Monday, October 6, 2008

ဝင်သက်ထွက်သက်များ … အမြဲ ငါကြည့်နေတယ် … ရန်ကုန်



ဝင်သက်ထွက်သက်များ … အမြဲ ငါကြည့်နေတယ် … ရန်ကုန်

ညွန့်ထွေး

အောက်တိုဘာ ၆၊ ၂၀၀၈
ရန်ကုန်ရဲ့ မွန်းကြပ်မှုတွေ၊ ပြည်သူတွေရဲ့ နေ့တဓူဝ ဒုက္ခတွေကို သတင်းပို့ရတာ၊ သတင်းရေးရတာကို ငြီးငွေ့လှပြီလို့ သတင်းသမားတယောက်က ပြောပါတယ်။ ပြည်သူတွေ ပျော်တာကို ကလေးသူငယ်တွေ ပြုံးပျော်တာ သတင်းရေးချင်လှပြီလို့ သူက ဆက်ပြောပါတယ်။ ဟုတ်ပါတယ်။

“ကျနော်တို့မှာက ဆင်းရဲမွန်းကြပ်တဲ့ သတင်း၊ မတရားမှုတွေ၊ အဓမ္မမှုတွေကို ဖော်ထုတ်တဲ့သတင်းတွေကို ကိုယ့်ဖာသာ အရင်မြိုချရတယ်၊ ကိုယ်က အဆင်ပြေလောက်မယ်ထင်တဲ့ သတင်းကို ရေးပြီး တင်လိုက်ပေမယ့် အဆင့်ဆင့် ဖြတ်ရတယ် မဟုတ်လား။ အခန့်မသင့်ရင် ကိုယ့်အပေါ်က အကြီးတန်း သတင်းထောက်က သတင်းကို မြိုချလိုက်တယ်။ လွတ်သွားခဲ့လို့ ဆက်သွားရင် အယ်ဒီတာက မြိုချလိုက်တယ်။ ပြီးမှ စာပေစိစစ်ရေးကို ရောက်တယ်။ မြိုချခံလိုက်ရတဲ့သတင်းတွေ မဟုတ်ဘဲနဲ့တောင် စိစစ်ရေးက ပယ်ချလိုက်ရင် စာဖတ်သူတွေဆီ ရောက်တဲ့ သတင်းက ဘယ်လိုသတင်းမျိုးလေလဲ …” သတင်းသမားတယောက်က ပြောလိုက်တာ ဖြစ်ပါတယ်။

နံနက်ခင်း အရုံဦးစမှာ ဈေးသည်တွေ၊ အလုပ်သမားတွေနဲ့ ငိုက်မြည်းးနေတဲ့ ဘတ်စကားတွေပေါ်မှာလည်း သတင်းထောက်တွေ သတင်းမပို့လိုက်ရဘဲ မြိုချလိုက်ရတဲ့ သတင်းတွေ အများကြီးပဲ။ ဒါကို ကျနော်တို့ သတင်းပို့ပေးချင်ပါတယ်။

မနက်ခင်းမှာ ဈေးသည်တွေက ရေဒီယိုကလေးတွေနဲ့ သတင်းလေးဖမ်း၊ နားထောင်၊ နီးစပ်ရာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြီး ခရီးသွားချိန်တွေမှာ အပူအပင်တွေကို ခေတ္တခဏ မေ့ပြီး နေထိုင်ချင့်ကြပေမယ့် အခုတော့ သူတို့တွေရဲ့ မနက်ခင်းများလည်း အကန့်အသတ်တွေ ရှိသွားပြီ ဖြစ်ပါတယ်။

“တနေ့က ဘတ်စကားတစီးမှာ ကုန်ဈေးနှုန်းအကြောင်း ပြောပြီး ဝေဖန်လို့ဆိုပြီး အဲဒီ ဈေးသည်ကို ရဲစခန်းခေါ်သွားတယ် တဲ့ဗျ။ အဲဒီ သတင်းက ဒီမနက်မှာ ကျနော်တို့ ဈေးကားတွေမှာ တောမီးလောင်သလို ပြန့်သွားတာ …”

သတင်းထောက် တယောက်ကို ဈေးသမားတဦးက ဈေးကားပေါ် အတူစီးကြရင်း ရင်ဖွင့်သွားတာပါ။ မနက်အစောကြီး ထလာရသူ ဈေးသမားခင်ဗျာ စားဝတ်နေရေးကိစ္စအပြင် သည်စိတ်ရှုပ်စရာကိစ္စကို တအံ့တသြ ဖြစ်နေပုံရပါတယ်။

“မနက်ဆိုရင် ရေဒီယိုနားထောင်တဲ့သူလည်းပါတယ်။ သီချင်းနားထောင်တဲ့သူတွေလည်း ရှိတယ်။ သတင်းတွေကို ကြားသမျှ ဝေမျှပြော၊ ထင်ရာ မြင်ရာ ပြောနေတဲ့ သူတွေလည်း ပါတာပဲ။ ဒီအချိန်လေးမှာ ကျနော်တို့က လွတ်လွတ်လပ်လပ်နေကြတဲ့ အချိန်လို သဘောထားတာ။ အခုတော့ ကျနော်တို့ လန့်သွားတယ်။ မနက်ဈေးကားတွေမှာ ခါးပိုက်နှိုက်တို့ သူခိုးတို့မှ မပါတာဗျာ။ ဒီကားကြီးတွေကိုလည်း ဘယ်အကြမ်းဖက်သမားကမှ ဗုံးဖောက်ဖို့ မရှိဘူး ထင်တာပါပဲနော်။ အခုတော့ ရဲတွေ သတင်းပေးတွေက ကျနော်တို့ ဈေးကားပေါ် ပါလာပြီတဲ့ဗျာ”

သူက စိတ်ထဲရှိတာ ပြောလိုက်ပါတယ်။

ဘတ်စကားပေါ်က ထွေရာလေးပါး စကားတွေကိုပါ စစ်အစိုးရက အရေးတယူ လုပ်လာတယ်။ ဒါမှမဟုတ် စစ်အစိုးရ နောက်လိုက် ရဲတွေ၊ သတင်းပေးတွေ၊ အလိုတော်ရိတွေက အရေးတယူလုပ်လာတယ်။ ပြီးတော့ ခရီးသည်တွေကို အကြမ်းဖက်ပြီး အာဏာတွေ၊ ပါဝါတွေ ပြပြီး ခြိန်းခြောက်တာ၊ စော်ကားတာတွေ လုပ်လာတယ် ဆိုတာက သတင်းတပုဒ်ပါပဲ။ ဒါ့အပြင် စစ်အစိုးရရဲ့ မတရား အုပ်ချုပ်မှုအောက်က ပြည်သူတွေမှာ ဘယ်လောက်တောင်မှ လွတ်လပ်မှု ကင်းမဲ့နေရပြီ၊ ဘယ်လောက်တောင်မှ တဦးကို တဦး သံသယစိတ်တွေနဲ့ ချစ်ခင်စည်းရုံးမှုတွေ ဆင်းရဲနေပြီ ဆိုတာကိုပါ တပါတည်း စဉ်းစားခန်းဖွင့်စရာ ဖြစ်လာပါတယ်။

နေ့ခင်းဘက် ဘတ်စကားစီးနေသူ ၀န်ထမ်းကတော့ သူ့အမြင်ကို ဒီလိုပြောပြပါတယ်။

“ကားစီးတယ် ဆိုတာက နီးစပ်ရာ မိတ်ဖွဲ့ပြီး စီးတာမျိုးလေ။ အိမ်ရှင်မတွေက ကုန်ဈေးနှုန်းအကြောင်း၊ ငွေရှာတာ မလောက်တဲ့အကြောင်း၊ သက်ကြီးပိုင်းတွေက နိုင်ငံရေးကလေးတွေ၊ ရပ်ကွက်က လူကြီးတွေက ဘယ့်နှယ့် ညာနှယ့်ပေါ့။ ဥပမာ - အောင်ကြည်နဲ့ ဒေါ်စု တွေ့ဦးမယ် ဆိုတာမျိုး၊။ ယောကျားင်္ပရိသတ်ကတော့ ဘောလုံးပွဲတွေ အကြောင်း၊ ဟိုသတင်း၊ ဒီသတင်း။ လမ်းမှာ ယာဉ်ထိန်းရဲက ငွေစားနေတာ၊ ခွင်ဖန်နေတာတွေကို တွေ့နေရရင်၊ စပယ်ယာက ပြေးပြီး ပိုက်ဆံတွေ သွားထည့်ပေးနေရရင် နီးစပ်ရာ လက်ကုတ်ပြီး ဝေဖန်တဲ့စကား၊ ပြစ်တင်တဲ့ စကားလိုမျိုးက ပြောနေကြ မဟုတ်လားဗျာ။ ဘတ်စကားစီးတာက ရန်ဖြစ်ဖို့၊ ရန်ရှာဖို့ စီးကြတာ မဟုတ်ဘူးလို့ ထင်တာပဲ။ သိပ်အပေါက်ဆိုးတဲ့ စပယ်ယာတွေ၊ ကြမ်းတဲ့ ဒရိုင်ဘာတွေကတော့ တမျိုးပေါ့နော်။ ခရီးသွားတဲ့ ခရီသည်တွေဟာ မိတ်ဆွေတွေချည်းပဲ ရှိသင့်တာပေါ့နော်။”

သူပြောသွားတဲ့ ပုံစံက ဘတ်စကားစီးတဲ့ အနုပညာတခုလိုပါပဲ။ တစိမ်းတရံစာများနဲ့ မိတ်ဆွေအဖြစ် အဖော်ပြုပြီး ခရီးသွားချင်တဲ့ ပုံစံ ဖြစ်ပါတယ်။ အခုဟာကတော့ မြန်မာပြည်သူတွေက ပြည်သူအချင်းချင်း တနိုင်ငံတည်းသားအချင်းချင်း မိတ်ဆွေ အဖြစ် ခရီးမသွားရဘဲ သံသယရဲ့ သားကောင်တွေ အဖြစ် ခရီးသွားနေရသလိုမျိုး ဖြစ်နေပါတယ်။

ဒီသတင်းကို သတင်းအနေနဲ့လည်း အမြန်ရေးပြီး ပို့မယ့်အစား သူတို့ အမြင်တွေ၊ ကိုယ့်အမြင်တွေကို မြိုမချတော့ဘဲ ဖွင့်ပြီး ရေးပေးလိုက်ပါတယ်။ ကျော်ဟိန်း … ပြီးတော့ ချစ်ကောင်း ဆိုခဲ့တဲ့ “၀င်သက် ထွက်သက်များ” သီချင်းကို ပြန်ဖွင့်ကြည့်ပါ။ သူဆိုထားပါတယ်။ မင်းရဲ့ ခြေလှမ်းတွေ၊ ၀င်သက် ထွက်သက်တွေက အစ … အမြဲ ငါ ကြည့်နေတယ် … တဲ့။ အဲဒီလိုမျိုးနဲ့ ရန်ကုန် …


0 comments: