Monday, November 10, 2008

နိုင်ငံတော်အရေး လျှောက်ထားတောင်း ဆိုလွှာ

နိုင်ငံတော်အရေး လျှောက်ထားတောင်း ဆိုလွှာ

နှစ်ပေါင်း(၂၅၀၀)ကျော် ကြာရှည်တည်တံ့ လာခဲ့သည့် သံဃာ့သမိုင်း၏ သက်တမ်း၌ စံထားဖွယ်ရာ သမိုင်းတွင် လှုပ်ရှား ဖြစ်ပျက်မှုကြီး ဖြစ်သော … … …
(စက်တင်ဘာ) ရွှေဝါရောင် တော်လှန်ရေးကြီးဆိုသည်မှာ ပြည်သူ လူသားတို့ ၏ ဘ၀များစွာကို၊ စာနာတရားတို့ ဖြင့် အသက် သွေးချွေးများ ပေးဆပ်ခဲ့သော … … …
ပြည်သူ့ ဆန္ဒများစွာကို ထပ်တူ ကိုယ်စားပြုလျှက် ထုတ်ဖော် ရှေ့ ဆောင်ခဲ့သည့် သံဃာ့ လှုပ်ရှားမှုကြီး တစ်ရပ် ဖြစ်ပေသည်။
တပည့်တော်တို့ သည် စစ်အာဏာရှင်၏ နှိပ်စက်မှုအောက်၌ ရာစုဝက်နီးပါး ကျရောက်နေချိန် အရှင်ဘုရားတို့ သည် ပြည်သူ့ ဘက်မှ မခံမရပ်နိုင်ဖြစ်ကာ ကျောင်းတိုက်တော်များမှသည် စေတီမုဉ်ဦးအထိ မေတ္တာ ပရိတ်တော်များ ရွက်ဖတ် သရာဇ္ဈယ်၍ ကြွမြန်းစဉ် … … …

တကာ တကာမတို့ သည်လည်း သောင်းသောင်းဖျဖျဖြင့် ကြည်ညို ၀တ်ဖြည့် ဂုဏ်ယူအားရဖို့ မဆုံး ဖြစ်ရပါသည် ဘုရား။
အရှင်ဘုရားတို့ သည် စေတီခြေရင်းမှ ကျောင်းတိုက်တော်များ အထိ အသက်သွေးပေါင်း များစွာ ပြန်လည် ပေးဆပ် ခဲ့ရခြင်း ဖြစ်စဉ်မှာလည်း တပည့်တော်တို့ သည် ယနေ့ အချိန်အထိ ကြေကွဲ ရင်နာရမဆုံး ယူကြုံးမရ ဖြစ်နေရပါသည် ဘုရား။
အရှင်ဘုရားတို့ သည် မြင့်မြတ်သော အသိဥာဏ် ပညာတရားဖြင့် အာဏာရှင် စစ်ရာဇ၀တ်ကောင်၏ မိစ္ဆာ အမြင်မှားအား အသိဝင်ရန် သတိပေးနေချိန် ပညာတရားအဖြစ် တန်ဖိုးထားရပါသည် ဘုရား။
အရှင်ဘုရားတို့ သည် တည်ငြိမ်သော သမာဓိတရားဖြင့် အာဏာရှင် စစ်ရာဇ၀တ်ကောင်၏ အ၀ိဇ္ဖာ ကြေးခွံများအား တိုက်ဆုပ် ချွတ်ခွာမှုတွင် သမာဓိတရားအဖြစ် လည်းကောင်း လေးစားမိပါသည် ဘုရား။
အရှင်ဘုရားတို့ သည် ဖြူစင်သော သီလတရားတို့ ဖြင့် အာဏာရှင် စစ်ရာဇ၀တ်ကောင်၏ မတရားဖမ်းဆီး နှိပ်ကွပ်မှုများအား ဓမ္မစက်ဖြင့် ရှင်းလင်းစဉ် သီလတရားအဖြစ် လည်းကောင်း ဂုဏ်ယူမိပါသည် ဘုရား။
အရှင်ဘုရားတို့ ၏ ရဲရင့်သော မေတ္တာတရားများအား တပည့်တော်တို့ မကြည်ညိုဘဲ မနေနိုင်အောင် ဖြစ်ရပါသည် ဘုရား။
ပြည်သူ တကာ တကာမများနှင့် တမြေတည်း၊ တရေတည်း အသက်ပေးခဲ့သော ပျံလွန်တော်မူသွားရသည့် သံဃာများ အား တပည့်တော်တို့ ဦးခိုက် ရှိခိုးလိုက်ပါသည် ဘုရား။
မြန်မာပြည် တနံ၊ တလျား အကျဉ်းစခန်းများ၌ တသွေးတည်း တသားတည်း စိတ်ဓါတ်ဖြင့် အဖမ်းဆီးခံ ထောင်နန်းစံပယ်တော်မူနေရသော သံဃာအရှင်များအား တပည့်တော်များမှ ဦးညွှတ် ဂါရ၀ပြုလိုက်ပါသည် ဘုရား။
လွတ်မြောက်နယ်မြေ သောင်ရင်းမြစ် တဖက်ကမ်းမှ တဆွေတည်း၊ တမျိုးတည်း အသိဖြင့် တိမ်းရှောင် သီတင်းသုံး နေသော သံဃာများကိုလည်း မလွတ်မြောက်နိုင်သေးသည့် တပည့်တော်များမှ ဦးခိုက်လျှက် အားပေးနေပါသည် ဘုရား။
မဲဇာတောင်ခြေ အမေရိကပြည်သို့  ကြွချီတော် မူရရှာသော တစိတ်တည်း၊ တ၀မ်းတည်း အမြင်ဖြင့် ရဲရဲတောက် သြ၀ါဒများ ပို့ ချပေးနေသည့် ဆရာသံဃာများ၏ သတ္တိကိုလည်း မြန်မာပြည်မှ တပည့်ကျော်များက ကြည်ညို ဦးတိုက် လိုက်ပါသည် ဘုရား။
လွန်ခဲ့သော နှစ်(၂၀)ကာလမှသည် ရဟန်းရှင် လူ ကျောင်းသား သူငယ် အသက်ပေါင်းများစွာကိုလည်း စတေးပေးဆပ် ခဲ့ပြီး မြန်မာပြည်အနှံ့  ထောင်များအတွင်း သေလုမြောပါး ယခုထိ ပေးဆပ်ထားပါသည် ဘုရား။
ယနေ့ ပြည်သူတို့ ၏ ဘ၀သည် စားရင်းလန့် လန့် ၊ သွားဆဲကြောက်ကြောက်၊ အိပ်မြဲဖြောင့်ဖြောင့် မရှိရသေးပါ ဘုရား။ ငတ်တလှည့် ပြတ်တချက် ကျွန်အသက်ဖြင့် အမှောင် အတိလောကထဲ ဒီမိုကရေစီ ရောင်ခြည်နုလေး ထောင်အုတ်ရိုး ကြားက မြင်ရနိုးနိုး၊ ဒေါနတောင်တန်းတဖက်က ထွက်လာ နိုးနိုး၊ သမုဒ္ဒရာ တဖက်ဆီမှ ရောင်ပြန်ဟတ်တော့ နိုးနိုးနဲ့  သေမည့်ရက်ကိုသာ စောင့်ဆိုင်းနေရပါတော့သည် ဘုရား။
တပည့်တော်တို့ ၏ သေးနုပ်သော ပိုးစုန်းကြူး အမြင်အရ … … …
သာသနာရောင်ဝါ နေလို လလို ထွန်းပြောင်ခဲ့သော အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်ကြီးသည် ယခုမှာ သူအို အလား အိုဇာလျှက်၊ သူနာကဲ့သို့  နစ်နာနေပါတယ် ဘုရား။ ၂၀၁၀ မှာ ဘ၀ကူးဖို့  သူသေအဖြစ်သို့  ရောက်ရှိ သင်္ဂြုလ် ခံရပါတော့မည်လောဟု ယုံမှား သံသယ ဖြစ်မိပါသည် ဘုရား။
တပည့်တော်တို့  ပြည်သူ ပြည်သား အပေါင်းတို့ သည် ဘုရားမှ တပါး ကိုးကွယ်စရာမရှိ၊ တရားမှ တပါး ယုံကြည်စရာ မရှိ၊ သံဃာမှ အခြား အားထားစရာ မရှိပါ ဘုရား။
စစ် ရာဇ၀တ်ကောင်၏ အာဏာကိုတွယ်ငြိသည့် တဏှာ၊ အမှန်ကိုမမြင်သော အ၀ိဇ္ဖာ လွန်ကျူးယွင်းမှားသော သင်္ခါရ တရားများ ယနေ့ မြန်မာပြည်၌ ချူပ်ဆုံး ခမ်းပျောက်စေဖို့  အရှင်ဘုရားတို့ ၏ ရဲရင့်သော မေတ္တာ တရား တည်ကြည် သော သမာဓိတရား ၊ ဖြူစင်သော သီလတရား၊ မြင့်မြတ်သော ဥာဏ်ပညာ အလင်းတို့ ဖြင့် မြန်မာပြည်သူ ပြည်သား အပေါင်းတို့ အပေါ် ကြရောက်လျှက်သော၊ ကြရောက်လတ္တံသော ယုတ်မာ ရက်စက်မှုများအား ဖယ်ရှားနိုင်ရန် တပည့်တော်များအား ဓမ္မစက် လမ်းမှန်ကိုသာ ညွန်ကြား ပြသပေးတော်မူပါ ဘုရား။
တပည့်တော်များ၏ အသွေး အသားများဖြစ်သော နောက်တက် မျိုးဆက်သစ် တို့ ၏ဘ၀ကို စစ်ဘီလူးကောင်များ၏ ကောက်ကျစ် စော်ကားမှုအောက်၌ မထားရက် ခဲ့လိုပါ ဘုရား။
တပည့်တော်တို့ အထွဋ်တက်၍ လျှောက်ထားလိုသည်မှာ ပတ္ထနိက္ကုဇ္ဈနကံ ဆောင်ရုံမျှထက်ပို၍ အခြားသောကံဆောင် ဖွယ်ရာများ ပိဋကတ်တော် ၀ိနည်းကျမ်းတို့ ၌ မရှိတော့လို့ များလား ဘုရား။
သာသနာတော် စည်ပင်ထွန်ကာားရေး၊ တန်းတူညီမျှသော ဒီမိုကရေစီ၊ မွေးရာပါ လူ့ အခွင့်အရေး၊ လွတ်လပ်ပြီး တရား မျှတသော နိုင်ငံ၊ စည်းကမ်းရှိသည့် လူ့ အဖွဲ့ အစည်း၊ ဖွံ့ ဖြိုးတိုးတက်မည့် ဖက်ဒရယ်ပြည်ထောင်စု … … ဖြစ်ပေါ်ရေး စသည်တို့ သည် ပြုကောင်လှပါသည် ဘုရား။
ဤ လျှောက်ထား တောင်းဆိုလွှာကိုဖြင့် လုံခြုံလွတ်မြောက်သောနယ်မြေ ရုပ်သံလွှင့် ဌာနများမှ တဆင့် ရဲရဲတောက် လျှောက်ထားခွင့် မသာသော်လည်း အသေခံဗုံးခွဲ ရသူပမာ အင်တာနက် ကဖေးမှ ဤစာတမ်းဖြင့် ပူဇော်လိုက်ရပါသည် ဘုရား။

၂၀၀၈ မျိုးဆက်သစ်များ


0 comments: