တာပေါ်လင် မိုးထားသည့် ဘတ်ဂျက်တဲ တခု
Handy Myanmar Youths အဖွဲ့က လေဘေးဒုက္ခသည်တွေ အတွက် ဝါးနဲ့ တာပေါ်လင် သုံး ဘတ်ဂျက်တဲ ဆောက်လုပ် နေကြစဉ်
စိုးအောင်ဆန်း | ဇွန် ၉၊ ၂၀၀၈
ဒီနေ့ မြန်မာပြည်သူတွေဟာ တာဝန်မဲ့ပြီး စိတ်စေတနာ ညံ့ဖျင်းတဲ့ အစိုးရ တရပ် အုပ်ချုပ်နေတဲ့ အမှောင်ခေတ်ထဲ ကနေ အခက်အခဲ ဒုက္ခမျိုးစုံကို ထပ်ဆင့် ကြုံတွေ့နေကြရပါတယ်။
ဒီအချိန်မျိုးမှာပဲ ပြည်သူထဲက ပြည်သူ အချင်းချင်း စာနာညှာတာစိတ်နဲ့ အပြန်အလှန် ရိုင်းပင်းကူညီရင်း ရှင်သန် နေကြရတာကို တွေ့မြင်နေရမှာပါ။
ဒီလို စာနာ ကူညီနေသူတွေဟာ အမှောင်ကို ထွန်းညှိနေ တဲ့ မီးအိမ်တွေပဲ မဟုတ်ပါလား…။
အဲဒီ အမှောင်ကိုထွန်းညှိ နေတဲ့ မီးအိမ်တွေထဲက Handy Myanmar Youths ဆိုတဲ့ မီးအိမ်တလုံး ထပ်မံ ထွန်းလင်းလို့ လာခဲ့ပါတယ်။
ကိုညီလင်းဆက်ဆိုတဲ့ မီးအိမ်ရှင်တဦးက နာဂစ် ဆိုင်ကလုန်း တိုက်ခတ်ပြီးလို့ တပတ်ခန့်အကြာမှာ လေဘေး ဒုက္ခသည်တွေရှိတဲ့နေရာတွေကို သွားရောက် ခဲ့ရင်း သူ့ရင်ထဲမှာ ဒုက္ခသည်တွေအတွက် အလင်းတန်း လေးတခု လင်းလက်လာခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ အလင်းတန်းကတော့ နာဂစ် ဒုက္ခသည်တွေတွေ့ကြုံခံစားနေရတဲ့ စားဝတ်နေရေး အခက်အခဲထဲက နေရေး ကိစ္စ အကူအညီပေးရေးပါပဲ…။
ဒုက္ခသည်တွေဟာ သူတို့ရဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် နေရေးအခက်အခဲတွေကို ပြောပြလာရာက သူတို့ အတွက် ဘတ်ဂျက်တဲ စီမံကိန်း ဖြစ်ပေါ်လာရတာပါလို့ ကိုညီလင်းဆက်က ပြောပြပါတယ်။
“ကျနော်တို့ စပြီး စိတ်ကူးရတာက ကျနော်တို့ ပစ္စည်းလေးတွေ သွားဝယ်ရင်းက၊ ကျနော်တို့ ဟိုး ရွာတွေထဲ အထိ ဆင်းတဲ့ အခါမှာ ဒုက္ခသည်က ၂ မျိုးတွေ့ရတယ်၊ တချို့က မြို့ပေါ်ရောက်သွားတယ်၊ တချို့က မုန်းတိုင်းစဖြစ် ကတည်းက နေရာ မှာပဲ၊ လုံးဝ မြို့ပေါ်မတက်ဘူး၊ သူတို့က လယ်ပြန်လုပ်ချင်တယ်၊ သူတို့ အဖြစ်တွေကိုလည်း အလုပ်ထဲမှာ မြုပ်ထားရင်း မေ့ပစ်ချင်တယ်ပေါ့၊ သူတို့မှာ နေစရာက မရှိဘူး၊ နေစရာရှိရင် သူတို့ လယ်ပြန်လုပ် ချင်တယ်ဆိုပြီးပြောပြတယ်”လို့ ကိုညီလင်းဆက်က ပြောပါတယ်။
အဲဒီ ဒုက္ခသည်တွေရဲ့ နေရေးကို ကူနိုင်ဖို့အတွက် ကိုညီလင်းဆက်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ စုစည်းမိကြပြီး Handy Myanmar Youths ဆိုတဲ့ အစုအဖွဲ့လေးတစု ဖြစ်ပေါ်လာရတယ်လို့လည်း သိရပါတယ်။
Handy Myanmar Youths အဖွဲ့က အင်အားမများပေမယ့် အင်ဂျင်နီယာ၊ ဘလော့ဂါနဲ့ နိုင်ငံခြား သဘောင်္သား စတဲ့ အားလုံး ဟာ ခေတ်ပညာတတ် လူငယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
၅ ဦးခန့်ရှိတဲ့ သူတို့အဖွဲ့မှာ ကိုညီလင်းဆက်ကတော့ ဘလော့ဂါ တဦးဖြစ်ပြီး အခု ဘတ်ဂျက်တဲ စီမံကိန်း ရဲ့ ဦးဆောင် သူတဦးလည်းဖြစ်၊ တဲပုံစံ ထုတ်သူလည်း ဖြစ်ပါတယ်။ သူက ဒီစီံမံကိန်း အတွက် သူအလုပ်လုပ်နေတဲ့ အိုင်တီ ကုမ္ပဏီ တခုမှ အလုပ်ထွက်ပြီး မြှုပ်နှံလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
ဘတ်ဂျက်တဲပုံစံနဲ့ ပတ်သက်ပြီး“တဲပုံစံက ကျနော် ဒီဇိုင်းဆွဲတာပါ၊ မော်လမြိုင် ခေါင်ချိုး လို့ခေါ်ပါတယ်၊ အဲဒီလိုမှ ပုံစံ လုပ်မပေးရင် သူတို့က ပုံစံ အမျိုးမျိုးလုပ်ကြမှာဆိုတော့ ကျနော်တို့က တယောက်ချင်းဆီကို လိုက်ပြီးတော့ ခွဲပြီးပေးလို့ မရဘူး”လို့ ကိုညီလင်းဆက်က ပြောပြပါတယ်။
Handy Myanmar Youths အဖွဲ့ဟာ လပွတ္တာ အောက်ဘက်ရှိ ရွာတွေကနေ သူတို့ စီမံကိန်းကို စတင်အကောင် အထည် ဖော်ခဲ့တာ အခုဆို လူ ၃ ဦးလောက် နေလို့ရတဲ့ အိမ်လုံးချင်း နဲ့ လူ ၁၀ ဦးကနေ ၁၅ ဦးခန့် နေ လို့ရတဲ့ စုပေါင်းအိမ်တွေကို တရွာမှာ အလုံး ၃၀ ကျော် ၄၀ နီးပါးအရေအတွက်ရှိတဲ့ ရွာပေါင်း ၅ ရွာ တပြိုင်တည်း ဆောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။
“ကျနော်တို့က ဘတ်ဂျက်က နည်းတော့ ဘတ်ဂျက်ထဲ ဝင်အောင်ဆောက်ရတာ၊ တချို့ရွာတွေဆိုရင်၊ ကုက္ကိုရွာ ဆိုရင် မိသားတစု အိမ်တလုံးပေါ့ ၊ တချို့ရွာတွေကျ မိသားစု တစုချင်းစီလိုက် ပြန်မဆောက်ပေးနိုင်ဘူး၊ သူတို့ကို ကျတော့ စုပေါင်းအိမ်တွေ ဆောက်ပေးထား တယ်၊ အိမ်တလုံးကို ဆောက်တာ တပတ် လောက်တော့ ကြာတယ်၊ အနည်းဆုံး ၁၀ ယောက်နဲ့ အများဆုံး ၁၅ ယောက်လောက် နေနိုင်တဲ့အိမ်က ၁၂ ပေ x ၁၈ ပေ အကျယ်၊ အမိုး အစွန်း အထွက်တွေ မပါ၊ မိသားစု လိုက်တွေ ဆောက်ပေးတဲ့ အိမ်က ၁၀ ပေ x ၁၂ ပေ အကျယ်ရှိတယ်”လို့ ကိုညီလင်းဆက်က ပြောပြ ပါတယ်။
Handy Myanmar Youths အဖွဲ့အနေနဲ့ ဘတ်ဂျက်တဲ တွေကို လပွတ္တာ မြို့နယ်ထဲက ကုက္ကို၊ ပြင်ကနူကုန်းရွာ (စလူဆိပ်အုပ်စု)၊ ကသင်ချောင်း၊ ကညင်တပင် ရွာ (ကညင်ကုန်းအုပ်စု)၊ ရခိုင်ကုန်းရွာ၊ သိုင်းချောင်း စတဲ့ ရွာတွေ မှာ ဆောက်လုပ်ပေးနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုညီလင်းဆက်က လောလောဆယ် သူတို့ဆောက်လုပ်နေတဲ့ အိမ်တွေနဲ့ပတ်သက်ပြီး“ကုက္ကို က ၃၉ လုံး၊ ကညင်တပင်က ၁၈ လုံး၊ ရခိုင်ကုန်းမှာ စုပေါင်းအိမ်ရာ ဆောက်ပေးဖို့ လောလောဆယ် ပြောထားတာက ၆ လုံး၊ သူတို့က မိသားစု တစုမှာ ၁ ယောက် ၊ ၂ ယောက်ပဲ ကျန်ခဲ့တာဆိုတော့ အိမ်တလုံးစီ ဆောက်မပေးနိုင်တော့ ဘူး၊ တရွာကို အိမ် ၃၉ လုံးလောက်ပြီးတာကတော့ ၂ ရွာရှိပြီ” လို့ ပြောပါတယ်။
ဘတ်ဂျက်တဲ စီမံကိန်းအတွက် လေဘေး ဒုက္ခသည်တွေရဲ့ ရွာတွေကို သွားရောက်လေ့လာရာမှာ တွေ့ကြုံရတဲ့ အခက်အခဲ တချို့ကိုလည်း ကိုညီလင်းဆက်က ပြောပြပါသေးတယ်။
“အခက်အခဲကတော့ သယ်ယူပို့ဆောင်ရေးပဲ၊ သူတို့က သမ္ဗန်ရော၊ လှေတွေရော တော်တော်များများ မြုပ် ကုန် ကြတယ်၊ ဈေးတွေကလည်း တက်နေတဲ့အခါကြတော့ ကျနော်တို့က လှေငှားပြီး ရွာတွေကို ဆင်းကြည့် ရတာနဲ့ တင် အကုန်အကျ အရမ်းများတယ်၊ နေဖို့ ထိုင်ဖို့ ခက်တယ်၊ အစစ အရာရာ ဈေးကကြီးနေတယ်၊ ရန်ကုန် ဈေးထက်၂ ဆ ရှိတယ်”လို့ သူက ပြောပါတယ်။
အဲဒီလို ရန်ကုန် ဈေးထက်၂ ဆခန့် ကြီးနေတဲ့အချိန်မှာ ဒုက္ခသည် မိသားတစုချင်းစီ နေလို့ရတဲ့ လုံးချင်း အိမ်လေး တွေရဲ့ ကုန်ကျစရိတ်က တလုံးကို ကျပ် ငွေ ၁ သိန်း ခွဲ ဝန်းကျင်လောက်ရှိပြီး အမိုးတာပေါ်လင်၊ ကြမ်းခင်း၊ အကာ တာပေါ်လင်နဲ့ အနည်းဆုံး တနှစ် နေလို့ရအောင် ခိုင်ခိုင်မာမာ ဆောက်လုပ်ထားတာဖြစ်တယ် လို့လည်း သိရပါတယ်။
“ကျနော်တို့က အမိုး အကာ ကြမ်းခင်း ပြီးတော့ သံ၊ ကြိုး အိမ်ဆောက် ပစ္စည်း စတာတွေကို အဲဒီမှာ ရှိတဲ့မိသားစု တစုချင်း စီအတွက် သူတို့ လိုအပ်တာတွေကို ကျနော်တို့က ပံ့ပိုးပေးပါတယ်၊ အစိုးရက ဆောက်ပေးတဲ့ ဝါးတဲက ၃ သိန်းလောက် ကျတယ်၊ ကျနော်တို့က ရွာသားတွေနဲ့သွားလုပ်တဲ့ ဘတ်ဂျက်တဲက ၁ သိန်း ခွဲ ပျမ်းမျှပေါ့” လို့ ကိုညီလင်းဆက်က ဆိုပါတယ်။
အဲဒီဘတ်ဂျက်တဲ စီမံကိန်း အကောင်အထည်ဖော်ရာမှာ အချိန်မကြံ့ကြာအောင် သူတို့ အဖွဲ့က ရွာသား တွေရဲ့ လုပ်အား အကူကိုပါ ရယူတယ်လို့လည်း သိရပါတယ်။
“အိမ်တိုင်တွေကို သူတို့ ကိုယ်တိုင် ထောင်ခိုင်းပါတယ်၊ အမှန်တကယ်က ကျနော်တို့ သူတို့ကို အိမ်တိုင်တွေပါ ပေးဖို့ စီစဉ်ထားတာပါ၊ ဒါပေမယ့် ရွာပျက်ပြီး ကျန်ခဲ့ပေမယ့် သူတို့ ဆီမှာ ရေနစ်ပြီးကျန်ခဲ့တဲ့ နဂိုသစ်တွေ အကုန် ရှိနေတယ်၊ အဲဒီလို သူတို့ကို အိမ်တိုင်ထောင်ခိုင်းတော့ မဖြစ်မနေ မြန်မြန်ပြီးတယ်၊ ကျနော်တို့ အကုန်ပံ့ပိုးပေး တာကိုစောင့် နေတဲ့ အခါကျတော့ သူတို့ ၁၀ ရက် ၁၅ ရက် နဲ့ မပြီးဘူး”လို့လည်း ကိုညီလင်းဆက်က သူ့အတွေ့ အကြုံကို ပြောပြပါသေးတယ်။
ဒုက္ခသည်တွေက ပုံမှန်အားဖြင့် သူတို့ရဲ့ ရွာဟောင်းမှာ ပြန်နေချင်ကြတယ်၊ သူတို့ မြေနေရာမှာပဲ သူတို့အိမ်လေး တွေနေရာမှာ သူတို့ ပြန်ဆောက်နေချင်ကြတယ် ဆိုပေမယ့် မိသားစု နည်းသူတွေကို စုပေါင်း အိမ်ဆောက်ပေး ဖို့သာ စီမံကြရတယ်လို့ သူက ဆိုပါတယ်။
“တချို့ မိသားစုမှာ တယောက် ၂ ယောက် လောက်ပဲ ကျန်တယ်၊ ဒါပေမယ့် ကျနော်တို့က တချို့ဟာတွေကို သူတို့ကို ပြောပြရတယ်၊ လေအရမ်းတိုက်တဲ့ ဘက်ဆိုပါတော့ ဒါမျိုးဆို ကျနော်တို့က လေကွယ်ရာ အရပ်မှာ ဆောက်သင့်တယ်ပေါ့၊ အဲဒီလိုပြောရင်းနဲ့ မြေပိုင်ရှင်နဲ့လည်း အဆင်ပြေတယ် ဆိုရင်၊ သူတို့ အတွက် စုပေါင်းအိမ် ဆောက်တဲ့ အခါမျိုးဆိုရင် မြေရာကို သေချာညှိနှိုင်းပြီး ကျနော်တို့ လုပ်ပေးပါတယ်”လို့ ကိုညီလင်းဆက်က ရှင်းပြ ပါတယ်။
အဲဒီ ကိုညီလင်းဆက်တို့ရဲ့Handy Myanmar Youths အဖွဲ့ဟာ ဘတ်ဂျက်တဲစီမံကိန်းကို သူတို့ ဘာသာ တနိုင် တပိုင် လုပ်ကိုင်နေရင်း အခုအခါ ပြည်တွင်းပြည်ပက ကူညီလှူဒါန်းသူတွေလည်း ပါဝင်လာပြီလို့ သိရပါတယ်။
အခုဆိုရင် မြန်မာပြည်တွင်းမှာ နာရေးကူညီမှုအသင်း၊ အဖြူရောင် သက်တံ၊ Online donation စတဲ့ အဖွဲ့တွေလို တချို့ အမည်ပေးမထားတဲ့ လူမှုစောင့်ရှောက်ရေးအဖွဲ့တွေ များစွာပေါ်ပေါက်လာကြပြီဖြစ်ပါတယ်…။
ဒါဟာဖြင့် အစိုးရဆီက မရတာတွေထဲက တခုဖြစ်တဲ့ ပြည်သူကြားမှာ ထွန်းလင်းလာတဲ့ ဗြဟ္မစိုရ်တရားပဲ မဟုတ် ပါလား…။
ဒါဟာဖြင့် အမှောင်ကို ထွန်းညှိမယ့် မီးအိမ်တွေ ထွန်းလင်းလာတာပဲမဟုတ်ပါလား….။
အဲဒီလို မီးအိမ်ပေါင်းများစွာ ဆက်လက် ထွန်းလင်း တောက်ပနိုင်ပါစေ … ။ ။
ဧရာဝတီမှတင်ပြသည်။
Monday, June 9, 2008
အမှောင်ကို ထွန်းညှိနေတဲ့ မီးအိမ်ရှင်များ …
Posted by Ashin dhamma at 4:10 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment