Tuesday, July 15, 2008

မြန်မာပြည်သူများ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း နားမလည်ကြဟု စစ်တမ်း ကောက်ယူမှုကဆို

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စစ်အစိုးရ ရေးဆွဲ၍ သူတို့ ထောက်ခံမဲ ပေးခဲ့ကြပြီး မကြာသေးခင်က အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို နားလည် သိရှိခြင်း မရှိဟု ရန်ကုန်မြို့နေ မြန်မာပြည်သူ အများအပြားက ပြောဆိုကြသည်။

မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈% က တခဲနက် ထောက်ခံမဲ ပေးခဲ့ပါသည်ဟု စစ်အစိုးရက ပြောနေသော်လည်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်မြို့နေ လူထုများအကြား မဇ္ဈိမက ပြုလုပ်ခဲ့သော ကျပန်း ဆန္ဒသဘောထား ကောက်ယူမှု စစ်တမ်းများအရ ဖြေဆိုသူ အများစုသည် သူတို့ အနာဂါတ်ကို အဆုံးအဖြတ်ပေးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို သိရှိ နားလည်ခြင်း မရှိဟု ဖေါ်ပြနေပါသည်။

တယ်လီဖုံးဖြင့် ပြုလုပ်ခဲ့သော ဆန္ဒသဘောထား ကောက်ယူမှုတွင် ဖြေဆိုသူ ၅ဝ အနက် ပုဂ္ဂလိက စီးပွါးရေးလုပ်ငန်းရှင် တဦးတည်းကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြောင်းအရာများကို နားလည် သဘောပေါက်ကြောင်း၊ မြန်မာပြည်သူများအတွက် သင့်တော် ကောင်းမွန်သည်ဟု သူယုံကြည်၍ လက်ခံကြောင်း ဖြေဆိုခဲ့ပါသည်။

သို့သော် အခြားဖြေဆိုသူ ၄၉ ဦးစလုံးကမူ ဖွဲ့စည်းပုံ ဥပဒေတွင် ဘာတွေပါသလဲ ဆိုသည်ကို သူတို့ မသိကြောင်း ဖြေဆိုခဲ့ကြပါသည်။ သို့သော် ရီစရာကောင်းသည်မှာ အမျိုးသမီး ဈေးဆိုင်ပိုင်ရှင် တဦးနှင့် စီးပွါးရေးသမား အမျိုးသားတဦးမှ အပ ကျန် ၄၇ ဦးစလုံးသည် မေလအတွင်း ကျင်းပခဲ့သော ဆန္ဒခံယူပွဲဆိုင်ရာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ပေးခဲ့ကြသည်ဟု ဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ဘာတွေပါတယ် ဆိုတာတော့ မသိပါဘူး။ စိတ်ရှုပ် စိတ်ညစ်တာ သက်သာအောင် မဲသွား ထည့်ခဲ့တာပါဘဲ” ဟု ကျောက်တံတား မြို့နယ်မှ ပုဂ္ဂလိက ဈေးဆိုင်ရှင် တဦးက ပြောသွားပါသည်။

အလားတူပင် အခြား ဖြေဆိုသူ အများစုကလည်း သူတို့မှာ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေရသဖြင့် ဖွဲ့စည်းပုံဆိုတာ ဘာလဲ ဆိုသည်ကိုပင် စဉ်းစားချိန်မရခဲ့ပါဟု ဖြေဆိုသွားကြပါသည်။

အတိုက်အခံများ ပါဝင်ခြင်း မရှိဘဲ တဘက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအား အတည်ပြုနိုင်ရန် မြန်မာ စစ်အစိုးရသည် မေလ (၁ဝ) ရက်နေ့က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတရပ်ကို ပြုလုပ်ခဲ့သည်။

သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြောင့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပခြင်းကို မေလ ၂၄ ရက်နေ့အထိ ရွှေ့ဆိုင်းထားခဲ့ရသည်။

ပြည်တွင်းနှင့် နိုင်ငံတကာက ကန့်ကွက် ဆန့်ကျင် ရှုတ်ချနေကြသော်လည်း စစ်အစိုးရသည် ဆန္ဒခံယူပွဲကို ဆက်လက် ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈% က ဖွဲ့စည်းပုံဥပဒေကို ထောက်ခံမဲ ပေးခဲ့ကြသည်ဟု ကြေညာခဲ့သည်။ ထို့ပြင် ဆန္ဒခံယူပွဲ၌ လာရောက် မဲဆန္ဒပေးသူ ဦးရေကိုလည်း မဲဆန္ဒပေးခွင့်ရှိသူ အားလုံး၏ ၉၈.၁၂% ရှိသည်ဟု ကြေညာခဲ့သေးသည်။

မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်း၏ ၁ဝ% ကျော် ပမာဏရှိသော လူဦးရေ ၆ သန်း နေထိုင်လျက်ရှိသည့် ရန်ကုန်မြို့ကြီးတွင် နေထိုင်ကြသူ ပြည်သူအများစုသည် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရသဖြင့် ဖွဲ့စည်းပုံ ဥပဒေအကြောင်း ဘာမျှမစဉ်းစားနိုင်၊ အချိန်မပေးနိုင်ဟု ရန်ကုန်မြို့မှ နိုင်ငံရေးအရ နိုးကြားတက်ကြွသူ လူငယ်တဦးက ပြောဆိုသွားပါသည်။

“လူတွေက သူတို့ နေ့စဉ်ဘဝ အတွက်ဘဲ ရုန်းကန်နေကြရတာ၊ နိုင်ငံရေးကိစ္စကို အချိန်လဲ မပေးနိုင်ဘူး၊ စိတ်လဲ မဝင်စားဘူး” ဟု ထိုလူငယ်က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။


0 comments: