Friday, November 14, 2008

နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၁၉ ယောက်ကို ထောင်ဒဏ်များချမှတ်

ကိုသက် | နိုဝင်ဘာ ၁၃၊ ၂၀၀၈

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အသက် ၇၂ နှစ်ရှိ ဦးတင်ယု အပါအဝင် အန်အယ်လ်ဒီပါတီဝင် ၁၁ ဦးကို ရန်ကုန်ရှိ အင်းစိန်ထောင်တွင်ရုံးထိုင်ထားသည့် အထူးတရားရုံးက ထောင်ဒဏ် ၇ နှစ် ၆ လစီ ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူအများစုသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အန်အယ်လ်ဒီပါတီဝင်များ ဖြစ်ကြသည့် ဦးတင်ယု၊ ကိုသန်းနိုင်၊ မလှလှမော်၊ ကိုစိုးမင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော်ဇင်နှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ကိုရန်နိုင်ထွန်း တို့ဖြစ်ကြသည်။

၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှုများကြောင့် အဖမ်းခံရခြင်း ဖြစ်ပြီး အများပြည်သူ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅ (ခ) အပါအဝင် တခြားဥပဒေပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ချမှတ်ခံရသည်ဟု အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ အန်အယ်လ်ဒီလူငယ် ကိုရာဇာက “ဒါဟာတရားဥပဒေစိုးမိုးမှုကို တရားရုံးနဲ့ တရားသူကြီး တွေကပါ လိုက်နာနိုင်စွမ်းမရှိတော့တဲ့အခြေနေကို ဖော်ပြတာဖြစ်တယ်။ မြန်မာပြည်ကို စစ်အစိုးရက တရားလက်လွတ် အုပ်စိုးနေတယ်။ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်သာဆိုရင် အခုလိုလုပ်ခွင့်မရှိဘူး၊ အဲဒီတော့ စစ်အစိုးရရဲ့တရားမ၀င်မှုကိုပါ အခုဖြစ်ရပ်က သက်သေပြနေတာပဲဖြစ်တယ်” ဟု ဝေဖန်ပြောဆိုသည်။

အဆိုပါထောင်ဒဏ်ချမှတ်ခံရသူများမှ ကိုရန်နိုင်ထွန်း၊ ကိုဝေလွင်မျိုး၊ ကိုအောင်မင်းနိုင်နှင့် ၎င်းတို့၏ အကျိုးဆောင် လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးတို့ကို လွန်ခဲ့သည့်လကုန်ပိုင်းက တရားစီရင်မှုကို နှောင့်ယှက်သည့်ပုဒ်မ ၂၂၈ ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့သေးသည်။

ဗကသများအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သည့် မဟန်နီဦးကိုလည်း ယနေ့နေ့လယ်ပိုင်းက ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။ မဟန်နီဦးသည် အသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး ဥပဒေ နောက်ဆုံးနှစ်ကျောင်းသူတဦးလည်း ဖြစ်သည်။

ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ကိုမျိုးခင်အား ထောင်ဒဏ် ၄ နှစ်ခွဲနှင့် အန်အယ်လ်ဒီပါတီဝင် ကိုမျိုးခိုင်ကို ထောင်ဒဏ် ၆ နှစ်ခွဲ ယနေ့ချမှတ်လိုက်သည်ဟု အန်အယ်လ်ဒီပါတီ အသိုင်းအဝန်းက ဧရာဝတီကို ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးတို့အား ထောင်ဒဏ် ၂ နှစ်စီချမှတ်ပြီး ကွန်ပျူတာပညာရှင်တဦးဖြစ်သည့် မမြမြသိမ့်ကို လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချလိုက်ကြောင်းလည်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် ၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသ များအဖွဲ့ချုပ်ကို အင်တိုက်အားတိုက် အကူအညီပေးခဲ့သည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်ပြီး ကဗျာဆရာများသမဂ္ဂကိုဦးဆောင်ခဲ့သူ ကိုမင်းဟန် ကိုလည်း အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်တဦးက ပြောသည်။

စစ်အစိုးရက ယနေ့တနေ့တည်း နိုင်ငံရေးလှုပ်ရှားသူ ၂၀ ခန့်ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ယခုအပတ်အတွင်း နိုင်ငံရေးလှုပ်ရှားသူ ၆၀ ကျော်ကို ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ [Top]


0 comments: