မင်းဇင်| သြဂုတ် ၁၃၊ ၂၀၀၈
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတဦးဘ၀မှ သတင်းထောက်ဖြစ်လာသူ မင်းဇင်က သူ၏ ၈၈ အရေးတော်ပုံ အတွေ့အကြုံ များကို ပြန်လည်ဆင်ခြင်ဖော်ပြထားခြင်း ဖြစ်ပါသည်။
“၈ လေးလုံးလှုပ်ရှားမှုကြီး” ဟု လူသိများထင်ရှားလှသည့် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး စတင်ခဲ့သည်မှာ နှစ် ၂၀ တိုင်ခဲ့ပေပြီ။ ထို အရေးတော်ပုံကြီးတွင် တနိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနှင့် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေးအတွက် အုံကြွတောင်းဆိုခဲ့ကြသည်။
လူအများက ဤအရေးတော်ပုံကြီးကို တခဲနက်ထောက်ခံအားပေးကြပြီး အုပ်ချုပ်သူများအပေါ် မုန်းတီးခဲ့ကြ သော်လည်း အရေးတော်ပုံကြီးက ယခုတိုင် ပန်းတိုင်မရောက်နိုင်သေးဘဲ ဖြစ်နေသည်။
၈၈ အရေးတော်ပုံကြီးတွင် အသက်စွန့်လွှတ်ဆောင်ရွက်ခဲ့သူများရှိသကဲ့သို့ ယခုတိုင် တိုက်ပွဲအတွင်း စွမ်းစွမ်းတမန် ကိုယ် ကျိုးစွန့်၍ ရက်စက်ကြမ်းကြုတ်လှသော စစ်အာဏာရှင် အစိုးရကို ဆက်လက်အံတုနေကြသူများလည်း ရှိသည်။ အကယ်၍ မိမိတို့ကသာ အားနည်းချက်များကို သုံးသပ်ပြင်ဆင်၍ အောင်ပွဲကို အရယူပေးနိုင်ခဲ့ပါက စွန့်လွှတ်ပေးဆပ်ခဲ့သူများအတွက် အမှန်တကယ် မွန်မြတ်သည့် ကောင်းကျိုးပြုပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဤသို့ ဆောင်ရွက်နိုင်ရန်မှာ အတိတ်သမိုင်းကို ပြန်လည် ဆင်ခြင်သုံးသပ်ရန် လိုအပ်ပြီး သင်္ခန်းစာ ထုတ်ယူ တတ်ရန် လည်း လိုပေလိမ့်မည်။ သို့မှသာ အတိတ်ကအမှားများကို ပြန်ကျော့မိခြင်းမှ ကင်းပေလိမ့်မည်။ သို့သော်လည်း လှုပ်ရှား ဆောင်ရွက်နေသူ အများစုက “၈ လေးလုံးအရေးတော်ပုံကြီး” ကို စံပြုအပ်သည့် အောင်ပွဲကြီးအဖြစ် ထင်မှတ် နေကြပြီး နောက်တကြိမ် အရေးတော်ပုံတရပ် ထပ်ဖြစ်စေရန်လည်း လုံ့လဥဿဟ ထုတ်နေကြသည်။
ဤသို့စိတ်ကူးဆောင်ရွက်နေခြင်းသည် ဆန္ဒသက်သက်မျှသာဖြစ်ပြီး စနစ်တကျ ချမှတ် ဆောင်ရွက်နေသည့် မဟာ ဗျူဟာတရပ် မဟုတ်သည့် အချက်ကတော့ ဝမ်းနည်းဖွယ်ကောင်းလှသည်။
လူထုအုံကြွမှု အရေးတော်ပုံကြီး အရေးနိမ့်စေခဲ့သည့် အကြောင်းအချက်တရပ်မှာ အတိုက်အခံအင်အားစုများက “ပွဲသိမ်း” အောင်ပွဲကို ဖော်ဆောင်ပေးမည့် ဗျူဟာမြောက်ခေါင်းဆောင်မှုတရပ် မထူထောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဆန္ဒပြပွဲများက သြဂုတ်လကုန်ပိုင်းမှ စတင်လာခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့၊ စစ်အာဏာမသိမ်းမီ အထွဋ်အထိပ်သို့ ရောက်လာခဲ့သည်။ အစိုးရအုပ်ချုပ်ရေး ယန္တရားများကလည်း သွက်ချာပါဒလိုက်နေခဲ့ပြီ။ ထိုအချိန်တွင် အတိုက်အခံ အင်အားစုများ၏ ခေါင်းဆောင်မှုအပိုင်းက အာဏာလစ်ဟာမှုကို ဖြည့်ဆည်းနေရာယူ ဦးဆောင်မှု မပြုနိုင် ခဲ့ကြဘဲ ပျက်ကွက်ခဲ့သည်။ အတိုက်အခံခေါင်းဆောင်များက အချင်းချင်းညီညွတ်မှု မရယူနိုင်ကြသလို အစိုးရပြောင်းလဲရေး အတွက်ဖြစ်စေ၊ ဆွေးနွေးညှိနှိုင်း၍ အသွင်ကူးပြောင်းရေးဖန်တီးရန်အတွက်ဖြစ်စေ အခြေအနေများ မဖန်တီးနိုင်ခဲ့ကြပေ။ ထို့ကြောင့်လည်း အခွင့်အလမ်းများ လက်လွတ်ခဲ့ကြရသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ၀န်ကြီးချုပ်ဟောင်းဦးနုက စင်ပြိုင်အစိုးရဖွဲ့စည်းမည်ဟု ကြံစည်ခဲ့ပြီး ရန်ကုန်ရှိ နိုင်ငံခြားအစိုးရသံရုံးများသို့ အသိအမှတ်ပြုရန် ဆက်သွယ်ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားအတိုက်အခံခေါင်းဆောင်များက ဦးနု၏ နောက်မှ ရပ်တည်ပေးရန် ပျက်ကွက်ခဲ့ကြသည်။
ထိုအချိန်တွင် တိုင်းပြည်ကိုအုပ်ချုပ်နေသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက ဤသို့စိန်ခေါ်လာမှု၏ ထိရောက်နိုင်မှု အတိုင်းအဆကို တွက်ဆမိခဲ့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပရန်လျာထားသည့် ပါတီအရေးပေါ်ညီလာခံကို ချက်ချင်းပြင်ဆင်ခေါ်ယူခဲ့ပြီး စက် တင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပါတီစုံစနစ်အောက်တွင် ၃-လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေး ရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြပြီး ဦးနု၏ ဗျူဟာမြောက်လှုပ်ရှားမှုကို ပြန်လည်ထိုးစစ်ဆင် တုံ့ပြန်မှု ပြုခဲ့သည်။
စစ်တပ် တပ်မှူးများကိုလည်း ပါတီတာဝန်များမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ သည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က လွတ်လပ်၍ တရားမျှတ သည့် ပါတီစုံရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကတိပေးလာခဲ့သည်။ ဤသည်မှာ အစိုးရဘက်က အကြီးအကျယ် တန်ပြန် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အတိုက်အခံများက ထိုအချက်ကို မဟာဗျူဟာမြောက် အခွင့်အလမ်းအဖြစ် သတ်မှတ် အရယူရန် ပျက်ကွက်ခဲ့ပြန်သည်။ ထိုအချိန်က ယေဘုယျအားဖြင့် လူအများက ကြားဖြတ်အစိုးရကိုတောင်းဆိုနေခဲ့ကြပြီး နိုင်ငံရေး အခြေအနေကလည်း ရှေ့မတိုးနောက်မဆုတ်သာ လမ်းပိတ်သည့် အခြေအနေဆိုက်ခဲ့ရတော့သည်။
ရက်ရှည်ကြာလာသည့် လမ်းမပေါ်ဆန္ဒပြပွဲများကြောင့် လူအများ ပင်ပန်းကာ စိတ်ပျက်အားလျော့မှုများ စတင် ဖြစ်ပေါ် လာကြသည်။ တပြိုင်တည်းမှာပင် အာဏာပိုင်များ၊ ၎င်းတို့၏ သူလျှိုဒလံ သတင်းပေးများ နှင့်လည်း အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိလာခဲ့ကြသည်။
အတိုက်အခံများက နိုင်ငံရေးလမ်းပိတ်ကြီးကို မဖွင့်နိုင်သည့်အချိန်တွင် အုပ်ချုပ်သူများအဖို့ အာဏာ ပြန်လည်ထိန်းချုပ်ရေး အတွက် အချိန်နှင့် အကြောင်းပြချက်များ ရလာခဲ့သည်။ ယခင်က အုပ်ချုပ်သူအင်အားစုများအတွင်း မဆုံးဖြတ်နိုင်ဘဲ အခြေအနေကို စောင့်ကြည့်နေကြသည့် အနေအထားမှ သပိတ်များကို အလျင်အမြန် အဆုံးသတ်စေရန် ချေမှုန်းရေးများ စတင်ဖို့ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် စစ်တပ်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းခဲ့တော့သည်။
စစ်တပ်က ၁၈ ရက်နေ့ညတွင် ဆန္ဒပြသူများကို စတင်ပစ်ခတ်သည့်အခါ မိမိက ရန်ကုန်ရှိ အထက်တန်း ကျောင်းသား တရာ ကျော်နှင့်အတူ အစာအငတ်ခံဆန္ဒပြနေဆဲ ဖြစ်သည်။ နောက်ပိုင်းရက်များတွင် မိမိကိုယ်တိုင် သဲသဲမဲမဲ ပစ်ခတ်နေမှုကြားမှ အသက်စွန့် ပြေးလွှားနေရသည်ကို ကြုံရတော့သည်။ ကျောင်းသားများ သတ်ဖြတ်ခံကြရသည်ကို လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။ လွတ်လပ်သည့်သတင်းဌာနများ၏ ခန့်မှန်းချက်အရ ၁၉၈၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများအတွင်း အနည်းဆုံးလူပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆို၏။
အကြမ်းဖက်ဖြိုခွင်း ချေမှုန်းမှုကြီး ကြုံလိုက်ရပြီးသည့်နောက်တွင် မိမိကိုယ်တိုင် အံ့သြတုန်လှုပ်နေမိသည်။ မည်သို့ဖြစ်ပျက် ခဲ့သည်ကို အစကောက်၍ အပြင်းအထန် ဉာဏ်မီသမျှ ပြန်တွေးသည်။ မိမိတို့ ဆန္ဒပြသူများက အမှန်တရားနှင့် တရား မျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး လူထုတရပ်လုံးကလည်း မိမိတို့ဘက်က ထောက်ခံအားပေးခဲ့ကြသည့် တိုင်အောင် မည်သည့်အတွက်ကြောင့် ဤအရေးဆိုက်ခဲ့ရသနည်း ဆိုသည့်အချက်က... စဉ်းစားစရာ ဖြစ်လာခဲ့ရသည်။
ဤသည်မှာ မတရားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ရန် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ပူးပေါင်း ပါဝင်ခဲ့သည့် ၁၄-နှစ် အရွယ် ကျောင်းသားလေးတဦး၏ မေးခွန်းမျှသာ ဖြစ်သည်။
အချိန်ရလာသည်နှင့်အမျှ မိမိ ရှုပ်ထွေးနေခဲ့သည့် ကိစ္စများအပေါ် ပြန်သုံးသပ်နိုင်ခဲ့သည်။ အထူးသဖြင့် ဖမ်းဆီး မခံရရန် ရှောင်တိမ်းပြေးလွှား ပုန်းအောင်းနေရသည့် ၉-နှစ်တာ ကာလအတွင်း ပြန်၍ စိစိစစ်စစ် တွေးမိခဲ့သည်။ အမှန်တရား သက်သက်နှင့် အောင်ပွဲကို မဆောင်ကျဉ်းနိုင်မှန်း သဘောပေါက်လာခဲ့ရသည်။ နိုင်ငံရေးသမားများအနေနှင့် အမှန်တရား တခုတည်းအပေါ် ရပ်တည်သဖြင့် အောင်မြင်သူများရှိသလို ဆုံးရှုံးခဲ့သူများလည်း ရှိကြောင်း ခွဲခြားသိမြင်ရန် လိုအပ်ပါသည်။ ထိုမျှမက မဟာဗျူဟာအရေးပါပုံကိုလည်း လေးလေးနက်နက် စဉ်းစားကြရန် လိုအပ်ပါလိမ့်မည်။
ဧရာဝတီမဂ္ဂဇင်းအတွက် ၂၀၀၀ ပြည့်နှစ် ဧပြီလတွင် ရေးခဲ့သည့် ဆောင်းပါးတပုဒ်တွင် မိမိက “သင်၏ အနာဂတ်ကို လက်တွေ့ ကျကျ ဖြစ်မြောက်အောင် ဖန်တီးလိုပါက အမှန်တရားနှင့် တရားမျှတမှု သင့်ဖက်တွင် ရှိရုံမျှနှင့် မလုံလောက် ကြောင်း သမိုင်းက သက်သေပြသခဲ့ပြီ။ အမှန်ဘက်တွင် ရပ်တည်နေသည်ဆိုပြီး ကျေနပ်ကာ မိမိ၏ ရည်မှန်းချက်များ အတွက် ထိရောက်သည့် ဗျူဟာချမှတ် မကျင့်သုံးလျင် အောင်မြင်မှု နည်းပေလိမ့်မည်” ဟု ဖော်ပြရေးသားခဲ့ဖူးသည်။
ယနေ့ကာလတိုင် မိမိယုံကြည်နေခဲ့သည်မှာ မြန်မာအတိုက်အခံများအတွင်း “ပွဲသိမ်းဗျူဟာ” လုံးဝ မရှိ ဟူသည့် အချက်ဖြစ်သည်။ ဤသို့ ဗျူဟာမဲ့နေသည့် အနေအထားကို ပြီးခဲ့သည့်နှစ် စက်တင်ဘာ ဆန္ဒပြပွဲများတွင်လည်း တဖန်တွေ့ခဲ့ကြရပြန်သည်။
ထောင်ပေါင်းများစွာသော သံဃာများဦးဆောင်ထွက်လာခဲ့ကြသည့် ဆန္ဒပြပွဲများက မြို့ကြီးတချို့တွင် ဖြစ်ပွားခဲ့သည်။ သံဃာများက မေတ္တာသုတ်ကိုရွတ်၍ နိုင်ငံအတွက် ငြိမ်းချမ်းရေးကို ဆုတောင်းခဲ့ကြရာ ကျောင်းသားများနှင့် လူထု ပူးပေါင်းပါဝင်လာခဲ့ကြပြီး ရန်ကုန်တွင်ပင် ဆန္ဒပြသူအရေအတွက် ၂ သိန်းကျော်အထိ တိုးတက်များပြားလာခဲ့သည်။
ဤလှုပ်ရှားမှုက အမျိုးသား ရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးကို တောင်းဆိုသော်လည်း သူတို့၏ မေတ္တာက နေပြည်တော်အထိ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မလွှမ်းခြုံနိုင်ခဲ့ပါ။ ဆိုလိုသည်က ကြားခံများဖြစ်သည့် တရုတ်နိုင်ငံမှ တဆင့်သော်လည်းကောင်း ကုလသမဂ္ဂမှ တဆင့်သော်လည်းကောင်း ပြောကြား နိုင်ခြင်း မရှိပါ။
ဤဆန္ဒပြတောင်းဆိုသူများ၏ အသံကို ပြည်ပ မြန်မာသတင်းမီဒီယာများမှ တဆင့်သာ ကြားကြရသည်။ ထိုသတင်းဌာန များတွင်ပင် အတိုက်အခံခေါင်းဆောင်များက ရဲရဲတောက်မိန့်ခွန်းများပြောသည်။ တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်ကြသည်၊ ထုတ်ပြန်ကြေညာချက်များ ပြုခဲ့ကြသည်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဆန္ဒပြသူများနှင့် စစ်အစိုးရအကြား ကွာဟနေသည့် ချောက်ကမ်းပါးကို ပေါင်းကူးသဖွယ် တံတားထိုးရန် ကြိုးပမ်းရမည့်အစား ဆန္ဒပြပွဲများတွင် ပူးပေါင်းခဲ့သည်။ ကုလသမဂ္ဂက နောက်ဆုံးတွင် ၀င်ရောက်လာခဲ့ပါသည်။ လူအများ အသက်ဆုံးရှုံးရပြီး နောက်ကျပြီးမှ ကုလအထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာပြည်သို့ စေလွှတ်နိုင်ခဲ့သည်။
သို့သော်လည်း မြန်မာအတိုက်အခံ ခေါင်းဆောင်များက လူထုအုံကြွမှု ဖြစ်ပွားရန် အစဉ်သဖြင့် စိတ်အားထက်သန်နေဆဲ ဖြစ်သည်။ လူထုအုံကြွမှုများ အထွတ်အထိပ်ရောက်ပြီးသော်လည်း ၎င်းတို့မျှော်မှန်းထားသည့် ရလဒ်ကို ဆုပ်ကိုင်ရယူရန် ပျက်ကွက်ခဲ့သည့်တိုင် လူထုအုံကြွမှုကို မျှော်လင့်နေကြဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ နည်းလမ်း (လူထုအုံကြွမှု) နှင့် နိဂုံး ရလဒ် (အောင်ပွဲ) ကို မသဲကွဲရှုပ်ထွေးနေကြ ပုံရပါသည်။
၈ လေးလုံးအရေးတော်ပုံ မှသည် ပြီးခဲ့သည့်နှစ် “ရွှေဝါရောင်တော်လှန်ရေး” တိုင် လူထုလှုပ်ရှားမှုများ၏ သဘောသဘာဝ ကို မြန်မာအတိုက်အခံများက သင်္ခန်းစာထုတ်ယူနိုင်ကြပုံ မရသေးဘဲ ယခင်ကကဲ့သို့ ဆက်လက်တကျော့ပြန် ပြုမူနေကြ ဆဲ ရှိသည်။
ခေါင်းမာလွန်းလှသည့် မြန်မာစစ်အစိုးရက အင်အားစုများအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ငြင်းဆန်နေသမျှ ကာလပတ်လုံး လူထုအုံကြွမှုကသာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် နောက်ဆုံးအဖြေထုတ်ပေး နိုင်ဖွယ်ရှိပါသည်။ လူထုဖိအားတခုတည်းကသာ ပိုနေမြဲ-ကျားနေမြဲ အခြေအနေ ပြောင်းလဲရန် စိမ်ခေါ်နိုင်ပါလိမ့်မည်။
လူထုလှုပ်ရှားမှုများ ဖြစ်လာသည်ထား အမှန်တကယ် နိုင်ငံရေးအခြေအနေ ပြောင်းလဲမှု ရှိ မရှိဆိုသည်ကတော့ အတိုက်အခံများ အနေနှင့် “ပွဲသိမ်းဗျူဟာ” ကို မည်မျှ ထိရောက်စွာ အသုံးချနိုင်မှု ရှိ မရှိ ဆိုသည့် အပေါ်မှာ မူတည်နေသည်။ ဤအချက်က “၈ လေးလုံး လူထုအရေးတော်ပုံ” အနှစ် ၂၀ ပြည့်ကာလတွင် မြန်မာအတိုက်အခံများ သင်္ခန်းစာ ထုတ်ယူသင့်သည့် ကိစ္စများထဲမှ တခုသာ ဖြစ်ပါသည်။ ။
မင်းဇင်ရေးသားသည့် Where’s the ‘End Game’ Strategy? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
မင်းဇင်သည် မြန်မာနိုင်ငံ ပြည်ပရှိ သတင်းထောက်တဦးဖြစ်သည်။ သူက ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ပြည်တွင်းတွင် ၉-နှစ်ကျော် ပုန်းအောင်းနေထိုင် လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ [Top]
ဧရာဝတီမှတင်ပြသည်။
Wednesday, August 13, 2008
ပျောက်ဆုံးခဲ့သော ပွဲသိမ်းဗျူဟာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment