Saturday, July 5, 2008

အင်းစိန်ထောင်မှ လျှို့ဝှက်တရားရုံး


နိုင်ငံရေးသမားများအတွက် အင်းစိန်ထောင်မှ လျှို့ဝှက်တရားရုံးတော် (photo: Burma Democratic Concern)

အင်းစိန်ထောင်ဆေးရုံတွင် ဓာတ်မှန်ပြားမရှိပါ

ဘီဘီစီ မြန်မာဌာန

ဇူလိုင် ၅၊ ၂၀၀၈



မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေဟာ တဖြည်းဖြည်း ဆိုးဝါးလာနေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုလည်း အလုံအလောက် မရဘူးလို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ဇနီး ဒေါ်ပြုံးပြုံးအေးက သူ့ခင်ပွန်း ကိုသက်ဦး နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“ကျမယောင်္ကျားဆိုရင် ကျန်းမာရေး မကောင်းဘူးပေါ့နော်၊ မကောင်းဘူးဆိုတာ လဲနေတာတော့ မဟုတ်ဘူး။ တရှောင်ရှောင်ပေါ့။ ကျမယောင်္ကျားတင် မဟုတ်ပါဘူး၊ ၅(ည)တွေ အကုန်လုံးပါပဲ၊ တယောက်တမျိုးစီ ဖြစ်နေကြတာပဲ။ နောက်ဆုံး အရေးပေါ်ထုတ်ဖို့ ဆေးတောင် မရှိဘူး။ ကျမယောင်္ကျားဆိုရင် နောက်က နံရိုး၊ တင်ပဆုံကြားနှစ်ခု ဓာတ်မှန်ရိုက်ဖို့ဟာကို သူတို့ဆီမှာ ဓာတ်မှန်ပြား မရှိလို့ တဲ့၊ အဲသလိုမျိုး ပြောတယ်။”

“အထူးကုတွေလာမှ ပြပေးမယ် တဲ့။ ဒီ အထူးကုတွေကလည်း စာရင်းလာကောက်ပြီး ၁လ၊ စာရင်းမကောက်ခင် ၁လ၊ ၃လလောက် နေမှ အထူးကုက လာတာ။ သူတို့မှာ ဓာတ်မှန်ရိုက်ပေးဖို့ကလည်း ဓာတ်မှန်ပြား မရှိဘူး တဲ့၊ အပြင်က ၀ယ်ပေးမယ်ဆိုတော့လည်း မဟုတ်ဘူး။ ပရုပ်လုံးလို လုံးပါးပါးအောင် လုပ်နေကြတာ။”

ကိုသက်ဦးဟာ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား တဦး ဖြစ်ပြီး စစ်ကြောရေးကာလမှ ထောက်လှမ်းရေးရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေကြောင့် ကျန်းမာရေး တဖြည်းဖြည်း ဆိုးဝါးလာတာဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် အရင်ခေတ်တွေတုန်းက နိုင်ငံရေးအကျဉ်းသားတွေကို အထူးတန်းအခွင့်အရေး သတ်မှတ်ပေးပေမဲ့ အခုအခါမှာ နိုင်ငံရေးသမားတွေဟာ ရာဇ၀တ်မှု အကျဉ်းသားတွေနဲ့ တန်းတူ အခွင့်အရေးတောင်မှ မရတဲ့အကြောင်းကို အခုလို ဆက်ပြောပါတယ်။

“ရိုးရိုးတွေကျရင် တကြောင်းတွေ့ပြီးရင် နောက်တကြောင်းကို ပိုက်ဆံပေးပြီး ထပ်တွေ့လို့ ရတယ်။ ကျမတို့ နိုင်ငံရေးသမားတွေက မရဘူး။ မရတဲ့အပြင် ဒီ ၁၅ မိနစ်ကိုတောင် အချိန်က ခိုးချင်သေးတာ။ ရိုးရိုးတွေကျ နောက်ထပ် ထပ်ပြောရင် နောက်ထပ် ပိုက်ဆံပေး။ အစားအသောက်ဆိုလည်း ပိုက်ဆံပေးလိုက်ရင် ကြိုက်တာသွင်းလို့ရတယ်။ နောက်ဆုံး သူတို့ ၀က်သားအကအစ သွင်းလို့ရတယ်။ ကျမတို့ နိုင်ငံရေးသမားတွေ ထောင်ဝင်စာကျရင် အရမ်းကို စိစစ်တာ။”

“အမှန်ကတော့ နိုင်ငံရေးသမားတွေ ဆိုတာ အိမ်ကပေးမှ စားရတာလေ၊ သူတို့က ဟိုဟာပယ် ဒီဟာပယ် ဆိုတော့ ပါတာက နည်းသွားပြီလေ။ ကျမတို့ဆို အပတ်တိုင်း တမျိုးတမျိုး ပြန်ပါလာတယ်။”

တခြားနိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ဦးဝင်တင်တို့၊ ကိုမင်းကိုနိုင်၊ ကိုမျိုးရန်နောင်သိန်းတို့လည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ မရဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။


0 comments: