Sunday, August 24, 2008

နအဖလက်ပါးစေများ၏ရိုင်းစိုင်းယုတ်မာမှုများ

ဇာနည်
တနင်္ဂနွေနေ့၊ သြဂုတ်လ 24 2008 01:33 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကို စစ်ထောက်လှမ်းရေး ဟု ယူဆရသူ တဦးက ရန်ရှာမှုကြောင့် ဒဏ်ရာများ ရရှိသွားသည်။

စနေနေ့ နေ့လည် ၁ နာရီခန့်က ပန်းဆိုးတန်းသို့ ဆံပင်ညှပ်ရန် အသွား (၃၈) လိုင်းကားပေါ်မှ အဆင်းတွင် သူ၏နောက်သို့ လိုက်ပါ စောင့်ကြည့်နေသောသူမှ ခြေထိုးလိုက်သောကြောင့် ကားပေါ်မှ ပြုတ်ကျကာ လက်ဝါးနှင့် ညာဖက် ဒူးခေါင်းတို့တွင် ပွန်းပဲ့ ဒဏ်ရာများ ရသွားခြင်း ဖြစ်သည်။

"သီတာဆိပ် မှတ်တိုင်ဖြစ်တာ။ ကားက ကြပ်နေတော့ အန်ကယ်က ကားပေါ်က ပြန်ဆင်းတာမှာ သူက ခြေထိုးခံလိုက်တာ။ အဲဒီမှာ ကားပေါ်က ပုံပျက်ပန်းပျက် မှောက်ရက် ပြုတ်ကျပြီး လက်ဖ၀ါး ကွဲသွားတယ်။ ညာဖက် ဒူးခိုက်မိပြီး အခု သိပ်ထောက်လို့ မရဘူး။ အရိုးတော့ မကျိုးဘူး။ ခေါင်းမထိတာ တော်သေးတယ်" ဟု ဦးအေးသာအောင် က မဇ္ဈိမကို ပြောသည်။

ထိုသူမှာ အသက် ၂၀ ကျော်ဖြစ်ပြီး သူ၏ နောက်သို့ အမြဲ လိုက်နေသော သူဖြစ်ကာ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) မှ ဖြစ်မည်ဟု ယူဆရကြောင်း ဦးအေးသာအောင်က ပြောသည်။

ဤအဖြစ်နှင့် ပတ်သက်ပြီး ပုဇွန်တောင် ရဲစခန်းသို့ သွားရောက် တိုင်ကြားထားသည်။ ထိုသူမှာမူ ရဲစခန်း အ၀ အထိသာ လိုက်လာပြီး ပြန်ထွက်သွားသည်။

"သူက ပတ်ဝန်းကျင်မှာ ပြောတာတွေ ပြန်ကြားတယ်။ ဘာမှလည်း မဟုတ်ပဲ လျှောက်သွားနေတယ်။ အခုလို နောက်က လိုက်နေရတာကို မကျေနပ်ဖူး ဆိုတာတွေကို ပြောနေတာတွေ ရှိတယ်။ ဒါကြောင့် အခုလို လုပ်တာလို့ ထင်တယ်" ဟု ဦးအေးသာအောင်က ပြောသည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော သူ့အနေဖြင့် ကျန်းမာရေး မကောင်းသောကြောင့် ယခုရက်ပိုင်းအတွင်း ပါတီကိစ္စများ မလုပ်ဖြစ်ဘဲ လဖက်ရည်ဆိုင် သွားခြင်း ဈေးဝယ်ထွက်ခြင်းများသာ ရှိသည် ဟုဆိုသည်။

ဦးအေးသာအောင်မှာ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများမှ တိုင်းရင်းသား ကိုယ်စားလှယ်များ စုစည်းဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီတွင်လည်း အတွင်းရေးမှူး ဖြစ်သည်၊

စစ်အစိုးရ အတိုက်အခံ လှုပ်ရှားသူများကို အမည်မသိသူများမှ ကိုယ်ထိလက်ရောက် ပြုမူခြင်းများ ယခင်ကလည်း ရှိနေခဲ့ရာ ဇွန်လအတွင်းက မတ္တရာမြို့နယ်အမတ် ဦးသန်းလွင်ကို သံလက်သီးဖြင့် လူတဦးက ထိုးနှက်ခဲ့သည်။

ဧပြီလအတွင်းက ရန်ကုန်တိုင်း လှိုင်သာယာမြိုနယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးတင်ယု ရိုက်နှက်ခံရရာ မျက်နှာတွင် ၂၁ ချက် ချုပ်လိုက်ရသည်။

မတ်လ အတွင်း လူ့အခွင့်အရေး ပညာပေး အဖွဲ့ဝင် အသက် ၅၇ နှစ် အရွယ် ဦးမြင့်အေးမှာ ရိုက်နှက်ခံရ၍ ခေါင်းတွင် ဒဏ်ရာ ရခဲ့သေးသည်။ ထို့အတူ လှိုင်သာယာမြို့နယ် အဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်လှိုင်လည်း ချောင်းရိုက်ခံရသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ တက်ကြွလှုပ်ရှားသူများ ဖြစ်သော ကိုမိုးနေစိုးနှင့် ကိုဖုန်းကြီးတို့ အရိုက်ခံကြရသည်။


0 comments: