ပြည်ချစ်ဘုန်းဘုန်းရဲ့ဆောင်းပါတစ်ပုဒ်ပါ၊ဖတ်သင့်တယ်ထင်လို့တင်ပြလိုက်ပါတယ်၊
မိမိနိုင်ငံ၊မိမိလူမျိုး၊မိမိအမျိုးဘာသာ၊သာသနာကိုချစ်မြတ်နိုးသူတိုင်းသိသင့်သိထိုက်
တာမှတ်သင့်မှတ်ထိုက်တာတွေလုပ်သင့်လုပ်ထိုက်တာတွေများစွာရှိနေပါတယ်။
ဒါတွေအားလုံးဟာလူတိုင်းမှာတာဝန်ရှိတယ်၊တာဝန်ရှိတာကိုတာဝန်သိသိနဲ့လုပ်ဆောင်
ကြဖို့အတွက်မီးမောင်းထိုးပြထားပါတယ်။နောက်ဆောင်းပါးများကိုလည်းအလျင်းသင့်သလို
တင်ပြပေးသွားပါမည်။
Oppositeeye က ဖိတ်ခေါ်မှုကို ကြိုဆိုတဲ့အနေနဲ့ ဒီစာကို ရေးပါတယ်။ နားလည်တာ, မလည်တာ အပထား။ သူ့အမြင်ကိုယ့်အမြင် သိထားကြတာ ကောင်းပါတယ်။ ဦးဇင်းက သီရိလင်္ကာမှာ စာသင်နေတဲ့ ဦးဇင်းတစ်ပါးပါ။ “ဦးဇင်းက ဦးဇင်းနေရာမှာ နေပါ”လို့ ပြောချင်သူ ရှိရင် ဒီစာကို ဆက်မဖတ်ဖို့ ပြောထားပါရစေ။ ဦးဇင်းတွေ “ပြည်သူ့အရေး”ကိစ္စတွေမှာ ဘာကြောင့်ဝင်ပါရသလဲဆိုတာ သိပ်ပြောစရာမလိုဘူးထင်ပါတယ်။ “ပြည်သူနဲ့ကျွန်ကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အချင်းချင်း အပြန်ပြန်အလှန်လှန် ကျေးဇူးပြုနေကြရတဲ့ ဦးဇင်းတို့ဟာ ဦးဇင်းတို့အတွက် သင့်တော်တဲ့ ဘောင်ထဲကနေ ပြည်သူ့အရေးကို ပါဝင်ဆောင်ရွက်နေရမှာ ပါပဲ”။
ခု “ပြည်သူနဲ့တပ်မတော်ကို ကိုယ်ရောက်နေတဲ့နိုင်ငံကလူတွေ ဘာကြောင့် တစ်ကန့်စီ မြင်နေကြသလဲ”။ အဲဒါကို ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ တွေ့ရတယ်။ “ဘာဖြစ်လို့ အတိုက် အခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြသလဲ”။ အဲဒါကိုလဲ ထည့်သွင်းဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာတွေ့ရတယ်။ ပြောရရင်တော့ အမြင်တွေက အများကြီးရှိနေမှာပဲ။ ဦးဇင်း ဖြတ်သန်းနေရတဲ့ ဒီ သီရိလင်္ကာနိုင်ငံမှာဆိုရင်လဲ စာလာသင်နေတဲ့ ဦးဇင်းတွေ အပါး ၂၀၀-ခန့် ရှိပါတယ်။ အဲဒီထဲက ၉၉.၉%ရာခိုင်နှုန်းသော ရဟန်းတော်တွေဟာ စစ်အစိုးရကို မကြိုက် ကြပါဘူး။ စစ်အစိုးရရဲ့လုပ်ရပ်တွေကို သဘောမကျကြဘူး။ ကျန်တဲ့နိုင်ငံတွေကို ဦးဇင်း မရောက်ဖူးလို့ မသိပေမယ့် ဦးဇင်းထင်ပါတယ်။ ဘယ်နိုင်ငံမဆို (ရှရှားမပါ) စစ်အစိုးရကို မကြိုက်တဲ့သူတွေက အနည်းဆုံး (အနည်းဆုံး) ၈၀%ရာခိုင်နှုန်းကတော့ ကျိန်းသေပေါက် ရှိလိမ့်မယ်ထင်တယ်။
ဘာကြောင့် ဒီလို ဆန့်ကျင်တဲ့သူတွေ များနေရတာလဲ။ မကြိုက်တဲ့သူတွေ များနေရ တာလဲ။ သဘောမကျတဲ့သူတွေ များနေရတာလဲ။ Oppositeeye က ဒကာလေးများ ပြောနေ ကျစကားနဲ့ ပြောလိုက်ပါရစေ။ ““ပြည်သူတွေက ငတုံးတွေမှ မဟုတ်တာ””။
ပြည်သူတွေဟာ ငတုံးတွေ မဟုတ်လို့ တစ်ကန့်စီမြင်နေကြတယ်။ ဦးဇင်းကတော့ အဲဒီလိုပဲ ထင်ပါတယ်။ နောက်ပြီး အတိုက်အခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာ ဟာလဲ ငတုံးတွေ မဟုတ်လို့ပါပဲ။
ရှေ့ ဆွေးနွေးသွားတဲ့သူတွေ ပြောတဲ့အထဲမှာလဲ ဦးဇင်းဆွေးနွေးချင်တာတွေ အများ ကြီး ပါသွားပါပြီ။ ဒီလို ဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ထဲမှာ oppositeeye ရဲ့အမြင်လေးတွေ တွေ့ရ တော့ ၀မ်းသာမိပါတယ်။ ရှရှားရောက် ပညာသင်စစ်သားလေးတွေဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေကြရတာကို ဂုဏ်ယူကျေနပ်နေကြတယ်ဆိုလို့ပါ။ မှန်ပါတယ်။ တိုင်း ပြည်အတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ဖို့ရာဟာ နိုင်ငံသားတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။ ထိုတာဝန်အတွက် ကျေနပ်နေနိုင်တယ်ဆိုရင် တိုင်းပြည်အတွက် အားတက်စရာ ပါ။
ဒါပေမယ့် တိုင်းပြည်တာဝန်ထမ်းဆောင်တယ်ဆိုတာ ပုံစံအမျိုးမျိုးရှိနိုင်တယ်ဆိုတာလဲ မေ့ထားလို့ မရပါဘူး။ မြန်မာနိုင်ငံဒီမိုကရေစီနဲ့ တရားမျှတမှု၊ လွတ်လပ်စွာပြောဆို၊ လုပ်ကိုင်၊ ရေးသားနိုင်ခွင့် အစရှိတဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေသူတွေဟာလဲ တိုင်းပြည် တာဝန်ကို ထမ်းဆောင်နေသူတွေပါပဲ။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး….ဘယ်အရေးမှာမှ အားရ စရာမရှိဘူးဆိုတာ ပြည်သူတွေက ပြောနေတယ်။ ဘာလွတ်လပ်ခွင့်မှ မရှိဘူး၊ ဘာတရားမျှတ မှုမှမရှိဘူးဆိုတာ ပြည်သူတွေက ပြောနေတာကြာပြီ။ တပ်မတော်ဟာ ပြည်သူရဲ့အသံကို လျစ်လျူရှုနေတာလဲ ကြာပြီ။ နေရာတကာမှာ (ဘုရားဂေါပကကအစ) စစ်သားမပါရင် မပြီး ဆိုတာလဲ ကြာပြီ။ တိုးချဲ့ဆောက်လုပ်နေတဲ့ စစ်တပ်အသစ်တွေ အတွက် မရှိဆင်းရဲသား တောင်သူတွေရဲ့မြေတွေ အလကားပေးနေရတာလဲ ကြာပြီ။ သာသနာရေးမှာတောင် သာသနာရေးရာ ဘာမှ နားမလည်တဲ့ စစ်ဗိုလ်တွေ (အံ့မောင်လို ပညာရှိ လူမိုက်တွေနဲ့ ပေါင်းပြီး) လာဘ်စားရမ်းကားလို့ သာသနာသိက္ခာကျနေတာလဲ ကြာပြီ။ ဘာအလုပ်လုပ် စစ်ဗိုလ်အကပ်ရှိမှ အောင်မြင်တယ်ဆိုတဲ့ အကျင့်ပျက်စကားပုံကြီး မြန်မာမှာ တွင်ကျယ် နေတာလဲ ကြာပြီ။ ပြည်သူတွေက ငတုံးတွေ မဟုတ်လို့ အဲဒါတွေ သိတယ်။ အဲဒါတွေသိတော့ ပြည်သူနဲ့ တပ်မတော် ဘယ်မှာလာပြီး တစ်သားထဲ ဖြစ်နိုင်ပါတော့မလဲ။
I.T ခေတ်တဲ့။ တစ်ကမ္ဘာလုံး ခေတ်စားလာလိုက်တာ။ ရွှေမြန်မာတွေပဲ ဘယ်ရမလဲ အင်တာနက်တွေ သုံးကြတာပေါ့။ ၂၀၀၇-မှာ အင်တာနက်ဆိုင်တွေ အများကြီးဖြစ်လာတယ်။ နောက်ပိုင်းမှ တစ်ခါ တပ်မတော်ဟာ ဒီ I.T ဆိုတာကြီးက ငါတို့အတွက် အန္တရာယ်တော် တော်ကြီးပါလားဆိုတာ သိပြီး အင်တာနက်တွေ သုံးရတာ ခက်လာအောင် လုပ်တော့တာပဲ။ တိုင်းပြည်မှာ ဘာတဲ့ဆို အင်တာနက်ကို ပိတ်ဖို့ ကြိုးစားကြတော့တာပဲ။ ဘာကြောင့် ပိတ်ရ တာလဲ သွားမေးရင် “ပြည်သူတွေ သတင်းမှားတွေ ရကုန်မှာစိုးလို့၊ သတင်းအမှန်က မြန်မာ့ အလင်း၊ ကြေးမှုံမှာ ပါတယ်”လို့ မဖြေသော်လဲ ဖြေသလို ပြောနေကြတာတွေ့ရမယ်။ အဲလို ပြောရအောင် (ပြည်သူတွေက သတင်းမှားတွေကို အမှန်ထင်ရအောင်) “ပြည်သူတွေက ငတုံးတွေမို့လို့လား”။
အင်တာနက်ဆိုင်တွေမှာ ရေးထားသေးတယ်။ နို့တစ်စ်စာရွက်လေးတွေနဲ့။ အဲဒီထဲမှာ ထိပ်ဆုံးက ဘာပါသလဲဆိုတော့ “နိုင်ငံရေးနှင့်ပတ်သက်သော စာပေများ မကြည့်ရှုရ”တဲ့။ ပြည်သူတွေက ငတုံးတွေ မို့လို့လား။ ဒါမှမဟုတ်ရင်လဲ နိုင်ငံရေးစာတွေဖတ်ပြီး ပြည်သူတွေ စိတ်တက်ကြွလာလို့ ပစ်သတ်ခံနေရမှာ ကြောက်လို့လား။ တကယ်ဆိုရင်(တကယ် တပ်မတော်ဟာ ပြည်သူအတွက် အမှန်အကန် စေတနာနဲ့ ရိုးရိုးသားသား အလုပ်လုပ်နေ ပါတယ်ဆိုရင်) အင်တာနက်လဲ ပိတ်စရာ မလိုပါဘူး။ ပြည်သူတွေက ငတုံးတွေ မို့လို့လား။ သူ့စဉ်းစားညာဏ်သူ ရှိပါတယ်။
မုန်တိုင်းသတင်းတွေနဲ့ပတ်သက်ပြီးတော့ အငြင်းပွားကြတာကိုလဲ အနည်းငယ်ပြောချင်ပါတယ်။ တပ်မတော်က ဘယ်လောက်ထိ တာဝန်သိသလဲ၊ အပြောနဲ့အလုပ်ညီသလဲဆိုတာ ဆရာတော်ဦးညာဏိဿရအင်တာဗျူး၊ ဦးဇာဂနာအင်တာဗျူးတွေက သက်သေခံနေတာပဲ။ ပြည်သူတွေဟာ ငတုံးတွေ မဟုတ်လို့ အဆိုပါ အင်တာဗျူးတွေကိုပဲ အမှန်လို့ ယုံကြည်တယ်။ ဦးဇာဂနာအင်တာဗျူးထဲမှာဆိုရင် ၂၂-ရက်နေ့အထိ အကူအညီမရသေးတဲ့ရွာတွေက အများကြီး။ ဇာဂနာဆိုတာ ပြည်သူတစ်ရပ်လုံးသာမက ရုပ်ရှင်လောကပါ လေးစားခံရတဲ့သူပါ။ သေချာစဉ်းစားကြည့်ကြပါ။ စစ်အစိုးရက မုန်တိုင်းဖြစ်ပြီး ၂၊ ၃-ရက်လောက်ရှိသေးတယ်။ ကယ်ဆယ်ရေးတွေ ပြီးပါပြီ၊ အခြေအနေတွေအားလုံး ပုံမှန်ဖြစ်သွားပါပြီတဲ့။ ခု ၂၂-ရက်ထိ ဘာအကူအညီမှ မရသေးဘူးတဲ့။ ဆရာတော် ဦးညာဏိဿရပြောတာလဲ ရက်ပေါင်း ၂၀-၀န်းကျင်ရှိပါပြီ။ နိုင်ငံတကာအကူအညီပြောမနေနဲ့၊ နိုင်ငံတော်အကူအညီတောင် မရောက်သေးဘူးလို့ မိန့်ပါတယ်။ ငတုံးတွေ မဟုတ်တဲ့ ပြည်သူတွေက ဘယ်ဟာကို အမှန်လဲဆိုတာ သိပါတယ်။
“ဟာ ဦးဇင်းကလဲ အခု အကူအညီတွေအားလုံးကို ဖွင့်ပေးလိုက်ပြီလေ”လို့ ဆိုချင် ကောင်း ဆိုချင်ကြပါလိမ့်မယ်။ ဦးဇင်း ခပ်ရိုင်းရိုင်း ဥပမာတစ်ခု ပေးပါမယ့်။ လွန်တယ်ထင်ရင်၊ ရိုင်းတယ်ထင်ရင် ဦးဇင်းဆိုပြီး ခွင့်မလွှတ်ပါနဲ့။ မိန်းကလေးတစ်ယောက်ကို မုဒိမ်းကျင့်နေ တာကို မြင်နေရဲ့သားနဲ့ မြင်မြင်ချင်း မကူညီဘဲ ရပ်ကြည့်နေတယ်။ တော်တော်ကြာ မိန်းကလေးရဲ့ အော်ဟစ်အကူအညီတောင်းသံကြားတော့ အဝေးကလူတွေကပြေးလာတာကို မြင်တော့မှ ကဗျာကယာ ထပြီး အကူအညီပေးတယ်တဲ့သူ ဆိုပါစို့။ မြင်ကတဲက ကယ်လိုက် ရင် ဘ၀ပျက်စရာအကြောင်းကို မရှိဘူး။ သူ့ကို ဘာကြောင့်မကူညီတာလဲ ၀ိုင်းမေးမှ “မင်းတို့ ဟာကွာ ငါကူညီနေတာ မင်းတို့ မတွေ့ဘူးလား”လို့ ဆိုတဲ့သူလို ဖြစ်နေပါတယ်။ သူကူညီတဲ့ အချိန်မှာ မိန်းလေးကတော့ ဘ၀ပျက်ပြီးသွားပြီ။ ကူညီသော်လဲပဲ သူ့ကို ဘာကြောင့် အပြစ် တင်နေရသလဲဆိုတာ ရှင်းသွားပြီထင်ပါတယ်။
တပ်မတော်ကောင်းလား၊ ဒီမိုကရေစီစနစ် ကောင်းလားဆိုတာ သူတို့ရင်ထဲမှာ သူတို့ ဦးနှောက်နဲ့ စဉ်းစားပြီးသားရှိပါတယ်။ ဒါကို တပ်မတော်က “ဟေ့ကောင်တွေ၊ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာနော်၊ မိုးပေါ်ထောင်မပစ်ဘူး၊ ဒီလိုမနေနဲ့၊ ဒီလိုနေ၊ ဒါတွေ မကြည့်နဲ့၊ ဒါတွေကြည့်၊ ဒီလို မစဉ်းစားနဲ့၊ ဒီလို စဉ်းစား”လို့ ဦးနေ၀င်းလေသံနဲ့ ညွှန်ကြားပေးနေသလို ဖြစ်နေတယ်။ ပြည်သူတွေက ငတုံးတွေမှ မဟုတ်တာ။ ဘာလို့ နာခံရမှာလဲ။
“ပြည်သူနဲ့တပ်မတော်” ဘာကြောင့် ဒီအခြေအနေဖြစ်နေရတာလဲဆိုတာ အဖြေက အများကြီးပဲ။ ခု ဦးဇင်းဆွေးနွေးခဲ့တာဟာ တကယ့်ကို အစလေးပဲ (နိဒါန်းလေးပဲ) ရှိသေး တယ်။ ကိုယ့်တွေ့တွေ ဘာတွေနဲ့ ဆက်ရေးရရင် နောက်ဆွေးနွေးမယ့်သူတွေအတွက် အချိန် မရ ဖြစ်နေမယ်။ ဒီလောက်ဆိုရင် ပြည်သူတွေက တပ်မတော်ကို ဘာကြောင့် တစ်သီး တစ်ခြားမြင်နေရသလဲဆိုတဲ့ ဆွေးနွေးခန်း တော်လောက်ပြီလို့ ဦးဇင်း ယူဆပါတယ်။
အဲဒါရဲ့အပြင် တစ်ခုပြောချင်တာက “အတိုက်အခံတွေပြောသလိုမျိုး စစ်သားဆို မကောင်းဘူးဆိုပြီး သိမ်းကြုံးရမ်းနေတာတွေ၊ စစ်ခွေးတွေအစရှိသဖြင့် ၀ါးလုံးရှည်ရမ်းပြီး ဆဲဆို ရိုင်းစိုင်းတာတွေကို မြင်ရကြားရတဲ့ အခါမှာ လူငယ်တွေအနေနဲ့ မကျေမနပ် နိုင်ဖြစ်ကြရပါတယ်”လို့ ဒကာလေးတို့က ဆိုထားပါတယ်။ မှန်ပါတယ်။ အဲဒီလို ပြောတာဟာ စစ်သားကောင်းတွေကို ထိခိုက်ပါတယ်။ အကုသိုလ်ဖြစ်စေပါတယ်။ အဲလို ၀ါးလုံးရှည်နဲ့ ရမ်း နေတဲ့သူ တွေ့ရင်တော့ အဆင့်အတန်းမရှိတဲ့သူလို့ သတ်မှတ်လိုက်ရုံပါပဲ ဒကာလေးရေ။ အဲဒါ မျိုးတွေက ရှိတတ်ပါတယ်။
ထို့အတူပဲ ဒကာလေးတို့ရဲ့ oppositeeye မှာလဲ ၀ါးလုံးရှည်နဲ့ ရမ်းနေတာတွေက ပို့စ် တိုင်းမှာပါနေတယ်။ ဒကာလေးတို့ ဘလော့ရဲ့ဘယ်ခြမ်းက ပင်တိုင်တွေ့နေရတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ဆိုတာလဲ ၀ါးလုံးရှည်နဲ့ရမ်းထားတာ မဟုတ်ဘူးလား။ “သူများကို ဆုံးမချင်ရင် ကိုယ့်ကိုယ်ကို အရင် ပြင်ရတယ်”လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ် ဒကာလေး။ အဲဒီစာသားကြီးကို မပြောင်းသရွေ့တော့ ဒကာလေးတို့အနေနဲ့ သူများဝါးလုံးရှည် ရမ်းတာကို လိုက်ပြောမနေသင့်ဘူးလို့ ဦးဇင်းထင်ပါတယ်။ ဒီမိုကရေစီကို တကယ်ချစ်မြတ်နိုးတဲ့သူတွေ၊ စစ်သားတွေလိုပဲ တိုင်းပြည်ကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေ အများကြီးရှိတယ် ဒကာလေးရေ။ သူတို့တစ်တွေသာ တစ်စုံတစ်ရာရဲ့ ဖမ်းဆီးချုပ်နှောင်မခံရဘဲ တိုင်းပြည်အတွက် အလုပ်လုပ်ခွင့်ရနေမယ်ဆိုရင် ဦးဇင်းတို့၊ ဒကာလေးတို့ ဒီလို ဆွေးနွေးစရာလိုအပ်ခဲ့မှာ မဟုတ်ဘူး။ အဲဒါတွေကိုလဲ ဒကာ လေးတို့ မြင်အောင်ကြိုးစားသင့်တယ် ထင်ပါတယ်။
ပြည်ချစ်ဘုန်းဘုန်း
ခေတ္တ=သီရိလင်္ကာနိုင်ငံ
၀၃၊ ၀၆၊ ၀၈။
Friday, June 6, 2008
ပြည်ချစ်ဘုန်းဘုန်း
Posted by Ashin dhamma at 5:50 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment