Wednesday, August 13, 2008

အလှူပြသော်လည်း မရဟု သံဃာတော်များ အမိန့်ရှိ

မင်းနိုင်သူ/ ၁၃ သြဂုတ် ၂၀၀၈
line


နအဖစစ်အစိုးရက ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များတွင် ဆွမ်းဆန်စိမ်း လှူဒါန်းပွဲများ ဦးစီးကျင်းပနေသော်လည်း လှူဒါန်းငွေများမှာမူ ကျောင်းတိုက်များသို့ အမှန်တကယ် ရောက်ရှိမှုမရှိဟု ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းတိုက် အချို့မှ သံဃာတော်များက မိန့်ကြားသည်။

“ကြည်း၊ ရေ၊ လေ မိသားစု ဦးစီးသော ဆွမ်းဆန်စိမ်း လောင်းလှူပွဲဆိုပြီး ကျင်းပတော့ နအဖနဲ့ အလွမ်းသင့်ချင်တဲ့ ကုမ္ပဏီတွေက လှူဒါန်းကြတာပေါ့။ ပြင်ပကုမ္ပဏီတွေက လှူဒါန်းတဲ့ ၀တ္ထုငွေ တွေကို သူတို့ဟာ သူတို့ ပြန်ယူသွားပြီး မြန်မာ့စီးပွားရေးဘဏ်မှာ ငွေစုစာအုပ်လုပ်ပေးမယ်လို့ လျှောက်ထားခဲ့တာပဲ။ လှူဒါန်းတဲ့ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲဆိုတာတွေကိုလည်း ကျောင်းမှာ မထားခဲ့ပါဘူး။ တီဗီရိုက် စရာရှိတာရိုက်၊ ဓာတ်ပုံရိုက်စရာရှိတာ ရိုက်ပြီး ပြန်သယ်သွားတာပဲ။ အဲဒီပစ္စည်းတွေနဲ့ပဲ နောက်တကျောင်းမှာ ထပ်လှူတယ်ဆိုပြီး ပြပေါ့။ လှူဒါန်းပွဲပြီးလို့ တပတ် လောက်ကြာမှပဲ ဆန်ဘယ်နှအိတ်၊ ဆီဘယ်နှပုံးဆိုပြီး ပြန်လာပို့တယ်။ ၀တ္ထုငွေဆိုတာကတော့ ပါကိုမလာတော့ဘူး” ဟု မကြာသေးမီက ၀ါဆိုသင်္ကန်းကပ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခံခဲ့ရသော ဘုန်းတော်ကြီးကျောင်းတိုက်တခုမှ တိုက်အုပ်ဆရာတော်တပါးက ရှင်းလင်း မိန့်ကြားသည်။

ကုမ္ပဏီများမှ လှူဒါန်းသည့် ၀တ္ထုငွေများကို ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ဂေါပကအဖွဲ့ထံသို့ အပ်နှံခြင်းမပြုဘဲ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားသည်ဟုဆိုကာ ငွေစုစာအုပ်တွင် သက်ဆိုင်ရာကျောင်းတိုက်မှ တာဝန်ရှိပုဂ္ဂိုလ်အား လက်မှတ်ရေးထိုးစေသော်လည်း ပြန်လည် ထုတ်ယူလိုသည့်အခါ မြို့နယ်သံဃာ့ မဟာနာယက၊ မ-အ-ဖ၊ သ-သ-န (သာသနာရေး ဦးစီးဌာန) တို့၏ ထောက်ခံချက် အဆင့်ဆင့် တောင်းခိုင်းထားသည့်အပြင် သက်ဆိုင်ရာ မ-အ-ဖ ဥက္ကဋ္ဌတို့၏ တင်းမာသော ဆက်ဆံမှုများကြောင့် လှူဒါန်းငွေများကို ပြန်လည်ထုတ်ယူရရှိနိုင်သော ကျောင်း တိုက် မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗဟန်းမြို့နယ်ရှိ စာသင်ကျောင်းတိုက်တတိုက်မှ စာချဆရာတော် တပါးကလည်း “ဒီကိစ္စက အမှန်ပါပဲ။ ဦးဇင်းတို့ ကျောင်းတိုက်မှာလည်း မနှစ်က ကျင်းပသွားပြီး အလှူငွေတွေ အကုန်လုံး ပြန်သိမ်းသွားတာပဲ။ ဒီနှစ် နာဂစ်ဖြစ်သွားလို့ ကျောင်းတိုက်မှာ ပြုပြင် စရာတွေ အများကြီးရှိနေပေမယ့် အဲဒီငွေစုစာအုပ်ကိုင်ထားတဲ့ မ-အ-ဖ ဥက္ကဋ္ဌဆိုတာ ပေါ်ကို မပေါ်လာဘူး။ ဆက်သွယ်ပြီး ငွေထုတ်ဖို့ ပြောတော့လည်း အင်းအဲလုပ်နေတယ်” ဟု မိန့်ကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတဦးထံ ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုပေ။

အလားတူဖြစ်ရပ်မျိုး ၂၀၀၂ ခုနှစ်ကလည်း ဖြစ်ပွားခဲ့သည်။ ရန်ကုန် ဘုန်းကြီးကျောင်းများအတွက် နအဖ ထိပ်ပိုင်းခေါင်းဆောင်များ ဆန်လှူသည့်သတင်း ရုပ်မြင်သံကြားရိုက်ပြီးသည်နှင့် နယ်မြေ အာဏာပိုင်များက ဆန်အိတ်များ ပြန်ယူသည့်အလေ့မှာ ၂၀၀၂ ခုက စခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆန်အိတ်များကို ဆန်ကုန်သည်များထံမှ ခေတ္တငှားလာရသည့်အတွက်ဆိုပြီး မ၀တ အာဏာပိုင် များက ဘုန်းကြီးကျောင်းများအတွက် လှူပြီးသား ဆန်အိတ်များကို ပြန်ယူသွားခြင်းဖြစ်သည်။

၂၀၀၂ ခု အောက်တိုဘာလအတွင်း အာဏာပိုင်များက ဟန်ပြဆန်အိတ်လှူပြီး ဆန်အိတ် ပြန်အယူ ခံရသည့် ရန်ကုန်မြို့က ကျောင်းများထဲတွင် စင်ကာပူဆရာတော်၏ သံဋိသုခကျောင်းတိုက်၊ ရန် ကင်းမြို့နယ်က ပဉ္စနိကာယ်ကျောင်းတိုက်၊ ဓမ္မစေတီလမ်း ဘုရားကြီးကျောင်းတိုက်၊ သိမ်တော်ကြီး ကျောင်းတိုက်၊ မွန်ကျောင်းတိုက် စသည့် ဘုန်းကြီးကျောင်းများ ပါဝင်သည်ဟု စုံစမ်းသိရသည်။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: