Tuesday, July 22, 2008

နော်အုန်းလှ ကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရ


ရန်ကုန်တိုင်း မှော်ဘီမြို့အ၀င်ဆိုင်းဘုတ်အနီး၌ ခရီးသည်တင် ယာဉ်တစီး ယမန်နေ့ညနေက မတော်တဆ တိမ်းမှောက်သွားပြီး နော်အုန်းလှအပါအ၀င် ခရီးသည်အချို့ ဒဏ်ရာရရှိသွားသည်ဟု မှော်ဘီဆေးရုံမှ သိရသည်။

ကားမှောက်မှုတွင် ကျောင်းသားငယ်တဦး အပါအ၀င် အမျိုးသမီး (၆) ဦး အမျိုးသား (၁) ဦးတို့ ဒဏ်ရာရရှိသွားကြောင်း နော်အုံးလှမှ လွဲ၍ အခြားသူများ ပြင်ပလူနာဌာနတွင် ဆေးကုသမှု ခံယူပြီး


ဆေးရုံမှ ဆင်းသွားကြပြီဟု မှော်ဘီဆေးရုံမှ တာဝန်ရှိသူတဦးက ပြောသည်။

နော်အုန်းလှမှာ ဦးခေါင်း၊ ကျောနှင့် ခြေထောက်တို့တွင် ဒဏ်ရာရသွားပြီး ဒဏ်ရာပြင်းသဖြင့် မှော်ဘီ ဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသနေရသည်ဟု သူမ၏ မိတ်ဆွေ တဦးက ပြောသည်။

၎င်းက “မနော်က မနေ့ကတုန်းက မှော်ဘီကားမှောက်ပြီးတော့ ခေါင်းမှာ ဒဏ်ရာရတယ်။ ခါးရိုး လည်း ကျိုးသွားတယ်။ ညှပ်ရိုးတချောင်းလည်း ကျိုးသွားတယ်။ ခုရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့် အရေးပေါ် လူနာခန်းထဲမှာ။ တော်တော်လေးကို နာကျင်ကိုက်ခဲနေတယ်။ ခေါင်းမှာလည်း တော် တော်လေး ချုပ်ထားရတယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဟောင်း နော်အုန်းလှသည် အာဏာပိုင်များက မှော်ဘီမြို့ပြင် မထွက်ရန် ခြေချုပ်ချထားခံနေရသူတဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အင်္ဂါနေ့
ရောက်တိုင်း ဆောင်ရွက်လေ့ရှိသည့် ၀တ်ပြုဆုတောင်းပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ် ယနေ့ ဆွမ်းကပ်ရန် ရှိသည့်အတွက် မှော်ဘီဈေး၌ ဈေးဝယ်ပြီးအပြန် ကားမှောက်မှုနှင့် ကြုံတွေ့ ရခြင်းဖြစ်သည်။ ။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: