Wednesday, December 3, 2008

ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ထောင်ပြောင်း

Wednesday, 03 December 2008 18:34 ဧရာဝတီ
E-mail Print
စစ်အစိုးရက ဖမ်းဆီး ထောင်ချ ထားသော လူငယ်အဆိုတော် ကိုဇေယျာသော် အပါအဝင် နိုင်ငံရေး လှုပ်ရှားသူ ၇ ဦးကို ယနေ့ ထောင်ပြောင်းရွှေ့ လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်း အဝန်းက ပြောသည်။

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) ခေါင်းဆောင် လည်းဖြစ် ဟစ်ပ်ဟော့ပ် အဆိုတော် လည်းဖြစ်သူ အသက် ၂၇ နှစ်ရှိ ဇေယျာသော်ကို မြန်မာပြည် တောင်ပိုင်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ၂၀ရက်နေ့က ကိုဇေယျာသော်အား နိုင်ငံခြားငွေကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင် ဒဏ် ၁ နှစ်၊ တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ ၆/၈၈ ဖြင့် ၅နှစ် စုစုပေါင်းထောင်ဒဏ်၆နှစ် ချမှတ်ခဲ့သည်။

၎င်းနှင့်အတူ GW အဖွဲဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟဝင်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့ကိုလည်း ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅နှစ်စီ ချမှတ်ခဲ့သည်။

ယင်းGW အဖွဲ့ဝင်များဖြစ်သည့် ကိုအောင်ဇေဖြိုးအား ပဲခူးတိုင်း တောင်ငူထောင်၊ ကိုသီဟဝင်တင်အား မန္တလေးတိုင်း ညောင်ဦးထောင်၊ ကိုအာကာဗိုလ်အား ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူထောင်သို့ အသီးသီး ပို့ဆောင်လိုက် ကြောင်းလည်း သိရသည်။

ကိုဇေယျာသော်နှင့် အဖွဲ့ဝင် ၆ဦးကို ယခုနှစ်မတ်လ ၁၂ရက်နေ့တွင် ဆရာစံလမ်းရှိ စားသောက်ဆိုင်တဆိုင် တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇေယျာ်သော်သည် အဆိုတော် အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချန်းတို့နှင့်အတူ ၂၀၀၀ ခုနှစ် ကုန်ပိုင်း၌ မြန်မာနိုင်ငံတွင် ပထမဆုံးသော ဟစ်ပ်ဟော့ပ်အဖွဲ့ဖြစ်သည့် အက်ဆစ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည်။

ယနေ့တွင် ထောင်ဒဏ် ၁၁နှစ်ချမှတ်ခံထားရသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မသိဂီရွှေသိမ် ဘုန်းကြီး ကျောင်းမှ သံဃာတော် ဦးစန္ဒာသီရိ ကိုလည်း ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ပြောင်းရွေ့လိုက်သည်။

အလားတူ တခြားသော နိုင်ငံရေးလှုပ်ရှားသူ ကိုထွန်းထွန်းနိုင်အား ရခိုင်ပြည်နယ် စစ်တွေထောင်နှင့် ကိုဇေယျာလင်း ကို ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ယနေ့ပြောင်းရွေ့လိုက်ကြောင်းလည်းသိရသည်။

GWမှ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက“ဒါဟာမိသားစုကို သက်သက်ဒုက္ခပေးတာဖြစ်တယ်၊ ဝေးလံ တဲ့ နေရာ တွေမှာ ကျန်းမာရေး၊ အစားအသောက်တွေ အဆင်မပြေအောင် မိသားစုတွေနဲ့ဝေးအောင် လုပ်ထား ခြင်းအားဖြင့် သူတို့ကိုစိတ်ဓာတ်ကျအောင်၊ နောက်တခုက ဆက်လုပ်မယ့်လူငယ်မျိုးဆက်သစ်တွေကို ခြိမ်းခြောက်တာလည်းဖြစ်တယ်၊ ဒါပေမယ့်ဒီလိုလုပ်ရုံနဲ့လူငယ်တွေကနောက်တွန့်သွားမှာမဟုတ်တဲ့အပြင် ခုလိုမတရားဖိနှိပ်ခံရတဲ့သူငယ်ချင်းတွေ၊ အဖွဲ့သားတွေအတွက်ပိုပြီး ခံပြင်းတဲ့စိတ်နဲ့ ဆန့်ကျင်တော်လှန်မှုတွေ ပိုပြင်းထန်လာမှာသေချာတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇နှစ်စက်တင်ဘာ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးအပြီး ဖမ်းဆီး ထားသည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူပေါင်း ခန့်မှန်းခြေ ၃၈၈ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) စာရင်းအရသိရသည်။


0 comments: