Tuesday, July 22, 2008

ဒေါ်စုလွတ်မြောက်ရေး အားသွန်ကြိုးစားမည်ဟု ဂျိုဒီဝီလျံ ပြောဆို

ဧရာဝတီ | ဇူလိုင် ၂၂၊ ၂၀၀၈

အမေရိကန်အမျိုးသမီး နိုဘဲလ်ဆုရှင်တဦးဖြစ်သူ ဂျိုဒီ ဝီလျံက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်မံတိုးမြှင့်လိုက်သည့် မြန်မာစစ်အစိုးရအား ဝေဖန်ပြစ်တင် ရှုတ်ချခဲ့ပြီး စင်ကာပူတွင် ကျင်းပခဲ့သည့် အာဆီယံဝန်ကြီးများ အစည်းအဝေးပွဲတွင် ပြောခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၏ စကားများကို အယုံအကြည်မရှိကြောင်း ပြောကြားလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည် တကယ်လွတ်ပြီဆိုရင်တော့ သူတို့ပြောတာတွေကို ကျမယုံမယ်။ ခုတော့ မြန်မာ စစ်ခေါင်းဆောင် တွေ ပြောသမျှ ဘာကိုမှ မယုံနိုင်ဘူး။ ဘာလို့လည်း ဆိုတော့ သူတို့ကအမြဲ လိမ်နေကြတာ။ သူတို့က မြန်မာပြည်သူလူထုကို ဂရုစိုက်တာမဟုတ်ဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး တခုတည်း ကိုပဲ ကြည့်တာ” ဟု ဂျိုဒီက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် တွင် ကျင်းပသော နိုဘဲလ်ဆုရှင် အမျိုးသမီးများနှင့် ဒီမိုကရေစီ အရေးအတွက် တက်ကြွလှုပ်ရှားသူ ထိုင်းနှင့် မြန်မာအမျိုး သမီး ခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၊ အမျိုးသမီးရေးရာ လေ့လာရေးဌာနက ပူးတွဲကျင်းပသော အဆိုပါအစည်းအဝေးတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ထိုင်းနှင့် မြန်မာ အမျိုးသမီးခေါင်းဆောင်များနှင့် နိုဘဲလ် ဆုရှင် ပါမောက္ခ ဂျိုဒီဝီလျံ၊ အမေရိကန် ရုပ်ရှင်မင်းသမီး မီယာဖာရိုး၊ အလုပ်သမား အခွင့်အရေး တက်ကြွလှုပ်ရှားသူ တရုတ် အမျိုးသမီး ကွင်ဇန်း နှင့် အာဖဂန် နစ္စတန်မှ ဒေါက်တာ စီမာဆာမာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

၎င်း အခမ်းအနားကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာ အမျိုးသမီးခေါင်းဆောင် များဖြစ်ကြသည့် နန်းချန် တောင်း၊ မတင်တင်ညိုနှင့် မသင်းသင်းအောင်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။ ၎င်းတို့အထဲမှ ရှမ်းအမျိုးသမီး နန်းချန် တောင်းက မြန်မာပြည်၏ နိုင်ငံရေး စီးပွားရေး အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသူ မြန်မာ အမျိုးသမီးများ အကြောင်း၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခခံစားရ သည့် မြန်မာပြည်သူလူထု၊ မြန်မာစစ်အစိုးရ၏ နိုင်ငံတကာ အကူအညီများကို ကန့်သတ်မှု စသည်ဖြင့် ဗီဒီယို နောက်ခံဖြင့် တင်ဆက်သွားခဲ့သည်။

ဂျိုဒီဝီလျံက သူ၏ ပဏာမ မိန့်ခွန်းတွင် “နိုဘဲလ် အမျိုးသမီးတွေရဲ့တာဝန်က ကျမတို့ရဲ့ လူသိများမှုနဲ့ စွမ်းရည်ကို အသုံး ချပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဆိုနိုင်ခွင့် ရယူဖို့ပါပဲ။ ခုဒီကိုရောက်လာရတာ ကလည်း မြန်မာပြည်က အမျိုး သမီးတွေ၊ ထိုင်းနိုင်ငံက အပယ်ခံအမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို သယ်ဆောင်သွားပြီး ကမ္ဘာကသိအောင် ပြောပြဖို့ပါပဲ။ အဲဒီသတင်းတွေကို ကျမတို့ နားထောင်မယ်။ ပြီးရင် ကမ္ဘာပေါ်က အမျိုးသမီးထုကြီး တရပ်လုံးသိအောင် ပြန်ဝေမျှပါမယ်” ဟု ပြောကြားခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်သည်ဟူသည့် သတင်းကို အာဆီယံနိုင်ငံ ဝန်ကြီးများ အစည်း အဝေးတွင် အပြော များနေပြီး ၎င်းအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာဝန်ကြီး ဦးဥာဏ်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်လိုက်သည့်အပေါ် များစွာ စိတ်အနှောင့်အယှက် ဖြစ်ကြရသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၆ လအတွင်း လွတ်မြောက်နိုင်သည်ဟူ၍ တနင်္ဂနွေတနေ့လုံး လူပြောများနေခဲ့ပြီး နောက် တနင်္လာ နေ့တွင်မူ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး ဂျော့ယိုးက ၆ လအတွင်းဆိုသည်မှာ ၂၀၀၉ မေလမှ စတင်ရေတွက်ရမည် ဖြစ်ပြီး နားလည်မှု လွဲမှားသွားကြခြင်းသာ ဖြစ်သည်ဟု ထပ်မံပြောကြား လိုက်သည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၁၉ နှစ်တာ ကာလအတွင်း ၁၃ နှစ်နီးပါး နေအိမ် အကျယ်ချုပ်ကျနေပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက် နေခဲ့ရသည်။

ကမ္ဘာ့နိုဘဲလ်ဆုရှင်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသော နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂမှတဆင့် တောင်းဆိုနေချိန်တွင် နိုဘဲလ်ဆုရှင်အမျိုးသမီးများက ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာ စစ်အစိုးရကို ကမ္ဘာကဖိအားပေးရန် သီးခြား ဆက်တိုက် တောင်းဆိုမှု ပြုလုပ်သွားကြမည် ဖြစ်ကြောင်း သိရသည်။

“ကျမကိုယ်တိုင် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တဦး ဖြစ်နေတဲ့အတွက် ကျမတို့ရဲ့ ညီအစ်မတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ့တိုင်းပြည်ဒီမိုကရေစီရဖို့ ကြိုးပမ်းရာမှာ ထောက်ပံ့ပေးနိုင်ဖို့ အပြင်းအထန် ကြိုးစားပါမယ်” ဟု ဂျိုဒီဝီလျံက ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
ထို့ပြင် လာမည့် စက်တင်ဘာလတွင်လည်း အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ဂျိုဒီနှင့် တခြားသော နိုဘဲလ်ဆုရှင် ၆ ဦးတို့ စုစည်းကာ မြန်မာပြည်အရေး လှုပ်ရှားမှုတရပ် ပြုလုပ်သွားဦးမည်ဟုလည်း သိရသည်။ [Top]

ဧရာဝတီမှတင်ပြသည်။

0 comments: