7/06/2008
ကုလသမဂ္ဂအနေဖြင့် သံတမန်ရေးနည်းလမ်း များဖြင့် ဗမာစစ်အစိုးရကို စည်းရုံးစွဲဆောင်နေခဲ့သည်မှာ ကာလပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီ။ကိုယ်စားလှယ်ပေါင်းများစွာ ကိုလည်း စေလွှတ်ကြိုးပမ်းခဲ့ပြီးပြီ။သံတမန်သုံး စကားလုံးလှလှ များဖြင့် သူတို့  မည်သို့  ပြောနေစေကာမူ ပြည်သူလူထုအနေဖြင့် မလာခင် နှင့် လာပြီး ဘာမှထူးခြားလာမည် မဟုတ်သည့် ထူးမခြားနား ဇာတ်ကို သိထားခဲ့ကြပြီ။ ဗမာ့ပြည်အရေး ကုလသမဂ္ဂ ၏ စွမ်းဆောင်မှုကား နတ္ထိ။ကုလအနေဖြင့် အုံ ကြွမှုအတွင်း သေဆုံးခဲ့ရသူ ဦးရေကိုပင် မသိခဲ့ကြ။
ထိုစဉ်ကတည်းကပင် ကျွနုပ်တို့ အနေဖြင့် ကုလသမဂ္ဂ ကျဆုံးခန်း ကို အကြီးအကျယ် စိတ်ပျက်ကြရသည်။ကုလ သည် တရုတ်နှင့် ရုရှားကို အံတုဖက်ပြိုင် ရန် သေမတတ်ကြောက်သည်။တရုတ်နှင့် ရုရှားက မဲပြီဟေ့ ဆိုလျင် ကုလက ဘယ်သောအခါမှ ဖြူအောင် မတတ်နိုင်ခဲ့။ တရုတ်နှင့် ရုရှားအလိုကို သာ ကျိုးနွံ စွာလက်ခံခဲ့ ကြသည်ချည်း။
ကုလအကြီးအကဲတို့ အနေဖြင့်၊ ဗမာစစ်အစိုးရကို သည့်ထက်ထိရောက်ပြင်းထန်သော အဓိပ္ပါယ်ရှိသော ဝေဖန်ဆန်းစစ်ချက် တစုံတရာကို မပေးနိုင်ကြတော့ပြီလော။ ဒီမိုကရေစီ အခြေခံသော နိုင်ငံတခု အသွင်သို့ မြန်မာနိုင်ငံ ကူးပြောင်းနိုင်ရန် သူတို့ မှာ အစွမ်းအစ မရှိ။ သို့ ဆိုမူ သူရဲဘောကြောင်သူ တို့ ၏ လက်ဝယ်မှ ကမ္ဘာကြီးကား ကြီးစွာသော ကပ်ဆိုက်ပေတော့မည်။
သည်မျှ ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်းခံနေရသော ဗမာပြည်သူတို့ ၏အဖြစ်ကို တကမ္ဘာ လုံးမျက်ဝါးထင်ထင် မြင်နေရပါလျက် ပွဲကြည့်ပရိသတ်အဖြစ် လက်ပိုက်ကြည့်နေကြခြင်း ကားအံ့ဖွယ်တည်း။ ဗမာပြည်သူတို့ တွင် သူများနည်းတူ လက်နက်မရှိ၊ထိရောက်စွာ ကူကယ်မည့်သူမရှိ။ အများလိုပင် လွတ်လပ် စွာ ရပ်တည်နေ လိုစိတ်ပြင်းပြနေကြသည်။
ပါဏာတိပါတာ ကံကိုစောင့်ထိန်းကြသော မြန်မာဗုဒ္ဓဘာသာရဟန်းတော်များပင် အမေရိကန်နှင့်ပြင်သစ်တို့ အနေဖြင့် အင်အားသုံးဝင်ရောက် ကူညီစေချင်စိတ်ပြင်းပြကြသည်။ အသို့ ကြောင့်နည်း ဟူမူ ဗမာပြည်သူများ ဝဝလင်လင် အသက်ဆက်ရှင်စေလိုသောကြောင့်တည်း။
စစ်အစိုးရ ၏ တဗိုလ်တမင်း၊ မင်းတြားကြီးလမ်းစဉ် စွန့် လွတ်ရေးအတွက် ကုလ၏သံတမန်ရေး စည်းရုံးစွဲဆောင်နည်းများကား အချည်းအနှီးပင်။ ဘုရားရှင် ကိုယ်ထင်ပြ၍ ဟော၊ချေချွတ်သော်လည်း၊ စစ်အုပ်စုကား ကျွတ်လမ်းမြင်မည်မဟုတ်ချေ။
ဗမာစစ်အစိုးရကား သူတို့ ကိုယ်သူတို့ အကောင်းဆုံးလှည့်ဖျား နိုင်သူများအဖြစ် ထင်မှတ်ထားကြသည်။ နောက်တနေ့ လှည့်ဖျားဖို့ လည်း ဆုံးဖြတ်ပြီးသားဖြစ်နေကြပြီ။ ဗမာစစ်အုပ်စုကို အောင်နိုင်ရေးမှာ လက်နက်မပါပဲ မဖြစ်နိုင်သည်ကို အားလုံး သတိမူသင့်သည်။ လက်နက်နဲ့တိုက်မှသာ နိုင်မည်။ ဘန်ကီမွန်း ၏ သဘောထားမှန် ကား အသို့ နည်း။ သံရေးတမန်ရေး လှည့်ဖျားနေယုံသက်သက် ဖြစ်ကြောင်းထင်ရှားနေပြီ မဟုတ်လော။ ထိုသို့ ဆိုလျှင် သံတမန် ကစားပွဲတွင် ကျွနုပ်တို့မည်မျှ ထပ်၍သေပေး ရဦးပါမည်နည်း။
အရှင်မေတ္တာဘလောဂ်မှတင်ပြသည်။
Saturday, June 7, 2008
သံရေးတမန်ရေး ဟန်ရေးပြကစားကွက်တွေအတွက် နောက်ထပ် လူတွေ ဘယ်လောက်သေပေးရအုံးမှာလဲ
Posted by Ashin dhamma at 9:31 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment