Thursday, July 17, 2008

မုန်တိုင်းကြောင့် ပျက်စီးသည့် ဘုန်းကြီးကျောင်းများ မပြင်သေး


ရွှေကျင်တိုက်ကြီးပရ၀ဏ်ရှိ ပျက်စီးနေသည့် ဘုန်းတော်ကြီးကျောင်းတကျောင်း
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများကို ယခုတိုင် သက်ဆိုင်ရာအဖွဲ့အစည်းများက လျစ်လျူရှုထားဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကြားတောရရပ်ကွက် ကိုယ့်မင်းကိုယ်ချင်းလမ်း ကျောင်းတော်ရာ ရွှေကျင်တိုက်ကြီးအတွင်းရှိ ကျောင်းတိုက်များတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို ပြင်ဆင်မွမ်းမံခြင်း မရှိသေးသည်ကို တွေ့ရကြောင်း ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ရွှေကျင်တိုက်ကြီးအတွင်းမှာရှိတဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတကျောင်းဆို မုန်တိုင်းကြောင့် အမိုးတွေလန်နေတာ၊ တံခါးတွေ ပြုတ်ထွက်နေတာတွေကို အခုထိ သက်ဆိုင် ရာက လာရောက်ကြည့်ရှုမေးမြန်းတာ မရှိသေးဘူးလို့ သံဃာတော်တွေဆီက သိရတယ်” ဟု ပြောသည်။

အဆိုပါကျောင်းမှ သံဃာတော်တပါးက “ဘုန်းကြီးတို့ကို ပျက်စီးတာကို တင်ပြပါလားလို့ လူတိုင်းက ပြောတယ်။ ဘုန်းကြီးတို့က သူတို့အစိုးရနဲ့ ပတ်သက်ရမှာကို စိတ်ရှုပ်လို့ပါ။ ဒါကြောင့် ဒကာ ဒကာမတွေ အချို့က လှူထားတဲ့ငွေတွေနဲ့ တခြားဒကာတွေဆီမှာ အလှူခံမယ်၊ ကိုယ့်ဟာကိုယ်ပဲ ပြန်ပြင်တော့မယ်” ဟု မိန့်ကြားသည်။

လက်ရှိတွင် ရွှေကျင်တိုက်ကြီးပရ၀ုဏ်အတွင်း ကျောင်းတိုက်ခွဲပေါင်း (၂၀) ကျော်ရှိကာ သံဃာ တော်အပါး (၁၄၀) ခန့်သည် သီတင်းသုံးလျက်ရှိသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်းကျောင်းတိုက်၊ ကွမ်းခြံကုန်း မြို့နယ်ရှိ ဇေယျသိမ် ပရိယတ္တိစာသင်တိုက်၊ မစိုးရိမ် ပရိယတ္တိစာသင်တိုက်၊ ကညင်ကုန်းကျောင်း တိုက်၊ အရှေ့ကျောင်းကြီးတိုက် အစရှိသည့် ကျောင်းတိုက်များနှင့် တွံတေးမြို့နယ်ရှိ ကျောင်း တိုက်များမှာလည်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အမိုးအကာများကို ပြင်ဆင်နိုင်ခြင်း မရှိ သေးကြောင်း ဒေသခံများက ပြောသည်။

နာဂစ်မုန်တိုင်း နောက်ပိုင်းတွင် နအဖ က ရန်ကုန်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီများကို ပြန်လည် ထူထောင်ရေးအဖွဲ့ ဖွဲ့ပြီး စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ သာသနိက အဆောက်အအုံများကို ပြင်ဆင်တည်ဆောက်ရန် တာဝန်ပေးထားသော်လည်း အဓိက စာသင်ကျောင်းများကို ပထမ ဦးစားပေးအနေဖြင့် လုပ်ဆောင်နေပြီး ရာနှုန်းပြည့် မပြီးသေးကြောင်း ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတခုက ပြောသည်။

အဆိုပါကုမ္ပဏီမှ ၀န်ထမ်းတဦးက “အဲလို ပြန်လည်ထူထောင်ရေး တာဝန်ခွဲပေးရာမှာ မောင်ဝိတ်နဲ့ မိသားစု ကုမ္ပဏီလိမိတက်က ရန်ကုန်မှာ ရွှေတိဂုံစေတီတော်ရှိ သာသနိက အဆောက်အအုံတွေ ပြင်ဆင်တည်ဆောက်တာနဲ့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးရှိ ငါးထပ်ကြီးဘုရား ပြန်လည် မွမ်းမံ ပြင်ဆင်တဲ့ လုပ်ငန်းတွေ လုပ်နေတယ်။ အခုထိတော့ မပြီးသေးဘူး” ဟု ပြောသည်။

ရန်ကုန်ဘုန်းကြီးကျောင်းများ နာဂစ်ကြောင့် ပျက်စီးရမှုများတွင် ရှေးဟောင်းသာသနိက အဆောက်အအုံများစွာ ပါဝင်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်း
တဦးက ပြောသည်။

“အခု စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရှေးဟောင်းအဆောက်အအုံပေါင်း (၁၆၀) နီးပါး ရှိတယ်။ အဲဒီမှာ ရှေးဟောင်း သာသနိက အဆောက်အအုံတွေက သုံးပုံတပုံပါတယ်။ အဲဒီထဲမှာ ပျက်စီးသွားလို့ ပြုပြင်ထိန်းသိမ်းဖို့ လိုတာတွေ ရှိနေတယ်” ၎င်းက ပြောသည်။

ရှေးဟောင်းအဆောက်အအုံများ နာဂစ်ကြောင့် ပြိုပျက်သွားသည်များကို စစ်တမ်းကောက်၍ မည်သို့ ပြုလုပ်ရန်ရှိကြောင်း ပြည်တွင်းသတင်းဂျာနယ်များမှ မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဒေါသထွက်ခဲ့
ကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

အဟောင်းကို ပြုပြင်ထိန်းသိမ်းမည့်အစား အသစ်ကိုသာ ဆောက်လုပ်ရန် လိုလားကြောင်း၊ ရှေး ဟောင်းအဆောက်အအုံများမှာ မြန်မာတို့ ကျွန်ဖြစ်ခဲ့သည့်အမွေများဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်ဟု အဆိုပါသတင်းထောက်က ပြောသည်။ ။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: