Thursday, October 2, 2008

အတည်မပြုရသေးတဲ့ သတင်းတိုထွာ

ဖိုးဂျံ

အောက်တိုဘာ ၁၊ ၂၀၀၈

သတင်းကို အမြန်ရေး၊ ပြီးတော့ အမြန်အီးမေးနဲ့ ကပ်အင်ပေ့စ် လုပ်ရတယ်။ အဆင်ပြေက သုံးပါ။ လက်ရေး သည်းခံပါပေါ့ဗျာ။

(၁) စစ်ကြောရေးမှာ ကြားရသမျှ - ဖမ်းထားတဲ့သူတွေ ၂၀၀၇ စက်တင်ဘာကစလို့ အခု ၂၀၀၈ မေ အရေးအခင်းအထိ စစ်ကြောရေး ခဏခဏ ထုတ်တယ်။ မေးတယ်။ ပြီးတော့ သူတို့က ပြောသေးတယ်၊ သူတို့ အကုန်သိပြီးသား၊ သေချာအောင် ထပ်မေးတာတဲ့။ အမှုတွေမှာက စွဲချက်တွေက မပြီးစီးနိုင်သေး။ ပြက်လုံး တခုမှာ - အီးမေးကနေ ပြည်ပနဲ့ ဆက်သွယ်တယ်လို့ စစ်ကြောရေးက စွဲတယ်။ အဖမ်းခံထားရသူက အီးမေးသုံးတာမဟုတ်၊ ဂျီမေးပဲ သုံးဘူးတယ်လို့ ငြင်းတော့၊ မျက်စိလည်ပြီး အထက်ကို ပြန်တင်ပြနေတာ ၄၊ ၅၊ ၆ ရက် ကြာသွားတယ် … တဲ့။

(၂) တရားခွင်မှာ ကြားရသမျှ - အမှုစွဲတဲ့သူတွေက ရဲအရာရှိတွေဖြစ်ပါတယ်။ သူတို့က တရားလိုအဖြစ်နဲ့ပါ။ ပြီးတော့ တရားရုံးချိန်းကို ပျက်ကွက်တာလည်း သူတို့ပါပဲ။ မတရားဖမ်းဆီးခံရသူတွေက ထောင်ထဲက တရားရုံးကို မပျက်မကွက် လာရောက်ရပါတယ်။ အချုပ်အနှောင်တွေ ကြားထဲကတောင် သူတို့တရားခွင်တွေအရောက်လာရပေမယ့် ရဲအရာရှိတွေ၊ ဆွဲချတွေက မလာနိုင်လို့ အမှုတွေ ကြန့်ကြာရပါတယ်။ ပြီးတော့ စစ်အာဏာပိုင်တွေက ရာထူးတွေ အဆင့်ဆင့် တိုးပေးမယ်လို့လဲ မက်လုံးတွေ ပေးထားသေးသတဲ့။

(၃) စစ်တွေက ရဲရဲတောက် သံဃာတော်များ - စက်တင်ဘာ ၃၀ မှာလည်း စစ်အာဏာပိုင်တွေနဲ့ စစ်တွေက သပိတ်မှောက်သံဃာတွေကြား တင်းမာမှုတွေ ဆက်ရှိနေဆဲ။ ကိုလိုနီခေတ် သံဃာအာဇာနည် ဦးဥတ္တမရဲ့ ခြေရာကို နင်းကြသူ သံဃာတွေအဖြစ် လူထုက အားပေးထောက်ခံနေကြတာကြောင့် ဦးဥတ္တမရဲ့ သမိုင်းအထောက်အထားတွေကို ဖျောက်ဖျက်ပစ်ရမယ်လို့ စစ်အာဏာပိုင်တွေက ဆောင်ရွက်နေကြောင်း ကြားရ။ ဒီတခါ လာတဲ့ တဘောင်က (ကောလဟာလ ဆိုဆို) "ပုစဉ်း ကောင်းကင်ယံ ပျံတက်၊ မင်းဆိုး ပျက်" ဆိုပဲ။ ဦးပဇင်းတွေ ချီတက်လာတာ မမြင်ရခင်မှာ ပုစဉ်းတွေလည်း ကျိုင်းကောင်တွေ ကျသလို ကျလေမှာလား ပြောနေကြကြောင်းပါ။

(၄) ဦးဝင်းတင်သတင်းကို သတင်းစာထက်ပို မပြောရ၊ မဖော်ပြရ - ဦးဝင်းတင် လွတ်မြောက်လာတဲ့သတင်းကို ဂျာနယ်များတွင် ဖော်ပြတဲ့နေရာမှာ မြန်မာ့သတင်းစာက ဖော်ပြတာထက် ပိုပိုသာသာ ဖော်ပြရင် အရေးယူဖို့ နေပြည်တော်က ညွန်ကြားချက်ထုတ်ထားတယ် ဆိုပါတယ်။ ဘယ်သူတွေ အရေးယူခံရမယ်ဆိုတာ နောက်တော့ ပြောပါ့မယ်။

(၅) အစိုးရက မီဒီယာကို ဘာနဲ့ တိုက်မှာလဲ - အတည်မပြုရသေးတဲ့ သတင်းတွေအဆိုအရ ပြည်ပက ၀က်ဆိုက်တွေကို ကောလဟာလတွေ၊ သတင်းမှားတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ သတင်းစာ ဆောင်းပါးတွေ၊ အီးမေးတွေ၊ စစ်တပ်အလိုတော်ရိ ဘလောက်တွေ၊ စီဘောက်စ်တွေနဲ့ တိုက်နေတယ်လို့ ပြည်တွင်းက ကြားနေရပါတယ်။ အခု ဟက်ကာတွေနဲ့ပါ တိုက်နေတယ် ဆိုလား။

(၆) ကျောက်မြောင်းက အင်တာနက်ကဖေးကို ရှောင်တခင် စစ်ဆေး - "ဟိတ် ကီးဘုတ်ပေါ်က မင်းတို့လက်တွေ ချထားလိုက်" ဆိုပြီး စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုလို အော်ပြီး စစ်အစိုးရရဲ့ လူတွေက ၀င်စစ်ခဲ့ပါတယ်။ ကွန်ပျူတာ မျက်နှာပေါ်က သွားလက်စ တန်းလန်း ၀က်ဆိုက်များကို လိုက်လံ စစ်ဆေးတယ်လို့ ဆိုပါတယ်။ ဆိုင်က ၀န်ထမ်းတွေကတော့ စားသုံးသူတွေအတွက် မျက်နှာပူကြရတယ်လို့ ပြောပါတယ်။

သတင်းတွေကို အတည်မပြုနိုင်သေးပါ။ အတည်မပြုနိုင်တဲ့ သတင်းများပေါ့ဗျာ။ အချိန်ကလည်း မရှိ၊ အင်တာနက်ကလည်း နှေး၊ နောက်စေ့နဲ့လည်း ကျောဖက်ကလူကို ချောင်းကြည့်လို့မရ။ ဓာတ်ပုံရိုက်ရင် လိုက်ဖမ်းတယ်ကြားတော့ ဆိုင်ကိုလာရတာ လူရယ် လက်ရယ်ပဲ လာနိုင်တယ်။


0 comments: