Wednesday, July 23, 2008

ဘလော့ဂါ ကိုနေဘုန်းလတ်အမှုကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး

ကိုစိုး | ဇူလိုင် ၂၃၊ ၂၀၀၈

စစ်အစိုးရက ဖမ်းဆီးထားသည့် မြန်မာလူငယ် ဘလော့ဂါ တဦးဖြစ်သူ ကိုနေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်၏ အမှုကို ယမန်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင် စစ်ဆေးကြောင်း သိရသည်။

ကိုနေဘုန်းလတ်ကို စွဲဆိုထားသော အမှု ပုဒ်မ များမှာ ဗီဒီယို ပုဒ်မ၊ ၅၀၅(ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် စွဲဆိုခြင်း ဖြစ်ပြီး ယမန်နေ့က တရားလို သက်သေကို စစ်ဆေးခြင်းဖြစ်သည်ဟု ကိုနေဘုန်းလတ်အမှု၏ အကျိုး ဆောင် ရှေ့နေကြီး ဦးအောင်သိန်း ကပြောသည်။

“မနေ့က တရားလို သက်သေကို စပြီး စစ်တယ်၊ ဒဂုံမြို့နယ်က ဒုရဲအုပ် ရဲအောင် ဆိုတာ၊ စစ်တာက အနောက်ပိုင်း ခရိုင် တရားရုံးက စစ်တာ၊ အဲဒီ ဒုရဲအုပ် ရဲအောင်က စရဖ က သူ့ကို အပ်လို့ ကားပေါ် ခေါ်တင်လာပြီး ရဲစခန်း ကျမှ သီးလေးသီး အခွေ ဆင်ဆာမဲ့ ၃ ချပ်စီ တွေ့တယ်ဆိုပြီးတော့ ပြောတယ်၊ ဘာအခွေ ဘယ်တုန်းက အခွေလို့တော့ မပြောဘူး၊ တခြား အထောက် အထားလဲ မပြောဘူး၊ ဆင်ဆာမဲ့ အခွေ လက်ဝယ်တွေ့ရှိမှုနဲ့ စွဲတာ”ဟု ဦးအောင်သိန်းက ပြောဆိုသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့ က အဆိုပါ ကိုနေဘုန်းလတ်ကို ဖမ်းဆီးစဉ်ကပင် အတူတကွဖမ်းဆီးခံခဲ့ရသည့် မသင်းဇူလိုင်ကျော်သည်လည်း ဗီဒီယို ပုဒ်မ၊ ၅၀၅ (ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေတို့ဖြင့် တရားစွဲဆိုခြင်း ခံရပြီး ယမန် နေ့က ရုံးအတူထုတ်ကြောင်းနှင့် မိသားစုဝင်များနှင့် တွေ့ကြရကြောင်း သိရသည်။

“ဒါ ပထမဆုံး အကြိမ် ရုံးထုတ် အမှုစစ်တာ ဖြစ်တယ်၊ သူတို့ ၂ ဦးကို စဖမ်းတာက ၂၉ ရက် ၁ လ ၂၀၀၈ မှာ ဖမ်းတာ၊ ယမန်ယူတော့ ပုဒ်မ အမျိုးမျိုးနဲ့ လှည့်ယူတယ်၊ အမှုတင်နိုင်တဲ့ အခါကျမှ အမှုတင်ပုဒ်မပေါ့၊ ပုဒ်မ တပ်တာက တခုချင်းစီ၊ ၂ ယောက်တွဲတခု၊ ၅၀၅ (ခ) က တယောက်တခုစီ၊ အီလက်ထရွန်းနစ်က တခုစီ”ဟု လည်း ဦးအောင်သိန်းက ပြောဆိုသည်။

ယခုစွဲဆိုထားသော ပြစ်မှုကြောင်းအရ ဗီဒီယို ဥပဒေသည် ပြစ်ဒဏ် ၆ လ ကျခံရမည်ဖြစ်ပြီး အာမခံပေးနိုင်သည့် အမှုဖြစ် ကြောင်း၊ အများပြည်သူ ဆူပူမှုဖြစ်ရန် လှုံ့ဆော်သည့် ပုဒ်မ ၅၀၅ (ခ) မှာ ထောင်ဒဏ်၂ နှစ် အထိ ပြစ်ဒဏ် ကျခံရနိုင် ကြောင်းနှင့် အီလက်ထရွန်းနစ် ဥပဒေမှာ ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ် အထိ ပြစ်ဒဏ် ကျခံရနိုင်ကြောင်း သိရှိရသည်။

“အမှုမြောက် မမြောက်ကတော့ အခု တရားလိုကို စစ်နေတုန်းဆိုတော့ ပြောလို့ မရသေးပါဘူး၊ ကြိုပြောလို့လည်း မရပါဘူး၊ ကြိုပြောလို့လည်း မသင့်ပါဘူး၊ သူတို့ဘက်ကလည်း မရရအောင် စွဲမှာပဲ၊ ကိုယ့်ဘက်ကလည်း ထုခြေရမှာပေါ့”ဟု ဦးအောင်သိန်းက ဆက်လက် ပြောဆိုသည်။
နောက်ဆုံးအခြေအနေအရ ကိုနေဘုန်းလတ်နှင့် မသင်းဇူလိုင်ကျော်တို့ အမှုကို လာမည့် အပတ် အင်္ဂါနေ့သို့ ရုံးချိန်းပြန်ချိန်း လိုက်ကြောင်းနှင့် ၎င်းတို့ ၂ ဦးလုံးကို အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဧရာဝတီမှတင်ပြသည်။

0 comments: