လူကြီးတွေ ခိုင်းစေသည့်အတိုင်း ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်း၊ နှိပ်စက်ကလူ ပြုခြင်းတို့ဖြင့် အမှုတော် ကျေပြွန်အောင် ထမ်းဆောင်ပေးနေကြလေ၏။ ကောင်းလိုက်သည့် မင်းမှုထမ်း၊ သခင့်အပေါ် သစ္စာစောင့်သိ ရာ၌ တုဘက်မရှိ ပြိုင်စံရှားလှသည့် အတုလမင်းမှုထမ်း၊ အတုလမင်းမြှောင်များ ပီသကြပါပေသည်။

ဤသို့ အမှုတော် ကျေပြွန်ခြင်းအတွက် သူတို့၏ အထက်ဆရာကြီးများက ချီးမြှင့်မြှောက်စား ကြပြန်သဖြင့် သခင်အားရ ကျွန်ပါးဝဖြစ်ကာ ပြည်သူလူထုကို တရားလက်လွတ် ပရမ်းပတာ ပြုမူဆက်ဆံလာကြသည်။

အပြစ်မရှိသူတို့ကို အမျိုးမျိုး ထောင်ချောက်ဆင် ဖန်းဆီး၍ မတရား အပြစ်ပေး စီရင်ချက်ချနေကြသည်။ မြန်မာပြည်မှာရော ကမ္ဘာမှာပါ ဘယ်တုန်းကမှမကြားဘူးသော ပြစ်ဒဏ်များဖြင့်အပြစ်ပေး၍ စီရင်ချက်ချနေ ကြသည်။ ဤသို့ စီရင်ချက်ချပေးသည့် တရားသူကြီးများသည် မတရားမှန်း မသိ၍တော့မဟုတ်၊ အားလုံး သိကြပြီး ဖြစ်သည်။ သို့ပါလျက် ဤသို့ စီရင်ချက် ချပေးရခြင်းမှာ သူတို့ အထက်လူကြီးများ အမျက်တော်ရှ မည်ကို ကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။

ယင်းသည် အဂတိတရား လေးပါးတို့တွင် ကြောက်၍ အဂတိလိုက်စားခြင်း ဘယာဂတိ အမျိုးအစား ဖြစ်၏။ မည်သည့် အကြောင်းကြောင့် အဂတိ လိုက်စားသည် ဖြစ်ပါစေ၊ အဂတိလိုက်စားသူသည် အပါယ်ငရဲသို့ သွားရမည် ဖြစ်ကြောင်း တရားသူကြီးများနှင့် တရားရေး ၀န်ထမ်းများ သိထားသင့်ကြ၏။

ပို၍ဆိုးသည်မှာ သံဃာတော်များကို မတရားထောင်ဒဏ်ချမှတ်ခြင်းဖြစ်၏။ ဘုရား တရား သံဃာ မိဘ ဆရာ တည်းဟူသော အနန္တငါးပါးတို့ကို အကျိုးစီးပွားထိခိုက်အောင် ပြုလုပ်ခြင်းသည် အလွန်ကြီးလေးသည့် ကံကြီး ကို ကျူးလွန်နေခြင်းဖြစ်၍ သံသရာတခုလုံး အပါယ်ငရဲ၌ ခေါင်းမဖော်နိုင်အောင် နစ်မြုပ်နေလိမ့်မည် ဖြစ်ကြောင်း အဓမ္မမင်းတြားရူးကြီးနှင့်တကွ သူ့အပေါ် တာဝန် အလွန်ကျေပြွန်ကြသည့် တရားသူကြီးများ အထူးသတိချပ်သင့် ကြသည်။

နိုင်ငံကောင်းစေချင်၍ နိုင်ငံ့အရေး ပြုလုပ်ကြသူများကို လူသတ်သမား ဒုစရိုက်သမားတွေထက် အဆများစွာ ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်အပြစ်ပေးခြင်းကြောင့် စကြ၀ဠာ ကမ္ဘာကြီး တခုလုံးက အံ့သြခြင်းကြီးစွာ ဖြစ်ကြရလေကုန်သည်။

သြော် ... အတုလ တရားစီရင်မှုကြီးပါတကား။

ယခုလည်း မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာပေါ်တွင် ဘယ်တိုင်းပြည်နှင့်မှ မတူသည့် စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ကြဦးမည်ဆိုသဖြင့် ဤစကြ၀ဠာကြီး အတွင်း အတုလ ဒီမိုကရေစီ နိုင်ငံတော်ကြီးတခု ပေါ်ထွန်းလာပေဦးတော့မည်။

အို ... လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ ရင်သပ်ရှုမော တအံ့တသြဖြင့် စောင့်မျှော်ကြည့်ရှုကြပါကုန်။ ။



စာရေးသူ အရှင်ရတနသည် ပြည်ပတွင် ပညာဆည်းပူးနေသော ရဟန်းတပါးဖြစ်ပါသည်။

ဧရာဝတီ

0 comments: