Thursday, November 6, 2008

အိုဘားမားသတင်း နိုင်ငံတကာက ၀မ်းမြောက်စွာကြိုဆို


အိုဘားမားသတင်း နိုင်ငံတကာက ၀မ်းမြောက်စွာကြိုဆို
ဥတ္တရမွန်း
နိုဝင်ဘာ ၅၊ ၂၀၀၈


အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးသော လူမည်းသမ္မတ ဘာရက်အိုဘားမားကို ရွေးချယ်တင်မြောက်လိုက်ခြင်းသည် ကမ္ဘာ့နိုင်ငံများ၏ အမေရိကန်နိုင်ငံအပေါ် ချစ်ခင်မှုကို အသစ် ပြန်လည် မွေးဖွားစေလိုက်ပါသည်။


ရွေးကောက်ပွဲနေ့၌ အာဖရိကနိုင်ငံများ၏ ပြည်သူများသည် တညလုံးမအိပ်၊ အချို့လည်း အရုဏ်တက်မတိုင်မီကတည်းက အိပ်ရာမှထပြီး အမေရိကန်၏ သမိုင်းတွင်သွားမည့် သတင်းကို စောင့်ကြည့်နေခဲ့ကြသည်။ အိုဘားမား၏ ဖခင်မွေးဖွားရာ ကင်ညာနိုင်ငံတွင်လည်း အများပြည်သူရုံးပိတ်ရက်အဖြစ် ကင်ညာသမ္မတက ကြေညာလိုက်သည်။

အိုဘားမား ကလေးဘ၀က တက်ရောက်ခဲ့သော အင်ဒိုနီးရှားနိုင်ငံ မူလတန်းကျောင်းတစ်ခုမှ ရာပေါင်းများစွာသော ကျောင်းသားများသည်လည်း အိုဘားမားအနိုင်ရကြောင်း သတင်း ကြားကြားချင်း ကစားကွင်းထဲသို့ ပျော်ရွှင်စွာပြေးထွက်ပြီး တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကာ "အိုဘားမား .. အိုဘားမား . . " ဟု မိုးရေထဲ၌ အော်ဟစ် ကခုန်နေခဲ့ကြသည်။

တောင်အာဖရိက၏ ပထမဆုံးလူမည်း သမ္မတဖြစ်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) က အိုဘားမားထံသို့ ရေးပို့သည့် ဂုဏ်ပြုစာလွှာတွင် " ပိုမိုငြိမ်းချမ်းကောင်းမွန်သည့် ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲစေချင်သည့် အိပ်မက်ကို မည်သူမဆို မက်ခွင့်ရှိကြောင်း သင်၏ အောင်မြင်မှုက သက်သေပြလိုက်ပါသည်.." ဟု ရေးသားထားပါသည်။

အမေရိကန်နိုင်ငံ၏ နှစ်ပေါင်းရာချီကြာမြင့်ခဲ့သော အသားအရောင်ခွဲခြားမှု ပဋိပက္ခကို ကျော်လွှားနိုင်ခဲ့ပြီး လူမည်းသမ္မတကို ရွေးချယ်လိုက်ခြင်းသည် လူအများကို အံ့သြ၀မ်းမြောက်စေခဲ့ပြီး "ဒီသတင်းဟာ ဘာလင်တံတိုင်းပြိုကျခြင်းထက် ဆယ်ဆမက ကြီးမားပါတယ် . . " ဟု ပြင်သစ်မှ လူ့အခွင့်အရေးလှုပ်ရှားသူ လူမည်း Rama Yade က ပြောကြားသည်။

ရုရှားသမ္မတ Dmitry Medvedev ကလည်း အသစ်ဖွဲ့စည်းမည့် အိုဘားမား၏ အုပ်ချုပ်ရေးအဖွဲ့သည် နှစ်နှိင်ငံကြား ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်သွားသည်။ "အခက်အခဲမျိုးစုံကို ကျနော်တို့အတူတူ ရင်ဆိုင်နေရချိန်မှာ သင်၏အောင်မြင်မှုဟာ ပြင်သစ်၊ ဥရောပ နဲ့ အခြားနိုင်ငံအားလုံးအတွက် ကြီးမားတဲ့မျှောင့်လင့်ချက်ကို ရစေခဲ့ပါတယ် . . " ဟူ၍ ပြင်သစ်သမ္မတ နိကိုးလပ်စ်ဇာကိုစီ (Nicolas Sarkozy) ကလည်း အိုဘားမားထံသို့ ပေးပို့သည့် ဂုဏ်ပြုစာတွင် ဖော်ပြထားပါသည်။

အိုဘားမားသတင်းကို လက်တင်အမေရိကနိုင်ငံများကလည်း ၀မ်းမြောက်စွာ ကြိုဆိုခဲ့သည်။ မက်ဆီကို(Mexico)၊ ချီလီ(Chile) တို့မှ နိုင်ငံခေါင်းဆောင်များသည်လည်း နိုင်ငံအကြား အပြန်အလှန်နားလည်လေးစားမှုရှိမည့် ကောင်းမွန်သည့်ဆက်ဆံရေးကို မျှော်လင့်ကြောင်း ထုတ်ဖော်ခဲ့သည်။ ပြည်တွင်းရေးကို စွက်ဖက်သည်ဟုဆိုကာ အမေရိကန်နှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့သည့် ဗင်နီဇွဲလား(Venezuela) နှင့် ဘိုလစ်ဗီးယား(Bolivia) တို့ကလည်း အမေရိကန်နှင့် သံတမန်အဆက်အသွယ် ပြန်လည်ပြုလုပ်ရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားသည်။

လူအများသည် အိုဘားမား၏ နိုင်ငံတကာဇစ်မြစ်ကို သိရှိလာကြသည်။ ဖခင်သည် ကင်ညာလူမျိုး၊ မိခင်သည် လူဖြူ အမေရိကန်လူမျိုးဖြစ်ပြီး၊ ကလေးဘ၀၌ အင်ဒိုနီးရှားတွင် လေးနှစ်နေခဲ့သည်။ "ဘယ်လောက် အားကျစရာ အတုယူစရာကောင်းသလဲ . . ၊ သူဟာ တကယ့်ကို တကမ္ဘာလုံးရဲ့ အမေရိကန်သမ္မတပါပဲ . . ၊ သူဟာ ကလေးဘ၀က အာရှနိုင်ငံမှာ ရှိခဲ့တယ်၊ ဖခင်က အာဖရိကနိုင်ငံက၊ ပြီးတော့ သူ့ရဲ့ အလယ်နာမည်က အရှေ့အလယ်ပိုင်းနိုင်ငံက ဖြစ်တယ်၊ အိုဘားမားဟာ ကမ္ဘာကြီးရဲ့ သမ္မတပါ . ." လို့ ဘန်ကောက်မြို့၏ စတားဘတ်ကော်ဖီဆိုင်တွင် ထိုင်နေသော အသက် ၂၉ နှစ်အရွယ် ထိုင်းလူမျိုး ဖရာချာ ကင်ဂျင်နာနော့ Pracha Kanjananont က ဆိုပါသည်။



( ကိုးကားချက် - နိုဝင်ဘာ ၅၊ အေပီသတင်း)



မှတ်ချက်။ အမေရိကန်သမ္မတ အိုဘားမား၏ နာမည်အပြည့်အစုံမှာ Barack Hussein Obama ဖြစ်သည်။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: