Friday, September 5, 2008

သန်လျင်ဘုန်းကြီးကျောင်းကိုဝင်ရောက်စီးနင်း၊ ကျောင်းထိုင်ဆရာတော်ကိုဖမ်း

ပီတာအောင်/ ၅ စက်တင်ဘာ ၂၀၀၈။ ။

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ မာလာရုံကျောင်းတိုက်ကို ယနေ့နံနက် အစောပိုင်း (၂) နာရီခန့်၌ အာဏာပိုင်များက ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသ သက်တော် (၅၈) နှစ်ကို ဖမ်းဆီး သွားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီက ကြေညာသည်။

စစ်ထောက်လှမ်းရေးဟု ယူဆရသူ (၂၃) ဦးတို့က မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီပိုင် ဒိုင်နာကား (၁) စီးနှင့် ပစ်ကပ်ကား (၂) စီးတို့ဖြင့် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေ တဦး၏ ပြောဆိုချက်ကို ကိုးကား၍ အေအေပီပီ-ဘီ ကြေညာချက်၌ ရေးသည်။

အေအေပီပီ-ဘီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ဘုန်းကြီးတွေကို မှောက်ခိုင်းထားတယ်။ မိနစ် (၄၀) လောက် ကြာတယ်လို့ ကျနော်တို့ သိရတယ်။ ပြီးတဲ့အခါကျတော့ ဆရာတော်ကိုဖမ်းသွားတယ်။ အဲဒီကျောင်းမှာ သံဃာ (၁၇) ပါး သီတင်းသုံးတယ်။ ကျန်တဲ့ (၁၆) ပါးကို အပြင်ကို မထွက်နဲ့လို့ပြောတယ်။ အဲတော့ ဘုန်းကြီးတွေက ဆွမ်းခံလည်းမထွက်ရဘဲ နေနေရတယ်။ အဲလိုမျိုး အုံလိုက်ကျင်းလိုက် ကား (၃) စီးနဲ့ ၀င်ရောက်စီးနင်းတယ် ဆိုတဲ့ကိစ္စမျိုး၊ ဘုန်းကြီးကျောင်းတကျောင်းကို ညသန်းခေါင်ကျော်ဝင်ရောက် စီးနင်းတယ်ဆိုတာ ရုပ်ပျက် လွန်းအားကြီးတယ်။ ဘာသာရေးကို တော်တော်ကို စော်ကားလွန်းတဲ့ကိစ္စတခုဖြစ်တယ်” ဟု ပြောသည်။

ဝင်ရောက်ဖမ်းဆီးရသည့်အကြောင်းရင်းကို မသိရသေးသော်လည်း စက်တင်ဘာအရေး အခင်း နှစ်ပတ်လည် နီးလာချိန်ဖြစ်၍ မေးမြန်းစစ်ဆေးရန် ခေါ်ဆိုသွားခြင်းဖြစ်နိုင်ကြောင်း၊ ဆရာတော်အား မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း သိရှိနိုင်ရန် ဘုန်းကြီးကျောင်းမှ ဒကာများက သန်လျင်ရဲစခန်းသို့ သွားရောက်စုံစမ်းခဲ့ သော်လည်း ရဲက ၎င်းတို့ဖမ်းဆီးခြင်းမဟုတ်ဟု ငြင်းဆိုကြောင်း အေအေပီပီ-ဘီက ပြောသည်။

ဝင်ရောက်စီးနင်းခံရသည့် မာလာရုံကျောင်းတိုက်သည် သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာ၌တည်ရှိပြီး ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့်၏ဇနီး ဒေါ်ခင်ဝင်းရွှေ ကိုးကွယ်သည့် ဘုန်းကြီးကျောင်းဖြစ်ကြောင်း လည်းသိရသည်။

By Komyo


0 comments: