Friday, June 13, 2008

ဆန်အိုးကြီး ပြည့်ပါ့မလား



အေးချမ်းမြေ့ | ဇွန် ၁၃၊ ၂၀၀၈

နာဂစ်မုန်တိုင်းက အပျက်အစီးများ၊ ဝမ်းနည်းကြေကွဲမှုများ၊ ဒဏ်ရာများကို ချန်ထား ရစ်ခဲ့ပြီး ပြန်ထွက်သွားသည်မှာ ၁ လ ကျော်ကြာခဲ့ပြီ။

သို့သော်လည်း ထိတ်လန့်တုန်လှုပ်စရာ အဖြစ်အပျက်ကြီးကို ကာယကံရှင်များ ဘယ်လိုမှ မမေ့နိုင်သေး။ ခုပြန်တွေး ခုချောက်ချားမိသည်မှာ ကာယကံရှင်မပြောနဲ့ ကျမတို့လို ကြားသတင်းဖြင့် မှန်းဆစိတ်ကူးရသူများအတွက်ပင် အချိန်တိုင်း သစ်နေဆဲ ဖြစ်သည်။

စစ်အစိုးရက ဘယ်လိုပဲ ကူပါတယ် ပြောပြော၊ ယူအန်အပါအဝင် အန်ဂျီအို အမျိုးမျိုးက ဘယ်လိုထောက်ပံ့တယ် ဆိုဆို တကယ့်တကယ် ခံခဲ့ရသော နေရာများကို အပြည့်အဝ ကူညီ ကယ်တင်မှုများ မရောက်တာကတော့ သေချာလှသည်။

အဲဒီလို မရောက်နိုင်သောနေရာများကို ပြည်တွင်းက စေတနာရှင် အလှူရှင်များက ကိုယ့်စရိတ်နှင့်ကိုယ် ရှာဖွေကာ တတ်နိုင်သမျှ သွားပေးကြသည်။ နည်းမျိုးစုံဖြင့် လှူဒါန်း ကြသည်။ အစားအသောက်၊ အဝတ်အထည်၊ အိုးခွက် ပန်းကန်၊ စောင်၊ ခြင်ထောင်မှ စ၍ အသုံးအဆောင် အမျိုးမျိုး သွားပေးသူများရှိသလို။ အမိုးအကာအထိ တာဝန်ယူဆောင် ရွက်ပေးနေကြသည်။

ပြည်တွင်းအလှူရှင်များ၏ ထောက်ပံ့မှုက ဘယ်လောက်ထိရောက်သည်ဟု သေချာပေါက် မပြောနိုင်သော်ငြားလည်း။ မိမိလက်ဖြင့် လိုအပ်သူတို့၏ လက်သို့ တိုက်ရိုက် ပေးလိုက် ရသောကြောင့် ရရှိသွားသူတို့မှာ အထိုက်အလျောက် အဆင် ပြေသွားသည်ဟု ဆိုရမည် ဖြစ်သည်။ ပေးသူလည်းကြည်နူးရ၊ လက်ခံရသူလည်း ကျေနပ်ရသည်။

သို့သော် ခုလို တလကျော်ကြာလာပြီဆိုတော့ ကူသူကယ်သူများကော လှူသူများပါ စိတ်ညောင်း လက်ညောင်း ဖြစ်ကုန်ပြီ။ တချို့လည်း လက်ပန်းကျ၊ လက်အံသေ ကုန်ပြီထင်သည်။

“ကူညီမယ့်သူတွေ နည်းကုန်တာမဟုတ်ဘူး အမ။ ရှိကိုမရှိတော့တာပါ။ ကူမယ့်သူတွေ ကိုယ်နှိုက်ကလည်း အားနည်းလာ ပြီထင်ပါရဲ့ အမရယ်” ဟု ကျမကို ကွမ်းခြံကုန်းသား သတင်းစာ ဆရာလေး တဦးကပြောပြသည်။ သူပြောသလိုလည်း ဖြစ်နိုင်ပါသည်။ မြန်မာ နိုင်ငံ၏ စီးပွားရေးအခြေအနေကိုက ဘယ်လိုမှမကောင်းသည့် အနေအထားလေ။ ပေးလို သူတို့ မှာလည်း စိတ်တခုတည်း ရှိရုံဖြင့်မရ။ ရုပ်ဝတ္ထုပစ္စည်းကလည်း လိုသေးသည် မဟုတ်လား။

သတင်းစာ ဆရာလေးပြောသလို လုံးဝမရှိတော့တာတော့မဟုတ်ပါ။ လှူဒါန်းသူတို့ ရှိနေပါသေးသည်။ နည်းသွားတာသာ ဖြစ်၏။ ခုနောက်ပိုင်းမှာတော့ လက်ရှိစားသောက်ဖို့ လှူသူများရှိသလို ရေရှည်အတွက် လှူသူများ ပိုများလာသည်ဟု သိရသည်။ ပုံစံတူတဲများ လှူဒါန်းသည့် အဖွဲ့တဖွဲ့အကြောင်းကိုလည်း သတင်းတပုဒ်တွင် ဖတ်လိုက်ရသည်။

“ဒီတခါတော့ ကျနော်တို့က ရေရှည်အတွက် လှူမယ်လို့ စဉ်းစားတယ်ဗျ။ အရင်အပတ်က သွားခဲ့ပြီး ကြည့်ခဲ့တဲ့ ရွာတွေကို မျိုးစပါးရယ်၊ လက်တွန်းထွန်စက်ရယ်၊ မောင်းဖို့ ဒီဇယ် ဆီရယ် ဝမ်းဆက် လှူကြမှာ” ဟု ကိုအောင်စန်းဝင်းက ကျမကို ပြောပြသည်။ ကိုအောင်စန်းဝင်းမှာက သန်လျင်နှင့် သုံးခွကြားက ရွာတရွာမှာ ဆန်စက်ရှိသည်။ သူက မျိုးစပါး တင်း ၁၀၀ လှူမည်ဟု ပြောသည်။

သူတို့ သူငယ်ချင်းတစု ယခင်အပတ်က ရှေ့ပြေးသဘောမျိုး အစားအသောက်များလည်း လှူရင်း သွားလည်းလေ့လာရင်း ကြည့်ခဲ့သည့် လပွတ္တာ မြို့နယ်အတွင်းမှ ရွာ ၈ ရွာရှိသည်။ အဲဒီရွာတွေက ယခင်က စည်ပင်ဝပြောခဲ့သည့် ချမ်းသာသော ရွာများ ဖြစ်သည်။ ခုတော့ ဘာဆိုဘာမှ မကျန်ခဲ့တော့။

မြစ်ပေါက်အုပ်စု ဟုခေါ်သော သဲကုန်းရွာမှာ လူဦးရေ ၃၀၀ အထက်သေဆုံးသည်။ အခု လူ ၅၀၀ ကျော်ကျန်သည်။ ကန်ညီနောင်ရွာတွင်တော့ လူ ၃၀ ကျော် သေသည်တဲ့။ ထန်းပင်ချောင်းရွာတွင် လူ ၇၀၀ ကျော်ရှိရာ ခု ၂၀၀ နီးပါးသာ ကျန်တော့သည်ဟု ကိုအောင်စန်းဝင်းက ပြောပြသည်။

“အဲဒီ ထန်းပင်ချောင်းမှာ မိန်းမက ၇ ယောက် ကလေးက ၂ ယောက်ပဲ ကျန်ခဲ့တယ်။ ကျန်တာ ယောက်ျားကြီးတွေချည်းပဲ” ဟု သူက ပြောပြ၏။

ငှက်သိုက် ဆိုသည့်ရွာတွင် လူ ၅၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်သေသည်။ ရေတွင်းကုန်းရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိရာ ၁၂၀ ကျော်သေသည်။ စစ်ကုန်းရွာတွင် လူ ၁၅၀ ရှိသည့်အနက် ၃၀ ကျော်သေသည်။ ညောင်ချောင်းခေါ် ဆတ်ချောင်းရွာတွင်တော့ လူ ၁၀၀ ကျော် သေသည်ဟုသိရသည်။

“ဘီတွတ်ကျေးရွာကတော့ အစက ဘယ်လောက်ရှိလည်းမသိဘူး သေတာ ၁၅၀၀ ကျော်တယ်လို့ ပြောတယ်” ဟု ကိုအောင်စန်းဦးက ဆက်ပြောသည်။ ထိုရွာ ၈ ရွာတွင် ကျန်ရစ်သူတို့က မိုးဦးအမီ စပါးစိုက်ချင်သည်ဟု သူတို့ကို ပြောလိုက်ရာ ယခုလို သူတို့ စီစဉ် ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

မျိုးစပါးက တင်း ၁၀၀ လျင် ကျပ် ၅ သိန်းကျသည်။ ထိုဈေးက ပုံမှန်ဈေးတော့မဟုတ်။ လှူဒါန်းရန် ဆိုသောကြောင့် ရရှိခြင်းဖြစ်သည်။ တကယ့်ပုံမှန်ဆို ၇ သိန်း၊ ၈ သိန်းခန့် ရှိမည်တဲ့။ တင်း ၁၀၀ ဆိုလျှင် ဧက ၁၀၀ စိုက်လို့ရမည်။ ဒေသခံများက ထို တင်း ၁၀၀ စိုက်လိုက်လျင် နောက်နှစ်အတွက် ဝမ်းစာစပါးနှင့် မျိုးစပါးအတွက် မပူရတော့ကြောင်း ပြောသည် ဆို၏။

“ကျနော်တို့ သူငယ်ချင်း အုပ်စုက အယောက် ၂၀ လောက်ရှိတယ်။ ကိုယ့်ဘာသာ ထည့်ကြတာကော နီးစပ်ရာ အလှူခံ တာကော နောက်ပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေကလည်း ပို့ပေးတယ်” ဟု ကိုအောင်စန်းဝင်းက ဆက်ပြောသည်။

ကိုအောင်စန်းဝင်းက စပါး တင်း ၁၀၀ မတည်လိုက်တော့ ကျန်သည့် သူငယ်ချင်းများ စိုက်ဝင်ငွေဖြင့် လက်တွန်း ထွန်စက် နှင့် ဒီဇယ်ဆီ ဝယ်နိုင်ခဲ့သည်။ လက်တွန်းထွန်စက်က တစီးကို ကျပ် ၆ သိန်းဖြစ်သည်။ လက်တွန်းထွန်စက် ၅ စီးရသည်ဟု ပြောသည်။

“တရွာကို လက်တွန်းထွန်စက် ၁ လုံးတော့ ပေးချင်တယ်။ ဒါပေမယ့် မပေးနိုင်သေးလည်း မျှပြီး သုံးရမှာပေါ့” ဟု သူက ဆိုသည်။ လက်တွန်းထွန်စက်များကို ကုမ္ပဏီက ဝါးခယ်မ အရောက်ပို့ပေးမည်တဲ့။ လပွတ္တာ မြို့နယ်ထဲက ရွာများဆို သော်လည်း ဝါးခယ်မဘက်က သွားရသည်ဟု သိရသည်။

လက်တွန်းထွန်စက်က လူတယောက်မောင်းလျင် တနေ့ ၄၊ ၅ ဧက ပြီးသည်။ သို့သော်လည်း အပြီးအစီးထွန်ပြီးချင်းတော့ မဟုတ်။ တခြား မြေလှန်ခြင်းအပြင် အဆင့်ဆင့် ၂ ရက် ၃ ရက် ပြန်လုပ်ရသေးသည်ဟု ကိုအောင်စန်းဝင်းက ပြောပြသည်။ သူတို့က လယ်ယာများလည်း ရှိသောကြောင့် နားလည်သည်။

ဒီဇယ်ဆီကတော့ ၁ ပီပါကို ကျပ် ၃ သိန်းခွဲနှင့် ၄ သိန်းကြားမှာရှိသည်။ ထွန်စက် ၁ လုံးကို ၁ ရက်စာအတွက် ၂ ဂါလန် အနည်းဆုံးကုန်ကျမည်ဟု သိရသည်။ ထိုဒေသမှာ တနှစ်စာ အတွက် ထွန်ယက်ဖို့ဆိုလျင် အနည်းဆုံး ဒီဇယ် ပီပါ ၅ လုံးတော့ ဝယ်ရမည်။

မေ ၃၁ ရက်နေ့က စတင်ပြီး စစ်အစိုးရက လပွတ္တာ မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်း များကို ထွန်စက်များ၊ ကျွဲနွားများ ပေးပို့သော်လည်း ပမာဏအားဖြင့် ဆယ်ဂဏန်းခန့်သာ ရှိကြောင်း ၎င်းဒေသသို့ ရောက်ရှိနေခဲ့သော ဧရာဝတီ သတင်းထောက်က ပြောသည်။

တောင်သူလယ်သမားများကတော့ ဘယ်လောက်ပဲ ဒုက္ခရောက်ခဲ့သည်ဆိုဆို အချိန်တန် မိုးရွာသည်နှင့် စပါးစိုက်ချင်ကြ ပေလိမ့်မည်။ ဘိုကလေး၊ ဖျာပုံခရိုင်ဘက်မှ စက်ဆန်းရွာ ဆိုလျင် ရေငန် အနည်းငယ်သာ ဝင်ရောက်ခဲ့ သောကြောင့် မျိုးစပါးနှင့် ထွန်စက်သာရလျင် လယ်ပြန်စိုက်နိုင်မည်ဟု ဒေသခံများက ပြောသည်။

“အစိုးရက ပေးတာကတော့ ထွန်စက်ပမာဏက အရမ်းနည်းပါတယ်။ ခုကြားရ သလောက်က ရယက ဥက္ကဌ တွေပဲရတယ် တဲ့။ သူကပိုက်ဆံစိုက်ထားရတာကိုး။ အဲဒီလောက် ပမာဏနဲ့တော့ ဘာမှ လုပ်လို့ မရနိုင်ဘူး” ဟု ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။

ဧရာဝတီတိုင်းရှိ လယ်မြေတော်တော်များများတွင် ရေငန်များ တင်ကျန်နေသေး သဖြင့် ထွန်ယက်၍ မရနိုင်သေးဘဲ ထိုရေငန်များ ကျသွားလျင်ပင် ဆားကျင်းများ ကျန်ခဲ့မည် ဖြစ်သောကြောင့် လယ်မြေများကို စိုက်ပျိုးနိုင်ရန် အချိန် အတော်ကြာ ပြုပြင်ယူရမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီဒေသက စပါးက ရေငန်ထိရင် သေကုန်တာပဲ။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂက ဒီဧရာဝတီတိုင်းက ရေငန်ဝင်ခဲ့တဲ့ မြေကြီးတွေကို ခြောက်နှစ်လောက် ပြန်ပြုပြင်ယူမှ ပုံမှန်အခြေအနေ ပြန်ရောက်မယ်လို့ ပြောခဲ့တာ” ဟု သူက ဆို၏။

ဧရာဝတီတိုင်းကို မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ ယခုကာလ မေလ နှင့် ဇွန်လတို့မှာ ဧရာဝတီတိုင်း ၏ နာမည်ကျော် မျိုးကောင်း နှစ်ရှည်စပါး စတင် စိုက်ပျိုးရမည့် ရာသီဖြစ်သည်။ သို့သော် နာဂစ် ဆိုင်ကလုံးက ၎င်းဒေသ၏ အရည်အသွေး မြင့် စပါးစိုက်ဧကအားလုံးနီးပါးကို ဖျက်ဆီးပစ်လိုက်သည်။

ယခုအခါ အရည်အသွေးမြင့် ဆန်များ၏ ဈေးနှုန်းမှာ ၂ ဆနီးပါးခန့် မြင့်တက်ခဲ့ပြီ ဖြစ်ကြောင်း ဘုရင့်နောင်ဆန်ပွဲရုံပိုင်ရှင် တဦးက ပြောပြသည်။ တတင်းဝင် ပေါ်ဆန်းမွှေး ဆန်တအိတ်ကို ယခင်က ၂၃၀၀၀ ကျပ် ရှိခဲ့ရာမှ ယခုအခါ ၃၉၈၀၀ ကျပ် အထိ မြင့်တက် ရောင်းချနေရပြီဟု ဆိုသည်။

ရန်ကုန်နေ ပြည်သူများအနေနှင့် နေ့စဉ် ဆန်အိတ်ပေါင်း ၆ သိန်း စားသုံးနှုန်းရှိရာ ထိုဆန် ပမာဏ၏ ၇၅ ရာခိုင်နှုန်းမှာ ဧရာဝတီတိုင်းမှ တင်သွင်းသော ဆန်များဖြစ်သည်။

“ခုအခြေအနေအရဆိုရင် သေချာတာကတော့ ဆန်ပေါ်ချိန် တော်သလင်းလလောက်မှာ မြန်မာနိုင်ငံမှာ အကြီးအကျယ် ဆန်ပြတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု ဦးမြတ်လှက သုံးသပ်သည်။

မေ ၂၅ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးစိုးသာက နာဂစ်ဆိုင်ကလုံးကြောင့် အမေရိကန်ဒေါ်လာ ၂၂၀.၇၈ တန်ဖိုးရှိ ဓာတ်မြေသြဇာများ၊ မျိုးစပါးများ အပါအဝင် လယ်ယာသုံးကုန်ပစ္စည်း များ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် စပါးစိုက်ဧက သန်း ၂၀ ရှိသည့်အနက် ဆိုင်ကလုံးကြောင့် ဧက ၂.၄ သန်းခန့် ပျက်စီးခဲ့ရာ ၁၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း ကြေညာခဲ့သည်။

“မြန်မာလူမျိုးကတော့ မရှိရှိတာနဲ့ ဖြစ်အောင်ထလုပ်မယ်ဆိုတဲ့လူမျိုးဟ။ တခြားလူမျိုး တွေလို လာမကူညီရင် ဘာမှ မလုပ်တော့ဘဲ ငုတ်တုတ်ထိုင်အော်နေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် သနားစရာ အရမ်း ကောင်းတယ်ဟာ။ အစိုးရက ဒီလောက် ကြီးတော့ လျစ်လျူရှု မထားသင့်ဘူး” ဟု ပြောခဲ့သော ကျမ သူငယ်ချင်းတယောက်၏ စကားသံကို ပြန်လည် ကြားယောင်မိသည်။ အဲဒီသူငယ်ချင်းက ဘိုကလေး ဘက်က ရွာများသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့တဖွဲ့နှင့် လိုက်ပါသွားသူဖြစ်သည်။

ကိုအောင်စန်းဝင်းတို့လို ရေရှည်အတွက် ကူညီသူတွေ ရှိနေသော်လည်း အင်နှင့်အားနှင့် မဟုတ်သောကြောင့် ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေလိမ့်မည်။ မြန်မာနိုင်ငံ၏ စပါးကျီ ကြီးကို ပြန်ဖြည့်ဖို့ ဆိုလျင်တော့ တာဝန်အရှိဆုံးဖြစ်သည့် အစိုးရက အင်နှင့်အားနှင့် ဖြည့်ဆည်းပေးမှ ရလိမ့်မည်။ ။

ဧရာဝတီမှတင်ပြသည်။

0 comments: