Tuesday, June 10, 2008

ဗမာပြည် နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ဆုတောင်းပွဲနှင့် လှူဒါန်းပွဲ ကျင်းပ






ဂျိုဟောမြို့၊ မလေးရှားနိုင်ငံ (၀၈၊ ၀၆၊ ၂၀၀၈)
ဗမာပြည် နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ဆုတောင်းပွဲ၊ လှူဒါန်းပွဲနှင့် အမျှအတန်းပေးဝေပွဲကို ယနေ့ညနေ ၆-နာရီတွင် မလေးရှားနိုင်ငံ၊ ဂျိုဟောမြို့ရှိ “ရိုးမ စားသောက်ဆိုင်” ၌ ကျင်းပခဲ့သည်။ မူလက အစည်းအဝေးကို ဒေသာချန်မလင်းရှိ ဘောလုံးကွင်းတွင် ကျင်းပရန်စီစဉ်ထားသော်လဲ အခက်အခဲအမျိုးမျိုးကြောင့် ရိုးမစားသောက်ဆိုင်တွင် ကျင်းပလိုက်ရကြောင်းလည်း သိရသည်။
ဤပွဲတွင် ဂျိုဟောဆရာတော်အပါအ၀င် ဆရာတော် (၃) ပါးတို့က “အချင်းချင်း ညီညွတ်ကြရန်၊ မိမိတို့ ရည်ရွယ်ချက်ကောင်းများ မပျောက်စေရန်နှင့် မုန်တိုင်းဒဏ်ခံ ပြည်သူများကိုလည်း တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးကြရန် စသည့်..” သြ၀ါဒစကားများ အသီးသီး မိန့်ကြားခဲ့ကြသည်။
အခမ်းအနားသို့ မလေးရှားရောက် ရွှေမြန်မာများအပြင် စင်္ကာပူနိုင်ငံမှ ပြည်ပရောက် မျိုးချစ်မြန်မာများ (O B P) အဖွဲ့မှလည်း တက်ရောက်ကာ ၄င်းတို့၏အတွေ့အကြုံများကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် မလေးရှားရောက် စေတနာရှင်များက အလှူငွေ မလေးရှားရင်းဂစ် ၃၀၀၀/ ခန့်နှင့် အ၀တ်အထည်များ၊ အစားအသောက်များကို လှူဒါန်းကြသည်။
ဆက်လက်၍ သံဃာတော်များ ဦးဆောင်ကာ တက်ရောက်လာကြသည့် ပရိသတ်တို့က နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားသူများ ကောင်းရာသုဂတိရောက်စေကြောင်း၊ မုန်တိုင်းကြောင့် အသက်မသေပဲ ကျန်ရစ်သူများနှင့်တကွ ဗမာပြည်သူပြည်သားများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးကြစေရန် မေတ္တာသုတ် ပရိတ်တရားများ ရွတ်ပွားခဲ့ကြကြောင်းလည်း သိရှိရသည်။
အခမ်းအနားပွဲအပြီးတွင် ကြွရောက်လာကြသော ပရိသတ်တို့အား မုန့်ဟင်းခါးနှင့် အအေးများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။



0 comments: